ဒေါ်အောင်ဆန်းစုကြည်၏ အလုပ်တာဝန် ကြီးမားလွန်းနေဟု ပညာရှင်အဖွဲ့ သတိပေး

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် ကြီးမားလွန်းသည့် အလုပ်တာဝန်များ ထမ်းဆောင်နေပြီး အစိုးရ၏ အောင်မြင်မှုမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်း၏ အလုပ်တာဝန် ခွဲဝေပေးနိုင်စွမ်းအပေါ် မူတည်နေသည်ဟု ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ပညာရှင် အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် International Crisis Group က ပြီးခဲ့သည့် သီတင်းပတ်တွင် သတိပေးလိုက်သည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ရာထူးများအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အဆင့်မြင့်ကော်မတီများ၏ ဥက္ကဋ္ဌရာထူးပါ ယူထားရသူအနေနဲ့ ဒီအရာတွေအားလုံးကို ဦးဆောင်ရမယ့် တာဝန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပခုံးပေါ် ပုံကျနေပါတယ်။ ဒါဟာ ကြီးမားလွန်းတဲ့တာဝန်ဖြစ်ပြီး အလုပ်တာဝန် များပြားလွန်းနေပါတယ်” ဟု ICG က ထုတ်ပြန်ခဲ့သည်။

“အောင်မြင်မှုက ပေါ်လစီပိုင်းမှာရော ပုဂ္ဂိုလ်ရေး စိန်ခေါ်မှုတွေအပေါ်မှာပါ မူတည်ပါတယ်။ ဖြစ်ထွန်း အောင်မြင်မှုက ဆင်ခြင်သုံးသပ် အကြံပြုပေးရုံမက သူ့ရဲ့အလုပ်တာဝန် ခွဲဝေပေးနိုင်စွမ်းအပေါ်မှာလည်း မူတည်ပါတယ်”ဟု ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော ICG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရေးပါသော လေ့လာတွေ့ရှိမှုတစ်ခုမှာ မြန်မာနိုင်ငံသည် ကြီးမားသည့် နိုင်ငံရေး ကမောက်ကမအခြေအနေ မဖြစ်ပေါ်ပဲ တစ်နှစ်ကြာ အတန်အသင့် ကြီးမားသည့် မရေမရာဖြစ်မှုနှင့် ပြောင်းလဲမှုတို့ကို ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်း Myanmar’s New Government: Finding its Feet ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယုံကြည်လောက်ပြီး အများအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့သော ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးကတည်းက ပထမဆုံးအကြိမ်ဖြစ်သည့် စနစ်တကျ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အစိုးရအသစ်ဟာ ၂၀၀၈ အခြေခံဥပဒေက သတ်မှတ်ပေးခဲ့သလို စစ်တပ်နဲ့ ပုံစံတကျမဆန်တဲ့ ပူးတွဲဆောင်ရွက်မှုတွေ လုပ်နေရပါတယ်။ သော့ချက်ကျတဲ့ စည်းမျည်းတွေကို ထူးထူးခြားခြား အပေးအယူလုပ်ခြင်း မရှိသလို၊ စစ်သားတွေနဲ့ အဓိကကျတဲ့ ကွဲလွဲချက်တစ်စုံတစ်ရာတော့ မဖြစ်ပေါ်သေးပါဘူး။ ဒီလိုခက်ခဲတဲ့ ရေပြင်မှာ မောင်းနှင်နေနိုင်ခြင်းက သက်ဆိုင်သူအားလုံးအတွက် အဓိကကျတဲ့ အစောပိုင်း အောင်မြင်မှုတစ်ခုပါ” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

အစိုးရအနေဖြင့် တပ်မတော်နှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု ရှိနေဟန်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်းကဲ့သို့ ဆက်ဆံရေးများကို အတိမ်းအစောင်းမခံပဲ အမြဲတစေ ကိုင်တွယ်နိုင်ခဲ့သည် မဟုတ်ပေ။ အကူးအပြောင်းကာလ၏ အောင်မြင်မှုနှင့် တည်ငြိမ်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုရှိသော ဆက်ဆံရေးကို တပ်မတော်နှင့် ဆက်လက်ပြုလုပ်ခြင်းက မရှိမဖြစ်လိုအပ်သည်ဟု ICG က ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များကိုမူ မှားယွင်းသည့် ခြေလှမ်းများဟု အစီရင်ခံစာက ဖော်ပြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ရှုပ်ထွေးသော အသေးစိပ်အခြေအနေများကို အကဲဖြတ်မှားယွင်းမှု၊ အရေးကြီးသော ဆုံးဖြတ်ချက်များ၊ သို့မဟုတ် အစီအစဉ်များ မကြေညာမီ ညိနှိုင်းတိုင်ပင်မှု မရှိခြင်းဖြစ်သည်ဟု ဆိုသည်။ သဘောထားကွဲစေသော အာဏာရှင်ဆန်သည့် အုပ်ချုပ်မှု ဆယ်စုနှစ်များစွာရှိနေခဲ့သော အုပ်ချုပ်မှုအမွေကို ဆက်ခံရသော အတွေ့အကြုံမရှိသည့် အစိုးရသစ်တစ်ရပ်က အမှားမှားအယွင်းယွင်း လုပ်နိုင်သည်မှာ အံ့သြစရာမရှိဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

“အဓိကမေးခွန်းက ဒီလိုမှားယွင်းမှုတွေက အခြေအနေတွေ အသားမကျသေးတာထက် စိတ်လိုက်မာန်ပါနဲ့ မတိုင်ပင်ပဲ ဆုံးဖြတ်ချက်ချတတ်တဲ့ ယဉ်ကျေးမှုကြောင့်ဆိုရင်တော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အကဲဖြတ်ဖို့က စောလွန်းပါသေးတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မှတ်ချက်- ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရုံး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar