ဘင်္ဂလားရှေ့်နိုင်ငံသို့ ရောက်ရှိနေကြသည့် ဒုက္ခသည်များ ပြန်လည်လက်ခံသည့် လုပ်ငန်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဖိအားပေးနေချိန်မှာပင် ထိုလုပ်ငန်းစဉ်အတွက် စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရက ဘင်္ဂလားဒေရှ့်ကို တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၉ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် “ယခုအခါ မုတ်သုန်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား ဆောလျင်စွာ စတင်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်” ဟု ဖော်ပြထားသည်။
“ထို့ကြောင့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံက တိုက်တွန်းပါသည်” ဟုလည်း ဆက်လက်ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေ ၅ ရက်မှ ၆ ရက်အထိ ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ကျင်းပခဲ့သည့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သော ဒါကာကြေညာချက်အား ပြန်လည် တုန့်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ထို့ပြင် ရခိုင်ပြည်နယ်၌ “လူမျိုးစု သုတ်သင်ရှင်းလင်းမှု” နှင့် “အစိုးရ အားပေးသည့် အကြမ်းဖက်မှု” ဟူသော အသုံးအနှုန်းများအား သုံးနှုန်းခဲ့ခြင်းကိုလည်း မြန်မာအစိုးရက ပယ်ချခဲ့သည်။ ထိုအသုံးအနှုန်းများမှာ “တာဝန်မဲ့စွာ ဖော်ပြခြင်း” ဖြစ်သည်ဟုလည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေ့ရပ်စွန့်ခွာထွက်ပြေးကြသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့အကြား သဘောတူညီချက် ရရှိထားပြီးဖြစ်သော်လည်း မိသားစုတစ်စုမှအပ တစ်ဦးတစ်ယောက်မှ ပြန်လာကြခြင်း မရှိသေးပေ။ ထိုကဲ့သို့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးနေခြင်းနှင့် ပတ်သက်ပြီးလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အပြစ်တင်နေကြဆဲဖြစ်သည်။