ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြဿနာ ဖြေရှင်းရေးမူဝါဒ အရေးနိမ့်နေပြီလား

အင်န်အယ်လ်ဒီအစိုးရက တစ်ဘက်၊ အေအင်န်ပီခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်က တစ်ဘက် ရခိုင်ပြဿနာ ဖြေရှင်းမှုဆိုင်ရာ သဘောထားကွဲလွဲမှုက ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ အဟန့်အတားတွေ ဖြစ်ပေါ်စေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ထူးခြားတယ်လို့ ပြောရမလား၊ ၂၀၁၇ သြဂုတ် ၉ ရက်က ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အစည်းအဝေး နှစ်ခု သီးခြားစီ လုပ်တာတွေ့ရပါတယ်။

တစ်ခုကတော့ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမမှာ လုပ်တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်သည့် အစည်းအဝေးလို့ ခေါင်းစဉ်တပ်ထားပြီး အစိုးရဝန်ကြီးတွေနဲ့ တခြားသက်ဆိုင်သူတွေ တက်ပါတယ်။

တပြိုင်နက်တည်း ကျင်းပတဲ့ နောက်ထပ် အစည်းအဝေးကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ANP ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့ပွဲပါ။ အဲဒီအစည်းအဝေးကို တပ်ချုပ်၊ ဒုတပ်ချုပ်နဲ့ တပ်မတော် အရာရှိကြီးတွေ၊ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ တက်ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ပေးဖို့ ANP ပါတီ ခေါင်းဆောင်တွေဘက်က တောင်းဆိုခဲ့ကြသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်ကလည်း အတတ်နိုင်ဆုံး လုပ်ပေးမယ်ဆိုပြီး ကတိပေးတယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေက ပြန်ပြောပြကြပါတယ်။

ဒီလိုနဲ့ နောက်တစ်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေ လေယာဉ်နဲ့ အသုတ်လိုက်၊ အသုတ်လိုက် ရောက်ရှိသွားတာ တွေ့မြင်ကြရပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးပြဿနာက ထိပ်တန်းရောက်နေပြီလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး အကောင်အထည်ဖော်မှု အရေးနိမ့်နေပြီလားဆိုတာ ခုတစ်ပတ် လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

တကယ်တော့ ရခိုင်ပြည်နယ် ပြဿနာကို ကနဦး ကိုင်တွယ်ခဲ့ရသူတွေဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရ အဆက်ဆက်ဖြစ်ပါတယ်။ စစ်အာဏာရှင်ခေတ် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်ဘက် အုပ်ချုပ်သူတွေရဲ့ ပဋ္ဋိပက္ခ၊ မူဆလင်တွေနဲ့ စစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပဋိပက္ခ၊ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေရဲ့ ပဋိပက္ခစသဖြင့် သုံးပွင့်ဆိုင်ပဋ္ဋိပက္ခ ရှိခဲ့ပြီး ဖိနှိပ်မှုကို တွန်းလှန်တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ စစ်ဘက်အုပ်ချုပ်သူတွေရဲ့ ပဋိပက္ခဟာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။

ကျန်ပဋိပက္ခ နှစ်မျိုးကတော့ ဒီလောက် ပြဿနာ မကြီးခဲ့ပါဘူး။ ၂၀၁၂ ခုနှစ် ရခိုင်တိုင်းရင်းသူ တစ်ဦး မတရားပြုကျင့်၊ သတ်ဖြတ်ခံရပြီး နောက်မှာတော့ ပဋိပက္ခ အသွင်ပြောင်းသွားခဲ့ပါတယ်။ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေရဲ့ မုန်းတီးမှုပဋိပက္ခ ရှေ့တန်းရောက်လာပြီး ပိုပိုဆိုးလာတာ ဒီကနေ့ချိန်ထိတိုင်အောင်ပါပဲ။ အဲဒီ ပြဿနာကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းမှာ ပြေလည်အောင် မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။

တပ်မတော်နဲ့ ရခိုင်ခေါင်းဆောင်တွေဘက်ကတော့ ရခိုင်ပြည်နယ်ထဲက မူဆလင် အားလုံးလိုလိုလောက်ကို ခိုးဝင်သူတွေလို့ သတ်မှတ်ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့စစ်၊ နိုင်ငံသား မဖြစ်ဘူးဆိုတာနဲ့ ဒုက္ခသည်စခန်းတွေထဲသွင်း၊ ပြည်ပက ခေါ်မယ့်သူရှိရင် ထွက်ခွာခွင့်ပေးဆိုတဲ့ တင်းမာတဲ့ မူဝါဒမျိုး ကျင့်သုံးချင်တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ တက်လာတဲ့အချိန်မှာ ရခိုင်ပြည်နယ်အတွင်း အမုန်းတရားတွေ ပျံ့နှံ့နေသလို စီးပွားရေးအရလည်း ချွတ်ခြုံကျနေပြီး အဘက်ဘက်က နိမ့်ကျတဲ့ အနေအထား ရောက်နေပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ထိ ည မထွက်ရ အမိန့် ထုတ်ပြန်ထားရဆဲ ဖြစ်သလို မူဆလင် အများစုဖြစ်တဲ့ အရေအတွက် တစ်သိန်းဝန်းကျင်ရှိမယ့် လူတွေဟာလည်း ဒုက္ခသည်စခန်းလို့ခေါ်တဲ့ အကျယ်ချုပ်ဆန်ဆန် စခန်းတွေမှာ ပိတ်လှောင်နေနေရဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။

ဒီလို ပဋ္ဋိပက္ခပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ပေးဖို့၊ နိုင်ငံသား စိစစ်တဲ့ကိစ္စကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့၊ ၂၀၁၂ မတိုင်ခင်က အခြေအနေအတိုင်း နှစ်ဘက် အသိုင်းအဝိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လျော့နည်းစေဖို့ စတာတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာပဲ ၂၀၁၆ အောက်တိုဘာ ၉ ရက်မှာ မူဆလင် ဒေသခံတွေက နယ်ခြားစောင့် တပ်ဖွဲ့ဌာနချုပ်နဲ့ စခန်းတချို့ကို အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ လက်နက်တွေလုယက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး တပ်မတော်ဟာ လုယူခံလိုက်ရတဲ့ လက်နက်တွေ ပြန်ရရေး၊ အကြမ်းဖက်သမားတွေကို ချေမှုန်းရေးနဲ့ နယ်မြေ အေးချမ်းတည်ငြိမ်ရေး လုပ်ရပါတော့တယ်။

နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာကတော့ စစ်ဆင်ရေးကာလအတွင်း တပ်မတော်သားတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပါ။ ဒီ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကပါ စုံစမ်းရေး ကော်မရှင်တွေဖွဲ့၊ ပြန်ပြီး ဖြေရှင်းနေရတာ ဒီနေ့အချိန်ထိ မပြီးပြတ်သေးပါဘူး။

ကြားထဲမှာ မောင်တောဒေသမှာ မူဆလင်ဒေသခံတွေ သတ်ဖြတ်ခံရမှု ခပ်စိပ်စိပ် ဖြစ်လာပါတယ်။ သတင်းဌာနတွေကို ဖြေကြားလို့၊ အစိုးရနဲ့ပူးပေါင်းလို့ သတ်ဖြတ်ခံရတာဆိုပြီး သံသယ ရှိကြပါတယ်။ တဆက်တည်း အကြမ်းဖက်သမားတွေ တည်ဆောက်ထားတယ်လို့ သံသယဖြစ်ဖွယ် တောတွင်းစခန်းတွေ၊ နေရာတွေကို တွေ့ရှိလာရပါတယ်။ ရာနဲ့ချီတဲ့ မူဆလင်တွေလည်း အကျဉ်းထောင်တွေထဲ ရောက်သွားကြပါတယ်။ နောက်ဆုံး ပြဿနာကို ပိုဆိုးသွားစေတာကတော့ မြိုတိုင်းရင်းသား ကျေးရွာသားတွေ သတ်ဖြတ်ခံရမှုပါ။ အဲဒီပြဿနာတွေကနေတဆင့် ရခိုင်ခေါင်းဆောင်တွေ ကိုယ်တိုင်က တပ်မတော်ကနေ ရခိုင်ပြည်နယ်မှာ လုံခြုံရေး ပိုလုပ်ပေးဖို့ တောင်းဆိုတဲ့အဆင့်ထိ ရောက်လာရတာပါ။

နောက်ထပ် အရေးကြီးတဲ့ ပြဿနာတစ်ခုကတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော် အပါအဝင် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အမြင် မတူကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က ဒေသဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးရင်း ရခိုင်နဲ့ မူဆလင်တွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်းသွားစေဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုကနေ ကင်းလွတ်စေဖို့ အကောင်အထည် ဖော်ချင်ပါတယ်။

တပ်မတော်နဲ့ ရခိုင်ခေါင်းဆောင်တွေဘက်ကတော့ ရခိုင်ပြည်နယ်ထဲက မူဆလင် အားလုံးလိုလိုလောက်ကို ခိုးဝင်သူတွေလို့ သတ်မှတ်ပြီး ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့စစ်၊ နိုင်ငံသား မဖြစ်ဘူးဆိုတာနဲ့ ဒုက္ခသည်စခန်းတွေထဲသွင်း၊ ပြည်ပက ခေါ်မယ့်သူရှိရင် ထွက်ခွာခွင့်ပေးဆိုတဲ့ တင်းမာတဲ့ မူဝါဒမျိုး ကျင့်သုံးချင်တာပါ။ ဒီ မူဝါဒ နှစ်ခု ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့နိုင်ပါတယ်။

အားလုံးခြုံငုံ သုံးသပ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရဟာ ရခိုင်ပြည်နယ်မှာ သူတို့ အကောင်အထည်ဖော်ချင်တဲ့ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံသား စိစစ်ရေး၊ ဒုက္ခသည်စခန်းမှာ အကျယ်ချုပ်ကျ ပိတ်မိနေတဲ့သူတွေ နဂိုအတိုင်း ကိုယ့်ရပ်ရွာကိုယ်ပြန် နေထိုင်လုပ်ကိုင် စားသောက်ခွင့်ရရေး၊ နှစ်ဘက် အသိုင်းအဝိုင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လူ့အခွင့်အရေး ဖိနှိပ်ခံနေရမှုတွေ လျော့နည်းစေရေး စတာတွေ တစ်ခုမှ ကောင်းကောင်း အကောင်အထည်ဖော်နိုင်တာ မတွေ့ရပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေး အကောင်အထည်ဖော်မှု အရေးနိမ့်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.