နေပြည်တော်၊ မေ ၁၆
လာမည့် ရက်သတ္တပတ်အတွင်း နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အား ဖိတ်ကြားထားကြောင်း သိရသည်။
ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်အား ပေကျင်းမြို့၌ မေ ၁၅ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ဖိတ်ကြားထားသည်ကို ဒေါ်အောင်ဆန်းကြည်က ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို လာမည့် မေ ၂၄ ရက်နေ့က စတင်ကာ နေပြည်တော်တွင် ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ် ၃၁ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမအကြိမ်အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတက်ရောက်ကာ ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။
မစ္စတာအန်တိုနီရို ဂူတာရက်စ်သည် ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ပင်လုံညီလာခံသို့ တက်ရောက်ဖြစ်ခဲ့ပါက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။