ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားမည်

မကြာမီ တရုတ်နိုင်ငံသို့ သွားရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံက နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့်ကြိုဆိုဖွယ်ရှိသည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းစာက ရေးသားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း တရုတ်သမ္မတနှင့် ဝန်ကြီးချုပ်တို့နှင့်လည်း တွေ့ဆုံမည်ဟု သတင်းစာက ရေးသားထားသည်။

နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ရက်သတ္တပတ်တွင် တရုတ်နိုင်ငံသို့ လေးရက်ကြာခရီး သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ဘေဂျင်းမြို့သို့ သြဂုတ် ၁၇ ရက်နေ့တွင် ရောက်ရှိမည်ဟု မြန်မာနိုင်ငံတော် သမ္မတရုံးက အတည်ပြုထားပြီးဖြစ်သည်ဟု သတင်းစာက ရေးသားထားသည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အာဆီယံပြင်ပနိုင်ငံတစ်ခုသို့ ပထမဆုံး သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။

မတ်လအတွင်းတွင် နိုင်ငံတော် အာဏာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက လွှဲပြောင်းရယူပြီးချိန်မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံကလည်း ဖိတ်ကြားထားပြီးဖြစ်ကာ သမ္မတဘားရတ်အိုဘားမား ရာထူးမှ အနားမယူမီ အမေရိကန်နိုင်ငံသို့ သွားရောက်ဖွယ်ရှိသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံသို့လည်း သွားရောက်ရန် ဆန္ဒရှိနေသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ဇွန်လအတွင်းက ၎င်းသည် အတိုက်အခံခေါင်းဆောင်အဖြစ် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် အခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အကြောင်းအရာပေါင်းစုံကို ဆွေးနွေးဖွယ်ရှိသည်ဟု Global Times က ရေးသားထားသည်။

“ခေါင်းဆောင်တွေအနေနဲ့ မြစ်ဆုံလို စီမံကိန်းတစ်ခုချင်းစီအတွက် သီးခြား ဆွေးနွေးစရာ မလိုအပ်ပါဘူး။ နှစ်နိုင်ငံချစ်ကြည်ရေးက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေသရွေ့တော့ ကိစ္စရပ်တွေအများကြီးကို တစ်ဖြေးဖြေး ဖြေရှင်းသွားနိုင်မှာပါ” ဟု နန်ကျင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခ Ji Qiufeng က Global Times ကို ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ မြောက်ဘက်ပိုင်းက အိမ်နီးချင်းနိုင်ငံအဖြစ်နဲ့ တရုတ်နိုင်ငံက အမေရိကန် မတတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီပေးနိုင်တယ်ဆိုတာ မြန်မာနဲ့ တရုတ်ခေါင်းဆောင်တွေ သိထားကြပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သြဂုတ် ၃၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ သွားရောက်ခြင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် တရုတ်နိုင်ငံ၏ ကူညီမှုများက အရေးပါကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။

ပြီးခဲ့သည်လက လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာတိုင်း(မ်)က ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar