ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက် သုံးရပ်

မြေတိုင်ကန်ရွာလေးမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်တိုးတက်ရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနစ်နဲ့ပေါ်ထွန်းဖို့ နှစ် ၂၀ ကျော် ဖိနှိပ်ခံ၊ အချုပ်အနှောင်ခံ  ကြိုးပမ်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ ပရိသတ်တွေ ထောင်သောင်းမက တိုးတိုးဝှေ့ဝှေ့ရှိကြတာဟာ ထူးဆန်းတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။

အတိုက်အခံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးနောက်ပိုင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သွားရောက်ခဲ့တဲ့  ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာလဲ ပြည်သူတွေရဲ့ ကြိုဆိုမှုဟာ ယုတ်လျှော့သွားတာမတွေ့ရပါဘူး။

သြဂုတ် ၇ ရက်က သွားရောက်ခဲ့တဲ့ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊  မြေတိုင်ကန်ကျေးရွာခရီးစဉ်ကလည်း ဒီအကြောင်းကို သက်သေပြနေပါတယ်။ ရွာသူရွာသားတွေဟာ နာမည်သာကြားဖူး ဓာတ်ပုံသာမြင်ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းဆိုင်တွေခွင့်ရဖို့အတွက် အလွန်စိတ်အားထက်သန်ကြတာတွေ့ရပါ တယ်။

“အသက် ၇၀ ကျော်မှတွေ့ရတော့ ပီတိတွေဖြစ်၊ ဝမ်းတွေသာပြီးတော့ စားလို့လည်းကောင်း၊ အိပ်လို့လည်းကောင်း၊ ပျော်ပါတယ်ကွယ်နော့”လို့ မြေတိုင်ကန် ကျေးရွာရပ်မိရပ်ဖ ဒေါ်အော်က ဆိုပါတယ်။ သူအသက် ၄၀ အရွယ်လောက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို သိရှိထားခဲ့ပြီး သမီးလေးတစ်ယောက်အဖြစ် အဝေးကနေ အမှတ်တရရှိနေခဲ့ရတယ်လို့လည်း ဒေါ်အော်က ဆက်ပြောပါတယ်။

စပါး၊ မြေပဲ၊ နှမ်း၊ ဝါ၊ ငရုတ်စတဲ့ လယ်ယာသီးနှံတွေ စိုက်ပျိုးအသက်မွေးသူတွေနေထိုင်ကြပြီး လူဦးရေ ၁,၀၀၀ ကျော်သာရှိတဲ့ ဒီရွာကလေးဟာ ဒေါ်အောင်ဆန်းစုကြည်ရောက်မလာခင် ၂ နာရီခန့်အလိုကတည်းက လှုပ်ရှားတက်ကြွနေကြတာပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ရောက်လာချိန်မှာတော့ အနီးအနား ကျေးရွာသူရွာသားတွေပါ ရောက်လာတာကြောင့် မြေတိုင်ကန်ရွာကလေးဟာ ပိုလို့စည်ကားသွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ခရီးစဉ်ကို လွန်ခဲ့တဲ့ လပိုင်းအတွင်းကမှ ဒီရွာကလေးအတွက် လျှပ်စစ်မီး ဖြန့်ဝေပေးနေတဲ့ ထရန်စဖော်မာကို သွားရောက်လေ့လာမှုနဲ့အတူ စတင်ခဲ့ပြီး အဲဒီနောက်မှာတော့ ကျေးရွာမှာရှိတဲ့ အဖိုးအဖွား ၁၂ ဦးနဲ့ တွေ့ဆုံကာ အခက်အခဲတွေ၊ လိုလားချက်တွေကို မေးမြန်းခဲ့ပါတယ်။

“မနေ့ညက ရင်ထဲမှာဖြစ်ပေါ်လာတာပေ့ါနော့။ ဝမ်းတွေသာပြီးတော့၊ ငါ့တော့ လူဖြစ်စောလာပြီ၊ လူဖြစ်စောလာပြီ ဆိုပြီး”လို့ ရပ်မိရပ်ဖတွေ့ဆုံမှုမှာပါဝင်တဲ့ အသက် ၇၁ နှစ်အရွယ် ဦးဖေက မီဒီယာတွေကို ပြောပါတယ်။ 

ရပ်မိရပ်ဖတွေက စိုက်ပျိုးရေးနဲ့ သောက်သုံးရေအခက်အခဲတွေ အသိပေးခဲ့ကြပြီး “ဝန်ကြီးချုပ်ဆိုတာ ပြည်သူတွေခိုင်းဖို့”လို့ အဓိပ္ပာယ်ရတဲ့ သူ့ရဲ့ လက်စွဲတော် စကားကို မြေတိုင်ကန်ခရီးစဉ်အတွင်း ထပ်တလဲလဲ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူတို့ကို ကူညီဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာပြီး ဖြေရှင်းဖို့ကြားဝင် ညှိနှိုင်းပေးခဲ့ပါတယ်။

အဖိုးအဖွားတွေနဲ့ တွေ့ဆုံပြီးတဲ့အခါ ကျေးရွာရဲ့ ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်တဲ့ ယက္ကန်းစင်တွေကို လေ့လာခဲ့ပြီး အဲဒီနောက်မှာတော့ မူလရည်ရွယ်ထားတဲ့အတိုင်း ကျေးရွာသူ ရွာသား ၈ ဦးနဲ့ အတူ ငြိမ်းချမ်းရေးစကားဝိုင်း ဆင်နွှဲဖို့ သီဟာရာမဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကို သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ဒေသခံများ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ဒေသခံများ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ငြိမ်းချမ်းရေးအတွက် ကူညီပါ 

စကားဝိုင်းမှာပါဝင်သူတွေက ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေရရှိမှု၊ ချေးငွေ၊ ကုန်ကြမ်းရရှိမှု၊ သီးနှံသိုလှောင်မှုဆိုင်ရာ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြပါတယ်။

ထူးခြားတာက ငြိမ်းချမ်းရေးစကားဝိုင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီတွေ့ဆုံမှုမှာ လက်ရှိငြိမ်းချမ်းရေးအခြေအနေတွေကို သိရှိထားသူဆိုလို့ စီးပွားရေးတက္ကသိုလ်ကျောင်းသူ မထက်ထက်အောင်တစ်ဦးတည်း ရှိနေတာပါ။

စကားဝိုင်းမှာတစ်ဦးဖြစ်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ခင်ဆွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး “သမီးနားမလည်ဘူးရှင့်”လို့ ပြောခဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီလိုပွင့်ပွင့်လင်းလင်း ပြောတာ ကောင်းတယ်”လို့ ရီရီမောမောနဲ့ တုံ့ပြန်ရတဲ့အထိပါ။

အဲဒီနောက် မြေတိုင်ကန်ကျေးရွာလို ငြိမ်းချမ်းတဲ့နေရာတစ်ခုမှာ နေထိုင်သူတွေတောင် အခက်အခဲတွေအများကြီး ရင်ဆိုင်ရတယ်ဆိုတာကို ထောက်ချင့်ပြီး မငြိမ်းချမ်းတဲ့ဒေသက ပြည်သူတွေ ဘယ်လိုနေထိုင်နေရမလဲ စဉ်းစားစေလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ချေးငွေရဖို့ ပြဿနာလေးနဲ့လည်း မပြီးဘူး။ လျှပ်စစ်ရရှိရေး ပြဿနာလေးနဲ့လည်းမပြီးဘူး။ သူတို့ အသက်နဲ့ကိုယ် နောက်နေ့ရှိဦးမှာလားဆိုတဲ့ ပြဿနာကြီးကို အမြဲတမ်း ရင်ဆိုင်နေရတယ်”လို့ သူက ရှင်းပြပါတယ်။ နိုင်ငံရဲ့ တစ်နေရာရာမှာ အဲဒီလိုတွေဖြစ်နေတာဟာ တစ်နိုင်ငံလုံးကိုလည်း ဆိုးကျိုးသက်ရောက်စေတယ်ဆိုတာ သိရှိဖို့လိုတဲ့အကြောင်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အကျယ်တဝံ့ ပြောဆိုပါတယ်။

“နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်းရဲ့ အကြောင်းအရင်းတစ်ခုကလည်း ငြိမ်းချမ်းရေးမရတာကြောင့်ပဲ”လို့ သူက အသိပေးလိုက်ပါသေးတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် တတ်အားသရွေ့ ကူညီကြဖို့၊ ငြိမ်းချမ်းရေး ဖြစ်စေအပေါ် စိတ်ဝင်စားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးမရှိတဲ့ဒေသတွေက ပြည်သူတွေ ဘယ်လိုနေရ၊ ထိုင်နေရသလဲဆိုတာကို ငြိမ်းငြိမ်းချမ်းချမ်း နေနေရတဲ့ နေရာကလူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေဖို့ အစိုးရဖက်က ဆောင်ရွက်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“တစ်မြေထဲနေ၊ တစ်ရေထဲသောက်တယ်ဆိုပေမယ့် သူတို့ဘဝတွေဟာ ငါတို့ဘဝတွေနဲ့ ဘယ်လောက်ကွာနေလဲ ဆိုတာ နားလည်စေချင်တယ်။ အဲဒီနားလည်ခြင်းကနေ ဂရုဏာစိတ်ဖြစ်စေချင်တယ်။ ဂရုဏာစိတ်ပေါ် အခြေခံပြီး ညီညွတ်မှုကို ကျွန်မတို့တည်ဆောက်ရမယ်….. ညီညွတ်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်ခြင်း၊ လေးစားခြင်းကနေ စပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကူညီချင်တဲ့ ဆန္ဒကို အခြေခံပြီး ဝီရိယစိုက်ထုတ်ကြဖို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်တဲ့ ဉာဏ်ပညာကို အသုံးပြုကာ ကိုယ်စီပါဝင်ကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“စာနာစိတ်နဲ့တင်မက ပညာနဲ့ပါ နားလည်ပေးဖို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”လို့ သူက ဆိုတယ်။

သြဂုတ် ၇ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ မြေတိုင်ကန်ကျေးရွာတွင် ရွာခံ ဘိုးဘွားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သြဂုတ် ၇ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ မြေတိုင်ကန်ကျေးရွာတွင် ရွာခံ ဘိုးဘွားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အမျိုးသားပြန်လည်သင့်မြတ်ရေး ဝိုင်းဝန်းပေးပါ

ငြိမ်းချမ်းရေးစကားဝိုင်းရဲ့ နောက်ဆုံးပိုင်းမှာတော့ အွန်လိုင်းကတစ်ဆင့် မေးမြန်းထားတဲ့ မေးခွန်းသုံးခုကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံဖြေကြားခဲ့ပါတယ်။ ဒီမေးခွန်းတွေထဲက တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အာဏာရပြီးနောက် အစိုးရအဖွဲ့ မူဝါဒအဖြစ်ချမှတ်ထားတဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်ပြီး မေးမြန်းထားတာပါ။

မေးခွန်းရှင်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူ မအောင်မြင်ရသေးခြင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကြောင့်လား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြာင့်လား၊ တပ်မတော်ဖက်က အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းမရှိ၍လား၊  တပ်မတော်အပေါ် လက်နက်ကိုင်တိုင်းရင်းသားတွေ ယုံကြည်မှုမရှိခြင်းကြောင့်လား၊ လက်နက်ကိုင်ခေါင်းဆောင်များက ကိုယ့်အကျိုးစီးပွားကိုချည်း ရှေ့တန်းတင်နေလို့လားဆိုပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ သူရဲ့ နိုင်ငံရေးသက်တမ်းအတွင်း ရုန်းကန်ခဲ့ရတဲ့ သင်ခန်းစာများကြောင့် အမျိုးသားရင်ကြားစေ့ရေးကိစ္စဟာ လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူးလို့ ပြန်ဖြေပါတယ်။ 

ဒါ့အပြင် အမျိုးသားရင်ကြားစေ့ရေလုပ်ငန်းစဉ် အောင်မြင်မှုအပြည့်အဝ မရသေးတဲ့အပေါ် ဘယ်သူ့ကိုမှ အပြစ်ဆိုဖို့မရှိဘူးလို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မှတ်ချက်ပြုလိုက်ပါသေးတယ်။

“ဘယ်သူ့ကိုမှ လက်ညှိုးထိုးပြီး အပြစ်မချချင်ပါဘူး။ ဘယ်သူ့ကြောင့်လို့ မပြောချင်ပါဘူး။ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်မထပ်တလဲလဲ ပြောပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်မအောင်မြင်သေးတာဟာ တစ်ဦးပေါ်တစ်ဦး ယုံကြည်ချက် မပြည့်ဝသေးတာကြောင့်ဖြစ်တယ်လို့ သူက သုံးသပ်ပြပါသေးတယ်။

“လက်ညှိုးထိုးနေလို့ဘယ်မှမရောက်ဘူး။ တစ်ဖက်က အားနည်းချက်ရှိရင် သူတို့အားနည်းချက်တွေ ပြေပျောက်သွားအောင်လို့ ကျွန်မတို့က ဘယ်လိုဝိုင်းလုပ်ကြမလဲဆိုတာ စဉ်းစားရပါမယ်။ အဖက်ဖက်ကနေစဉ်းစားပေးဖို့ အင်မတန်မှ လိုပါတယ်။ ကိုယ်တစ်ယောက်ထဲ အမြင်နဲ့ ကြည့်နေလို့မရပါဘူး”လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်။

ဒါ့အပြင် ပြည်သူတွေကလည်း အများသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်မှာ ဘယ်လိုပံ့ပိုးနိုင်မလဲဆိုတာကို စဉ်းစားသုံးသပ်ပြီး ပါဝင်ကြပါလို့လည်း သူက မေတ္တာရပ်ခံခဲ့ပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ဘယ်လောက်အထိပါဝင်မှုရှိလဲ၊ ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို မေးပါ။ ပြဿနာတစ်ခုဖြစ်ရင် ဒီပြဿနာဘာလို့ဖြစ်လဲဆိုတဲ့ အကြောင်းအရင်းရှာရမယ်။ အဲဒီအခါ ကိုယ့်ကိုယ့်ကို ပထမပြန်စိစစ်ရမယ်။ ငါ့ဖက်က ဘာလိုခဲ့လဲ၊ ဘာမှားခဲ့လဲ၊ ငါ့မှာဘာအားနည်းချက်ရှိလဲ ဒါကို ပထမ စဉ်းစားရမယ်….. အားလုံးဝိုင်းပြီးတော့ ကြိုးစားကြရမှာဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ကိုယ့်တစ်ဖို့ထဲမကြည့်ဖို့

စကားဝိုင်းအတွင်း ဦးဆောင်သူအဖြစ်ပါဝင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒေသခံတွေဆီက လိုအပ်ချက်၊ လိုလားချက်များစွာကိုလည်း လက်ခံရရှိခဲ့ပါသေးတယ်။ စိုက်ပျိုးရေးရရှိရေးနဲ့ လျှပ်စစ်မီးရရှိရေးတို့ဟာ ဒီခရီးစဉ်အတွင်း အကြိမ်အတော်များများ ကြားခဲ့ရတဲ့ အကြောင်းအရာတွေပါပဲ။

 

 

လျှပ်စစ်မီးပေးနိုင်ပြီဖြစ်ပေမယ့် လျှပ်စစ်သွယ်တန်းအသုံးပြုရာမှာ ကုန်ကျမယ့်စရိတ်အပေါ် မျှဝေနိုင်ခြင်း မရှိလို့ အိမ်တိုင်း သုံးစွဲခွင့်မရသေးတာ၊ ကိုယ့်လယ်ယာမြေရေပိုရဖို့ စိုက်ပျိုးရေပို့လွှတ်တဲ့မြောင်းတွေကို ပြုပြင်ထားကြတာကြောင့် ကိုယ်ထူကိုယ်ထ စိုက်ထုတ် ပြင်ဆင်နိုင်ခြင်းမရှိတဲ့ တောင်သူတွေ အခက်အခဲတွေ့နေကြတာတွေ ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ့်အတွက်ပဲ မကြည့်ပါနဲ့။ အကျယ်အကျယ်ကြည့်ပါ။ တစ်တိုင်း တစ်ပြည်လုံးအတွက် ကြည့်ပါ။ မြို့နယ်တစ်ခုတည်းအတွက်လည်း ကြည့်လို့မရဘူး၊ ရွာတစ်ခုတည်း အတွက်လည်း ကြည့်လို့မရဘူး”လို့ ဒီကိစ္စတွေကို ရည်ညွှန်းပြီး စကားဝိုင်းအတွင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဒါကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် ကိုယ့်ရပ်ရွာ၊ ကိုယ့်မိသားစု၊ ကိုယ့်မြို့နယ်အတွက်လောက် သဘောမထားပဲ သဘောထားကြီးကြီးထားကာ နိုင်ငံ့အကျိုးအတွက် ထည့်သွင်းစဉ်းစားစေချင်တယ်လို့လည်း သူက တိုက်တွန်းလိုက်ပါသေးတယ်။

သူက “ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ နားလည်စေချင်တယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုရဲ့ အခြေခံက ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်ပဲ” လို့လည်း ထောက်ပြခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “ရယူခြင်းထက် ပေးကမ်းနိုင်ခြင်းဟာ အများကြီးပိုမြင့်မြတ်ရုံတင်မက ကိုယ့်ကိုယ်လည်း ပိုပြီးစိတ်ချမ်းသာမှုပေးပါတယ်” ဆိုတဲ့အကြောင်းကိုလည်းထည့်သွင်းရှင်းပြပါတယ်။

ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်မှန်ကန်မှုဟာ တိုင်းပြည် ဖွံ့ဖြိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ကဏ္ဍအရပ်ရပ်မှာ အင်မတန် အရေးကြီးတဲ့အတွက် ကိုယ့်အတွက်ပဲကွက်ပြီး စဉ်းစားတတ်တဲ့ အမူအကျင့်တွေကို ရပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါသေးတယ်။

“အားလုံးဝိုင်းပြီး ကူညီပါ။ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်နေပါတယ်။ ကျွန်မကတော့ ယုံကြည်မှုအပြည့်အဝ ရှိတယ်။ ပြည်သူလူထုက စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နားလည်မှုရှိရှိနဲ့ ပံ့ပိုးလို့ရှိရင် ကျွန်မတို့နိုင်ငံ မအောင်မြင်နိုင်စရာ အကြောင်းဘာမှမရှိဘူး”လို့လည်း သူက ပြောတယ်။

မြေတိုင်ကန်ကျေးရွာခရီးစဉ် စကားဝိုင်းအတွင်း အထူးခြားဆုံးနဲ့ နားထောင်နေသူအားလုံးကို စွဲဆောင်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ပရိသတ်တွေထဲက သုံးဦးကို ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူစကားပြောခဲ့ပြီး အဲဒီအထဲ တစ်ဦးပါဝင်တဲ့ ဒေါ်မြစန်းရီဆိုသူကြောင့်ပါ။

ဒေါ်မြစန်းရီဟာ သူ့ရဲ့ ပါးပြင်ပေါ် လှိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ရင်း “အမေစုကိုလည်း အသက်ငယ်စေချင်တယ်။ ၅၀ ကျော်လောက်ဖြစ်စေချင်ပါတယ် သိလား။ တစ်ကယ်ပြောတာ” ပြောလိုက်တာ ကြောင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ “ အသက် ၅၀ တော့ ပြန်မဖြစ်ချင်ဘူး။ နောက်တစ်ခါထပ်ပြီးရုန်းကန်ရဦးမှာပဲ။ ဒီအသက်ဒီအရွယ်နဲ့ပဲ ဆက်ပြီး နေပါရစေလို့ ကျွန်မပြောချင်ပါတယ်”လို့ ရီရီမောမောနဲ့ ပြန်ဖြေခဲ့ပါတယ်။

ခေါင်းစီးဓာတ်ပုံ- မြေတိုင်ကန်ရွာတွင် သြဂုတ် ၇ ရက်နေ့က ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးနေသည့် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar