နိုဝင်ဘာ ၁
ဂျပန်နိုင်ငံသို့ တရားဝင်ခရီးသွားရောက်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုကျိုမြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် နိုင်ငံခေါင်းဆောင်ဖြစ်လာပြီးနောက် ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှင်ဇိုအာဘေးတို့သည် စီးပွားရေးအထောက်အပံ့ကိစ္စနှင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့်ကိစ္စများကို ဆွေးနွေးဖွယ်ရှိသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ၏အဆိုအရ သိရသည်။
သယံဇာတ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ဗဏီ ၃၀၀ ကျော် လုပ်ငန်းလုပ်ကိုင်နေသည့်အတွက် မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်သည့် စီးပွားရေးပတ်ဝန်းကျင်တည်ဆောက်နိုင်ရန် အခြေခံအဆောက်အဦးတည်ဆောက်ရေးပိုင်းတွင် ကူညီနိုင်ရန် ဂျပန်နိုင်ငံက မေ ျှာ်လင့်ထားသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် နှောင့်နှေးနေမှုကြောင့် အဓိကအကူအညီပေးသူများကို ဒေါ်သထွက်စေခဲ့သည်။ ယခင်စစ်အစိုးရက ကျောထောက်နောက်ခံပြုထားသည့် ဦးသိန်းစိန်အစိုးရလက်ထက်က ဂျပန်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့ခြင်းကြောင့် ထိုသို့နှောင့်နှေးမှု ဖြစ်ပေါ်စေခဲ့သည်ဟုလည်း ဆိုကြသည်။
လာမည့် စနေနေ့အထိ ကြာမြင့်မည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံမည်ဖြစ်သလို ဂျပန်စီးပွားရေးအဖွဲ့များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထို့ပြင် ၁၉၈၀ ပြည့်နှစ်က ၁၀ လခန့် နေထိုင်ကာ ၎င်း၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သုတေသနပြုခဲ့သည့် ကျိုတိုတက္ကသိုလ်သို့လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ဖြစ်သည်။