ရန်ကုန်၊ နိုဝင်ဘာ ၂၀
ဒေါပုံမြို့နယ်ရှိ Capital ဈေးဝယ်စင်တာတွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့မှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်း စစ်ဆေးနေဆဲဖြစ်သဖြင့် လတ်တလောတွင် အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးရုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၉၉ တို့ထံ Frontier က ဆက်သွယ်မေးမြန်းစဉ် ၎င်းတို့က ပြန်လည် ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကမူ ကနဦးစစ်ဆေးမှုများအရ လက်လုပ်ဗုံးဖြစ်သည်ဟု ပြောကြားသည်။
“လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကနဦး စစ်ဆေးချက်အတွေအရတော့ လက်လုပ်ဗုံးတွေ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အဲဒီနေရာမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။
ပထမအကြိမ် ပေါက်ကွဲမှုသည် ပထမထပ်ရှိ ပလပ်စတစ်ပစ္စည်း အရောင်းခန်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒုတိယနှင့် တတိယအကြိမ် ပေါက်ကွဲမှုများသည် မြေညီထပ် မုန့်အရောင်းခန်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှု သုံးခုကြောင့် ထိခိုက်သူမရှိကြောင်းလည်း ဦးနိုင်ငံလင်းက အတည်ပြုပြောကြားသည်။
ကနဦးပေါက်ကွဲမှုမှာ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် နောက်ထပ် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားကြသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းက ပေါက်ကွဲမှုဖြစ်ပွားသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြု ပြောကြားသော်လည်း ဗုံးဟုတ်မဟုတ်ကိုမူ လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးဟု ပြောကြားသည်။
“ပေါက်ကွဲမှုကြောင့် လူကိုထိခိုက်မှုတော့မရှိခဲ့ပါဘူး။ အနီးအနားက စားသောက်ကုန်တွေ၊ ဆေးဗူးတွေလောက်ပဲ ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ လောလောဆယ် သိရှိထားပါတယ်”ဟု ဒေါပုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက Frontier ကိုပြောကြားသည်။
lbb110021.jpg
title=
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဈေးဝယ်စင်တာအတွင်းမှ ဈေးဝယ်သူများ၊ ဝန်ထမ်းများအား ပြင်ပသို့ ထွက်ခွဲရန် ရဲများက စီစဉ်ဆောင်ရွက်ခဲ့ပြီး ပေါက်ကွဲပစ္စည်းများ ရှင်းလင်းရေးလုပ်ဆောင်မည့် အထူးတပ်ဖွဲ့ဟု ယူဆရဖွယ်ရှိသော ရဲတပ်ဖွဲ့ဝင် ရှစ်ဦးခန့် ဈေးဝယ်စင်တာအတွင်းသို့ ဝင်ရောက်သွားကြောင်း ထိုနေရာ အနီးတွင်ရောက်ရှိနေသော သတင်းထောက်တစ်ဦးက Frontier ကိုပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့ ညကလည်း မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Centre ၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့် စုံစမ်းနေဆဲဖြစ်သည်။
သတင်း- ကျော်ဖုန်းကျော်