ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ စကားဝိုင်းမှာ သူ ထည့်ပြောသွားတဲ့ သဘောထားနဲ့ သဘောတရားအချို့ဟာ လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယကလည်း ရှိနေကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပင်လုံကတိကဝတ်၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ယုံကြည်မှုကိစ္စတွေမှာ ဖြစ်ပါတယ်။
ဉာဏ်လှိုင်လင်း ရေးသားသည်။
ကောင်းကင်ယံကို ပဲ့တင်ပြီးထွက်လာတဲ့ ရဟတ်ယာဉ်သံတွေက လူထောင်ချီရှိနေတဲ့ ပရဝဏ်လေးတစ်ခုထဲကို စိတ်လှုပ်ရှားမှုတွေ ယူဆောင်လာခဲ့ဟန် တူပါတယ်။ ဝင်းအတွင်းအပြင် နေရာယူထားတဲ့ ပရိသတ်အတော် များများရဲ့ ဦးခေါင်းတွေဟာ မိုးပေါ်ကို တစ်မော့မော့ရှိနေကြတာက သက်သေပေ့ါ။
မြေပြန့်ဒေသမှာတော့ ဆောင်းဟာ နှုတ်ဆက်ပြီးပြီလို့ ဆိုနိုင်ပေမယ့် ရှမ်းရိုးမတောင်တန်းကြီးတွေ တစ်မျှော်တစ်ခေါ်ရှိနေတဲ့ အဲဒီအရပ်ဒေသ ဖေဖော်ဝါရီလရဲ့ နံနက်ခင်းလေးကတော့ အအေးဓာတ်နဲ့ နေရောင် ပနာသင့်စွာ ရှိနေဆဲပါပဲ။ အနွေးထည်ထူထူခြုံရင်း နေရောင်ကိုလက်နဲ့ကာလို့ မျှော်ကြည့်နေကြရတဲ့ အဲဒီ ရဟတ်ယာဉ်ကို သူတို့ စောင့်စားနေကြရတာလည်း အချိန် သုံးနာရီကျော်ကြာ ကြာနေပြီမဟုတ်လား။
ဒီလိုနေရာမျိုး၊ ဒီလိုကိုယ်စားပြုမှုမျိုးနဲ့ ဒီလိုအခမ်းအနားမျိုး ကြုံရမယ်လို့ အိပ်မက်တောင် မမက်ဖူးကြဖူးထင်ပါရဲ့။ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုတွေဟာ ပြည်ထောင်စုနေ့ကျင်းပမယ့် ပင်လုံကျောက်တိုင်ကွင်း အတွင်းအပြင်မှာ သာမက အရပ်ဒေသစုံကနေ Facebook သုံးနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ပါ သဲသဲလှုပ်မျှ တွေ့နေရတော့တာပေ့ါ။
ပြည်ထောင်စုနေ့ဆိုတာ ဗြိတိသျှတွေဆီက လွတ်လပ်ရေးကို တောင်တန်း-ပြည်မ မခွဲဘဲ အရယူဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ ၁၉၄၇ ခုနှစ်ရဲ့ ဒီလိုနေ့မျိုး၊ ဒီလိုနေရာမှာပဲ ပင်လုံ လို့ခေါ်ဆိုတဲ့ စာချုပ်ကို အောင်မြင်စွာ လက်မှတ်ထိုးနိုင်ခဲ့ကြတာကို အထိမ်းအမှတ်ပြုထားတဲ့ နေ့ရက်တစ်ခုပါ။
ဒီနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နှစ် ၇၀ ပြည့်အဖြစ် ကျင်းပတဲ့ ရှမ်းပြည်နယ်၊ လွယ်လင်ခရိုင်၊ ပင်လုံမြို့က ပြည်ထောင်စုနေ့ အခမ်းအနားဟာ လွတ်လပ်ရေးရပြီးခေတ် သမိုင်းတစ်လျှောက် နိုင်ငံရေးအနှစ်သာရ အပြည့်ဝဆုံးဖြစ်တယ်လို့ လူတော်တော်များများက သတ်မှတ်ပြောဆိုနေကြတာဟာလည်း စိတ်လှုပ်ရှားစေရခြင်းရဲ့ အကြောင်းတစ်ချက်ဆိုတာ သေချာနေပါတယ်။
ဗိုလ်ချုပ်အောင်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အောင်မြင်ခဲ့တဲ့ ဒီနေ့၊ ဒီလိုနေရာမှာ ဆင်နွှဲတဲ့ အခမ်းအနားကို ဒီနှစ်မှာ ဦးဆောင်ဆင်နွှဲမယ့်ကြမယ့်သူတွေထဲမှာ သူတို့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ် ပါဝင်လာတာဟာလည်း ထူးခြားမှုတစ်ခုပါ။
ရဟတ်ယာဉ်ပေါ်က တစ်ဆင့် ပင်လုံကျောက်တိုင်ကွင်းအတွင်းက စကားပြောစင်မြင့်ပေါ် ရောက်လာမယ့် သူဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ဗိုလ်ချုပ် ကျဆုံးပြီးနောက်၊ လွတ်လပ်ရေးရပြီးနောက် ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေကို ဖော်ဆောင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်ဖို့ရာ တားဆီးပိတ်ပင်ခဲ့တဲ့ အာဏာရှင်တွေကို နှစ်ပေါင်း ၃၀ နီးပါး အနာခံ၊ အာခံ ဆန့်ကျင်ရင်း လွန်ခဲ့တဲ့ တစ်နှစ်မပြည့်ခင်ကမှ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။
စကားပြောစင်မြင့်ရဲ့ မျက်နှာချင်းဆိုင် ဘယ်ဖက်အစွန်ပိုင်းမှာ နေရာယူထားသူတွေက ပင်လုံမြေမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို ပထမဆုံးတက်ခွင့်ရကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်တွေပေ့ါ။
နံနက် ၁၀ နာရီကျော်အချိန်မှာတော့ “ကျွန်မတို့ဟာ ဒီနေ့မှာ ပြည်ထောင်စုကြီးကို အသိအမှတ်ပြုသောအားဖြင့် အားလုံးစုဝေး ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ပင်လုံဆိုတာ ရှမ်းပြည်နယ်ရဲ့ တစ်စိတ်တစ်ဒေသတင် မဟုတ်ပါဘူး။ ပြည်ထောင်စု တစ်ခုလုံးအတွက် အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီကနေ စတင်ပြီး ပြည်ထောင်စုရဲ့ ညီညွတ်မှုအတွက် အခြေခံအုတ်မြစ်ကို ချလိုက်တာဖြစ်ပါတယ်”ဆိုတဲ့ စကားနဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းကို စတင်လိုက်ပါတော့တယ်။
ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာဟာ ပြည်ထောင်စုတစ်ခုအဖြစ် ယနေ့တိုင် ရပ်တည်နေနိုင်တယ်ဆိုတဲ့ အချက်ပေ့ါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၃၂ မိနစ်ကြာ မိန့်ခွန်းကို အဆုံးသတ်ပြီး နောက်မှာလည်း တိုင်းရင်းသားလူငယ် ၁၂ ဦးနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ဆက်လက်ဆင်နွှဲခဲ့ပြန်ပါတယ်။
ပုဂ္ဂိုလ်ရေးသြဇာသိပ်ကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့အထဲမှာ ပင်လုံစိတ်ဓာတ်၊ ကတိကဝတ်နဲ စာချုပ်ရဲ့ အနှစ်သာရတွေကို ပစ္စုပ္ပန် အခြေအနေတွေနဲ့ ချိတ်ဆက်ပြီး သတိပေးတာ၊ မေတ္တာရပ်ခံတာ၊ တိုက်တွန်းတာတွေ၊ လမ်းညွှန်ပြသတာတွေ ပါဝင်ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးတဲ့ လူငယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ၊ လေ့လာစောင့်ကြည့်သူတွေကို Frontier က ချဉ်းကပ် မေးမြန်းကြည့်တော့ နှစ် ၆၀ ကြာ မဖြေရှင်းနိုင်သေးတဲ့ ပြည်တွင်းစစ် ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း လမ်းစဉ်အပေါ် မျှော်လင့်ထားကြတဲ့ အသံတွေ ကြားရပါတယ်။
လွန်ခဲ့တဲ့နှစ် ၇၀ က ခေါင်းဆောင်ကြီးများရဲ့ ကြိုးပမ်းမှုကို အပြုအမူအားဖြင့် ဆက်လက်အကောင်အထည်ဖော်ဖို့ လက်ရှိသွားနေတဲ့ ၂၁ ပင်လုံညီလာခံ လမ်းကြောင်းကနေ ဆွေးနွေးအဖြေရှာပြီး ပဋိပက္ခတွေ နိဂုံးချုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ကိုလည်း အားလုံးက သဘောတူကြပါတယ်။
ဒါပေမယ့် မိန့်ခွန်းနဲ့ စကားဝိုင်းမှာ သူ ထည့်ပြောသွားတဲ့ သဘောထားနဲ့ သဘောတရားအချို့ဟာ လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယကလည်း ရှိနေကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ပင်လုံကတိကဝတ်၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ယုံကြည်မှုကိစ္စတွေမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်
ကတိကဝတ်
ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်ကို လေ့လာမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မြန်မြန်ဆန်ဆန် ရောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို တွေ့ရမှာဖြစ်ပြီး ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေးခြင်းနဲ့ အဖြေရှာမယ်ဆိုတဲ့ အချက်ဟာ ပင်လုံရဲ့ အဓိက ကတိကဝတ်ဖြစ်တယ်လို့ စကားဝိုင်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ဒါ ဒါ ဒါ ဒါ ဆိုပြီး အဲဒီလို လှေနံဓါးထစ်မဟုတ်ပါဘူး။ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာမယ်ဆိုတာ ပင်လုံရဲ့ အဓိက ကတိကဝတ် ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာနိုင်တဲ့အဆင့်ကို မရောက်ဘူးဆိုရင်တော့ ပင်လုံစာချုပ်ဟာ စကားအဖြစ်ရှိတယ်။ အပြုအမူမရှိဘူးလို့ ပြောလို့ရပါတယ်” လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဖြစ်တဲ့ သူက ပြောပါတယ်။
စကားဝိုင်းမှာ ပါဝင်တဲ့ ရှမ်းအမျိုးသား ကိုစိုင်းအောင်မြင့်ဦးကလည်း ဒါကို ထောက်ခံခဲ့ပြီး ပြည်ထောင်စုကို ပင်လုံစာချုပ်နဲ့ စခဲ့ပေမယ့် အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာဟာ တစ်ကယ့် လိုအပ်ချက်ဖြစ်ပြီး အချင်းချင်းကြား ယုံကြည်မှုမရှိတာဟာလည်း ဒီကပဲစတယ်လို့ သူယူဆကြောင်း ပြောပေမယ့် ပင်လုံစာချုပ်မှာ ထည့်မရေးထားတဲ့ ကတိကဝတ်တွေရှိကြောင်းကိုလည်း သူက နားလည်ထားပါတယ်။
အကြောင်းပြချက်ကတော့ လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပင်လုံရဲ့ ကတိကဝတ်တွေကို အသိအမှတ်ပြု ထည့်သွင်းထားတာ တွေ့နိုင်တယ်ဆိုတာပါပဲ။ တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စတာတွေကို လစ်လျူရှုထားတာက ပြဿနာတွေရဲ့ အစလို့ ကိုစိုင်းအောင်မြင့်ဦးက ပြောပါတယ်။
ဒါကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ရဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း ထောက်ခံခဲ့ပြီး “နောက်ကျရင် ဆွေးနွေးပြီး လုပ်ကြမယ်ဆိုတာလောက်နဲ့ ပင်လုံစာချုပ်ဟာ ဖြစ်မလာနိုင်ပါဘူး” လို့ Frontier ကို ပြောပါတယ်။
၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေမှာ ဦးစိုင်းညွန့်လွင်နဲ့ ကိုစိုင်းအောင်မြင့်ဦးပြောတဲ့ ကတိကဝတ်တွေပါဝင်တဲ့အပြင် လွတ်လပ်ရေးရပြီးခေတ်မှာ နိုင်ငံတော်ကို အာဏာသိမ်းပြီး ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေ စိုးရိမ်ပူပန်ကြောင်းပြခဲ့သတဲ့ ခွဲထွက်ခွင့်ဆိုတာကလည်း ပါနေပါတယ်။
အဲဒီအခြေခံဥပဒေရဲ့ အခန်း ၁၀ မှာ ခွဲထွက်နိုင်သော အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ပုဒ်မ ခြောက်ခုနဲ့ သတ်မှတ်ပေးထားပါတယ်။ ပင်လုံစာချုပ်ရဲ့ နောက်ဆက်တွဲ အခြေခံဥပဒေမှာပါတဲ့ ဒီလိုအချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကတော့ မှတ်ချက်ပြုမှု တစ်စုံတစ်ရာ မကြားဖူးပေမယ့် “ပြည်ထောင်စုမပြိုကွဲရေး” ဆိုတဲ့ ရပ်တည်ချက်ကိုတော့ တပ်မတော်က ယနေ့တိုင် ဆက်လက်ဆုပ်ကိုင်ထားတာ တွေ့နိုင်ပါတယ်။
တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ်အတွင်း ဖွဲ့စည်းထားတဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဂမ်အောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပင်လုံကတိကဝတ်ဆိုင်ရာ မှတ်ချက်ကို သဘောမတူပေမယ့် ဒီနေ့ တိုင်ရင်းသားတွေကြားမှာ ခွဲထွက်ခွင့်ဆိုတဲ့ကိစ္စကို ဆွေးနွေးချက်တစ်ခုအနေနဲ့တောင် မရှိဘူးလို့တော့ သူက အာမခံပါတယ်။
“ကျွန်တော်တို့ ပြောနေတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပဋိပက္ခ ချုပ်ငြိမ်းရေးမှာ အားလုံးပါဝင်နိုင်တဲ့ အခွင့်အရေးပေးဖို့ပါပဲ” လို့ ဦးဂမ်အောင်က Frontier ကို ပြောပါတယ်။
ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ဟာ မြစ်ကြီးနားမြို့၊ မနောကွင်းက မဂျယ်ခန်းမမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအကြို ကချင်အမျိုးသားများတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၆ ကနေ ၁၈ ရက်နေ့အထိ ဦးဆောင်ကျင်းပခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ အစိုးရက လက်ရှိသွားနေတဲ့ ၂၁ ရာစု၊ ပင်လုံညီလာခံလမ်းကြောင်းကို လက်ခံတဲ့သဘောထား ထုတ်ပြောခဲ့ပေမယ့် အဖွဲ့အားလုံး ပါဝင်ခွင့်ရဖို့နဲ့ တပ်မတော်ဖက်က ထိုးစစ်ဆင်တာတွေရပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့ယူဖို့ ပြင်ဆင်နေပြီး Institute for Strategy and Policy Myanmar ရဲ့ အမှုဆောင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူထားတဲ့ ဦးမင်းဇင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပင်လုံကတိကဝတ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ယေဘူယျအားဖြင့်တော့ မှန်ကန်ပြီး တိုင်းရင်းသားတွေပြောနေကြတဲ့ ပင်လုံကတိကဝတ်ကိစ္စမှာလည်း ခွဲထွက်ခွင့်ဆိုတာ မပါဘူးလို့ သူနားလည်ထားကြောင်း ပြောပါတယ်။
ဒါပေမယ့် “၂၁ ပင်လုံဆိုတာက ၄၇ ပင်လုံက ကတိကဝတ်တွေကို ပစ်ပယ်ဖို့ လုပ်တာလားဆိုတဲ့ စိုးရိမ်ချက်တွေ တိုင်းရင်းသားတွေဖက်မှာ ရှိနေတော့ ပင်လုံကတိကဝတ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီသံသယကို ပိုပြီးခိုင်မာသွားစေမလားဆိုပြီး စဉ်းစားစရာတော့ရှိပါတယ်”လို့ ဦးမင်းဇင်က Frontier ကို မှတ်ချက်ပြု ပြောကြားပါတယ်။
ပင်လုံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်
ယုံကြည်မှု
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူဦးဆောင်လုပ်နေတဲ့ ၂၁ ရာစုပင်လုံဟာ ဒီပြဿနာတွေဖြေရှင်းဖို့အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဖြစ်တယ်လို့ ထပ်ဖန်တလဲလဲ အသိပေးပြောဆိုနေပြီး သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိရှိနဲ့ ညီလာခံမှာ ပါဝင်ကြဖို့လည်း အကြိမ်ကြိမ် တိုက်တွန်းနေပါတယ်။
သူ့ရဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းမှာလည်း “ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပဲနဲ့ အခြားအစုအဖွဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် ပထမဦးဆုံး ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အားမွေးကြပါ။ ရှင်သန်အောင်လုပ်ကြပါ။ ငါတို့ဟာ ငါတို့ရဲ့ လာမယ့် မျိုးဆက်တွေ အားလုံးအကျိုးအတွက် လုပ်နိုင်ရည်ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပင်လုံကို ချဉ်းကပ်ကြပါ”လို့ ထည့်သွင်း ပြောကြားသွားပါတယ်။
လက်ရှိအချိန်ဟာ သူ့ဦးဆောင်တဲ့ အစိုးရက အကောင်အထည်ဖော်နေတဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေးကို ဒုတိယအကြိမ် လုပ်နိုင်ဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ ကာလလည်းဖြစ်ပါတယ်။
ဒီလမ်းစဉ်ကို သွားနိုင်ဖို့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ NCA မှာ ပါဝင်ကြဖို့ လိုအပ်နေတာပါ။ ဒီမူဝါဒဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အစုအဖွဲ့အားလုံး စုပေါင်းချမှတ်ထားတဲ့ မူဝါဒဖြစ်ပြီး အဲဒီကမှတစ်ဆင့် ညီလာခံတက်ကာ ပါဝင်ဆွေးနွေး ဆုံးဖြတ်ချက်တွေချနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ “NCA ကို ရဲရဲလက်မှတ်ထိုးပြီး ညီလာခံကို တက်ပါ၊ မကျေနပ်လို့ ပြန်ထွက်ချင်ရင် ဘယ်သူမှ တားနိုင်မှာမှ မဟုတ်တာ။ ဒီလုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ဖို့ တံခါးတွေဖွင့်ထားပါတယ်” လို့ ပင်လုံမြေက ငြိမ်းချမ်းရေးစကားဝိုင်းမှာ ထည့်သွင်း အသိပေးထားပါတယ်။
ဒါ့အပြင် ဟိုလူ့ကြောင့် ဒီလူ့ကြောင့် လက်ညှိုးထိုးမနေပဲ ကိုယ့်မှာ တာဝန်ရှိတယ်လို့ ခံယူပြီး ကိုယ်တိုင် စတင်လိုက်ပါလို့ တိုက်တွန်းခဲ့ပြီး အဲဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်က ကြာလိမ့်မယ်လို့လည်း သတိပေးပါတယ်။
“တစ်ဖက်နဲ့တစ်ဖက်ကို ယုံကြည်ရမယ်။ တစ်ဖက်က တစ်ဖက်ကို ဒီလိုလုပ်နေလို့ မယုံကြည်နိုင်ဘူး။ ဒါကြောင့်မို့လို့ တစ်ဖက်က ပြောင်းပေးရမယ်ဆိုတော့ ဘယ်သူက အရင်ပြောင်းမလဲ ကြည့်နေကြတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိနိုင်ဘူးလားဆိုတာ အဲဒါကြောင့်ပြောတာ”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ အတွင်းရေးမှူး ခူဦးရယ်ကတော့ တစ်ဦးနဲ့ တစ်ဦး အပြစ်ဖို့နေရုံနဲ့ ယုံကြည်မှုရှိမလာနိုင်ဘူးဆိုတာကို လက်ခံပေမယ့် ဒီလိုအချိန်မှာ တိုင်းရင်းသားတွေဖက်က လိုလားချက်တွေကို ညှိနှိုင်းဖြေရှင်းမပေးဘဲ NCA ကို မဖြစ်မနေ လက်မှတ်ထိုးဖို့ ဖိအားပေးတာမျိုးကတော့ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
“အတိုင်ပင်ခံရဲ့ ပြောဆိုမှုတွေကို ငြင်းပယ်တာမဟုတ်ဘူး။ လက်မခံတာ မဟုတ်ဘူး။ အခြေအနေနဲ့ သဟဇာတဖြစ်တဲ့ အနေအထားကို စနစ်တကျ ညှိနှိုင်းအဖြေရှာနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုကနေ သွားသင့်ပါတယ်” လို့ ခူဦးရယ်က Frontier ကို ပြောပါတယ်။
UNFC အဖွဲ့ဟာ NCA လက်မှတ်ထိုးထားသူတွေရော၊ မထိုးထားသူတွေပါ ပါဝင်နေတဲ့အဖွဲ့ဖြစ်ပြီး ခူဦးရယ်ကတော့ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)မှာ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားတွေဖက်ကတော့ ကနဦးအနေနဲ့ တပ်မတော်က ဆင်နွှဲနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ လိုလားတယ်ဆိုတဲ့ သဘောထားကို ထုတ်ပြောနေကြတာပါ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ဒါနဲ့ပတ်သက်ပြီး ကရင်လူငယ်အမျိုးသမီး မဖွေးယုမွန်က ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ခဲ့ပါ သေးတယ်။
“တပ်မတော်အနေနဲ့ရော သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ မဖြစ်နိုင်ဘူးလား” လို့ မဖွေးယုမွန်က မေးလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် တိုက်ရိုက်ရည်ညွှန်းတဲ့ အဖြေပြန်မပေးခဲ့ပါဘူး။
သူပြန်ပြောတဲ့အထဲမှာ တပ်မတော်ဆိုတဲ့ အသုံးအနှုန်းပါတဲ့ စကားတစ်ခွန်းက “တပ်မတော်ရော၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေးနဲ့ ပြည်သူက သွားစေချင်တယ်ဆိုရင် ပြည်သူ့ရဲ့ အသံဟာ ငြိမ်းချမ်းရေးအသံဆိုတာ ထင်ရှားရမယ်” ဆိုတာပါပဲ။
Frontier အနေနဲ့ မဖွေးယုမွန်ရဲ့ မေးခွန်းကို တပ်မတော်ထံ တိုက်ရိုက် မေးမြန်းနိုင်ဖို့ကြိုးပမ်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ထပ်မံကြေညာထားတဲ့ စာရင်းမှာပါတဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်စိုးနိုင်ဦးနဲ့ ဗိုလ်ချုပ်အောင်ရဲဝင်းတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ဆက်သွယ်တဲ့အခါ ပိတ်ထားတာနဲ့ ပြန်လည်မဖြေဆိုတာတွေနဲ့ပဲ ကြုံခဲ့ရပါတယ်။
ဦးစိုင်းညွန့်လွင်၊ ခူရီးရယ်နဲ့ ဦးမင်းဇင်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ သဘောတရားရေးရာအတိုင်း တပ်မတော်ကို ဖြောင်းဖျနိုင်ပြီလားဆိုတဲ့ မေးခွန်းကို ဖြေနိုင်ဖို့ရာ အတော်ခက်ခဲတယ်လို့ တညီတညွတ်တည်း ပြောကြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က အင်အမတန်အရေးပါတဲ့နေရာမှာ တာဝန်ယူနေရတာပါပဲ။ တပ်မတော်ကိုလည်း လိုက်ပါနိုင်မှုရှိအောင် စွဲဆောင်နိုင်ရမယ်။ တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ဒါဟာ လက်ခံ နိုင်ဖွယ်ဖြစ်တယ်ဆိုတာကို ပြောပြနိုင်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါဆိုတာ ဒီအပေါ်မှာ အများကြီး မူတည်တယ်လို့ ကျွန်တော်တော့မြင်တယ်” လို့ ဦးမင်းဇင်က ဆိုပါတယ်။
ဦးစိုင်းညွန့်လွင်ကတော့ “သူ့တရားကိုနာရမယ့်သူတွေက ပရိသတ်မဟုတ်ဘဲ မာနတ်ရ်တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ” လို့ မေးခွန်းထုတ်ပါတယ်။
ပင်လုံတွင်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားအချို့။ ဓာတ်ပုံ-တေဇလှိုင်
သံသရာ
ဒေါ်အောင်ဆန်းစုကြည်ကတော့ စိုးရိမ်ပူပန်မှုကြောင့် အမုန်းတရားတွေဖြစ်လာ၊ အဲဒီကတစ်ဆင့် ပဋိပက္ခ အသွင်ပြောင်းသွားလို့ အမုန်းတရာပြန်ဖြစ်စတဲ့ သံသရာကြီးက လွတ်မြောက်ဖို့ စွန့်လွှတ်၊ စွန့်စားမှုနဲ့ ချဉ်းကပ်သင့်ပြီလို့ ပင်လုံမြေက ငြိမ်းချမ်းရေးစကားဝိုင်းကတစ်ဆင့် လမ်းညွှန်ခဲ့ပါတယ်။
“ဒီသံသရာကြီးက လည်နေတာပဲ။ ဒါကြောင့်မို့လို့ ဘယ်သူက စွန့်လွှတ်ရဲလဲ၊ ဘယ်သူက စွန့်စားရဲလဲ။ ငါဒီသံသရာကြီးကနေ ဖောက်ထွက်မယ်။ အဲဒါဟာ စွန့်စားမှုပဲ။ ဒီလိုသံသရာကြီးကနေ ဖောက်ထွက်ဖို့ အတိုင်းအတာတစ်ခုအထိတော့ ငါထိခိုက်နိုင်တယ်။ ဒါဟာစွန့်လွှတ်မှုပဲ။ အင်မတန်ဆိုးရွားတဲ့ ဒီသံသရာက ဖောက်ထွက် ဖို့ဆိုတာ စွန့်လွှတ်မှုနဲ့ စွန့်စားမှု၊ ဘယ်ဖက်ညာဖက် နှစ်ဖက်ကိုင်ထားပြီးမှလုပ်တဲ့ ဒီနည်းပဲရှိတယ်” လို့ သူက ပြောခဲ့ပါတယ်။
Frontier က သဘောထား မေးမြန်းခဲ့သူတွေထဲက ဦးစိုင်းညွန့်လွင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ထောင်စုနေ့ ပြောဆိုချက်တွေဟာ ဘာသာရေးရှုထောင့်ကနေ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ချဉ်းကပ်တာလို့ ယူဆပြီး ဦးမင်းဇင်ကတော့ နိုင်ငံရေးထက်စာရင် တက်ကျမ်းပိုဆန်တဲ့ အဆိုအမိန့်တွေလို့ သဘောရပါတယ်။
“နိုင်ငံရေးမှာတော့ ငါ့အကျိုးစီးပွား၊ ငါကိုယ်စားပြုတဲ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ဘယ်လောက်ထိ ထည့်သွင်း စဉ်းစားပြီးတော့ ဆောင်ရွက်နိုင်မလဲဆိုတဲ့ ယုံကြည်မှုက သိပ်အရေးကြီးမှာပါ။ ဆန့်ကျင်ဖက် အင်အားစုက ငါ့အကျိုးစီးပွားကို အခွင့်သာရင် ချလိုက်မှာပဲ ဆိုတဲ့ သံသယရှိနေရင် ယုံကြည်မှုပျက်ယွင်းတဲ့ ချောက်ကမ်းပါးကို ခုန်ကူးလာဖို့ ခက်ပါတယ်” လို့ ဦးမင်းဇင်က သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူနဲ့ NLD ဟာ စွန့်လွှတ်စွန့်စားခြင်းကို ကိုင်စွဲပြီး အခုလို အခြေအနေအမျိုး ရောက်လာတဲ့အထိ အောင်မြင်တာကို နမူနာပြရင်း ဒီနည်းလမ်းမှတစ်ပါး အခြားမရှိဘူးလို့ အခိုင်အမာ တိုက်တွန်းနေပါတယ်။
ထူးခြားတာက ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ အစိုးရဖက်က အကောင်အထည်ဖော်နေတဲ့ လမ်းစဉ်ကို ကန့်ကွက်နေသူတစ်ဦးမှ မတွေ့ရဘဲ သက်ဆိုင်သူ အားလုံးက အားလုံးပါဝင်ရေးကိုသာ ဇောက်ချပြောဆိုနေကြတာပါ။
ဒါပေမယ့် လက်တွေ့အခြေအနေမှာတော့ အားလုံးပါဝင်နိုင်ရေး ဆွေးနွေးမှုတွေ မပြီးပြတ်သေးလို့ နေပြည်တော်မှာ ဒုတိယအကြိမ် ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနိုင်မယ့် ရက်ကို မူလ မျှော်မှန်းထားတာထက် တစ်လခန့် နောက်ဆုတ်သွားမယ့် အနေအထား ရှိပါတယ်။
ဦးမင်းဇင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ၂၁ ရာစု ပင်လုံမှာ အစုအဖွဲ့အားလုံး ကျေနပ်မယ့် ရလဒ်ကို ရချင်မှ ရနိုင်ပေမယ့် ဒီအခင်းအကျင်းဟာ ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာကိုတော့ သူယုံကြည်ကြောင်း ပြောပါတယ်။
“လိုအပ်တဲ့၊ လုံလောက်တဲ့ မျှခြေတစ်ခုတော့ ရှာပေးနိုင်မယ်ဆိုရင် သူ (ဒေါ်အောင်ဆန်းစုကြည်) အုပ်ချုပ်တဲ့ကာလမှာ အင်မတန်ကြီးမားတဲ့ ပြည်ထောင်စုအတွက် အကျိုးဆောင်မှုတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဦးမင်းဇင်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစု ပင်လုံနဲ့ ပတ်သက်ပြီး သူ့ရဲ့လိုလားချက်ကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မိန့်ခွန်းနိဂုံးပိုင်းမှာ အခုလို ထည့်ပြောသွားခဲ့ပါတယ်။
“ပထမပင်လုံစာချုပ်ဟာ ကျွန်မတို့ ပြည်ထောင်စုအတွက် သမိုင်းစာမျက်နှာ တစ်မျက်နှာ အသစ်လှန်ပေးလိုက်လို့ ပြည်သူလူထုဟာ အခုထိ သတိရ တမ်းတနေတာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ၂၁ ရာစု ပင်လုံအနေနဲ့ သမိုင်းစာမျက်နှာ တစ်မျက်နှာ လှန်ရုံမက သမိုင်းစာအုပ်အသစ်တစ်အုပ် ဖွင့်ကြပါစို့လို့ မေတ္တာရပ်ခံချင်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။