ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး
နေပြည်တော်၊ ဒီဇင်ဘာ ၂
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့သည် ယနေ့ နံနက် ၉ နာရီတွင် သမ္မတအိမ်တော်၌ ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ကြရာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းထောက်များကို ပြောသည်။
အေးချမ်းစွာ အာဏာလွှဲပြောင်းရေးကိစ္စနှင့်ပတ်သက်၍ လူများစိုးရိမ်နေကြောင်း၊ ထိုကိစ္စနှင့် စပ်လျဉ်းပြီး သဘောထားမည်သို့ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင် သမ္မတ ဦးသိန်းစိန်က အာဏာကို စနစ်တကျ လွှဲပြောင်းပေးသွားမည့်အကြောင်း အာမခံပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့သည့် ၎င်းက သတင်းထောက်များကို ပြန်လည်ပြောပြသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတည်းက အနိုင်ရပါတီကို အာဏာလွှဲပြောင်း ပေးခဲ့ခြင်း မရှိသဖြင့် အစဉ်အလာသစ် ဖြစ်စေရန် သမ္မတဦးသိန်းစိန်က အာဏာလွှဲပြောင်းပေးဖို့ အာမခံခဲ့ပြီး ပြည်သူများ စိတ်ပူမနေဖို့ ထပ်လောင်းကတိပြုခဲ့သည်ဟု ၎င်းက ဆိုသည်။
ယခုဆွေးနွေးပွဲတွင် အခြားအရေးပါသော ကိစ္စများဖြစ်သည့် ငြိမ်းချမ်းဆွေးနွေးပွဲကိစ္စ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကိစ္စတို့ကိုမူ မဆွေးနွေးဖြစ်ခဲ့ဘဲ၊ အာဏာလွှဲပြောင်းရာတွင် ကြိုတင်စီစဉ်ရ မည့်ကိစ္စများ မည်သို့ ဆောင်ရွက်သင့်သည်ကိုသာ နှစ်ဘက်ခေါင်းဆောင်များက အဓိကထား ဆွေးနွေးဖြစ်ခဲ့သည်ဟု ဦးရဲထွဋ်က ဆိုသည်။
ဆွေးနွေးပွဲကို သတင်းထောက်များ သတင်းရယူခွင့်မရခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘက်မှလည်းကောင်း၊ သမ္မတရုံးဘက်မှလည်းကောင်း နှစ်ဘက်စလုံးက ကြေညာချက် အသီးသီးကို မကြာမီထုတ်ပြန်လိမ့်မည်ဟု သိရသည်။
dsc_6204.jpg
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ – ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း ယနေ့မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူလူထု၏ဆန္ဒကို အလေးထား၍ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နှစ်ဘက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးမကြာမီ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူရ ဦးရွှေမန်းတို့အား စည်းလုံးညီညွတ်ရေး၊ ရွေးကောက်ပွဲရလဒ်အတိုင်း အကောင်အထည်ဖော်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးရန် အဆိုပြုတောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေါ်စုသည် သူရဦးရွှေမန်းနှင့် တွေ့ဆုံပြီး နှစ်ဘက်အကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် အနိုင်ရ အင်န်အယ်လ်ဒီပါတီထံ ငြိမ်းချမ်းစွာ အာဏာလွဲှပြောင်းနိုင်ရေးကိစ္စများ ဆွေးနွေးနိုင်ခဲ့သည်။
၁၉၆၂ မှ ၂၀၁၀ အထိ တပ်မတော်၏ အုပ်ချုပ်မှုအောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိခဲ့သော ကြံ့ခိုင်ရေးပါတီက အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်၍ အုပ်ချုပ်ခဲ့ရာ အမျိုးသားနိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာအောင် လမ်းဖွင့်ပေးမှုအပါအဝင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများစွာကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
သတင်း – စိုးသန်းလင်း