ဒုက္ခသည် ပြန်ပို့ရေးု နှောင့်နှေးမှုနှင့် ပတ်သက်ပြီး မြန်မာက ဘင်္ဂလားဒေရှ့်ကို အပြစ်တင်

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်သိန်းပေါင်းများစွာအထဲက ပထမအသုတ်အဖြစ် လူ ၂,၂၀၀ ခန့်ကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ စီစဉ်ထားခဲ့ပေမယ့် တစ်ဦးမှ ပြန်မလာတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဘင်္ဂလားဒေရှ့်ကို ပြစ်တင်ပြောကြားလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဘက်က ယနေ့ဒီအချိန်တွင် တစ်ဦးတစ်ယောက်မှ စတင် လွှဲပြောင်းခြင်းမရှိတာကို တွေ့ရှိရပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ညနေပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း ရခိုင်ပြည်နယ်မှာ စစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မူဆလင်ခုနစ်သိန်းလောက်ဟာ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသွားကြပါတယ်။

ဘင်္ဂလားဒေရှ့်က ကြပ်သပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့သူတို့က စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ်က သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ မီးရှို့မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ စွပ်စွဲထားကြပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာတို့ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှ သဘောတူညီခဲ့ကြပေးမယ့် လပေါင်းများစွာ နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ဘင်္ဂလားဒေရှ့်ဘက်က ပြင်ဆင်မှုတွေမှာ အားနည်းခဲ့သလို လူစာရင်းပြုစုရာမှာလည်း အားနည်းမှုတွေရှိခဲ့တယ်လို့ ဦးမြင့်သူက ပြောပါတယ်။

“ကျွန်တော်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က Physical Arrangements နဲ့ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုမှာ အားနည်းခဲ့တာကို သုံးသပ်တွေ့ရှိရပါတယ်” လို့ ဦးမြင့်သူကပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ပထမအကြိမ် ကျွန်တော်တို့ဘက်ကို ပေးအပ်ခဲ့တဲ့ လူ ၈,၀၃၂ ဦး အနေနဲ့ ပုံစံတွေကို လူပုဂ္ဂိုလ်ကိုယ်တိုင် ဖြည့်စွက်ခဲ့ရတာ မဟုတ်တဲ့အတွက် အခုလို မလိုလား အပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်” လို့လည်း သူကပြောပါတယ်။

ကော့ဘဇာရှိ ကူတာပါလောင်စခန်းတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင် ၄၃၈ ဦးဟာ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လိုကြတယ်လို့ ထိုစခန်းကို အောက်တိုဘာ ၃၀ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိစဉ် သိရှိခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

“တစ်ဖက်နိုင်ငံကို နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်စေလွှတ်တဲ့ နေရာမှာ နေရပ်မပြန်လိုသူတွေကို တွန်းအားပေး စေလွှတ်နေမယ်ဆိုင်ရင် ပြန်လာမှာမဟုတ်ပါဘူး။ မိမိဆန္ဒအလျှောက် ပြန်လာလိုတဲ့သူတွေကို ဦးစားပေးစေလွှတ်မှသာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်က အဆင်ပြေမှာဖြစ်ပါတယ်” လို့ ဦးမြင့်သူကပြောပါတယ်။

အေအက်ဖ်ပီသတင်းဌာနရဲ့အဆိုအရ နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး ပြန်လွှတ်မယ့် စာရင်းထဲမှာ ပါဝင်တဲ့ ဒုက္ခသည်မိသားစုတွေဟာ မြန်မာနိုင်ငံကို မပြန်လိုကြတဲ့အတွက် စခန်းတွေကနေ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီလို မပြန်လိုတဲ့သူတွေကို အတင်းအကြပ် ပြန်လွှတ်လို့ မရဘူးလို့ ဘင်္ဂလားဒေရှ့် ဒုက္ခသည်အေဂျင်စီ မဟာမင်းကြီးက အေအက်ဖ်ပီကို နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြောကြားခဲ့ပါတယ်။

“UNHCR က သဘောဆန္ဒစစ်တမ်းအရ မေးမြန်းခဲ့တဲ့ မိသားစု ၅၀ လုံးမှာ ဘယ်သူကမှ လက်ရှိ အခြေအနေအတိုင်း ပြန်လိုတဲ့ဆန္ဒမရှိဘူးဆိုတာ တွေ့ရပါတယ်။ အခုအချိန် ပြန်ဖို့အတွက် လုံခြုံမှုရှိတယ်လို့ ဘယ်သူကမှ မခံစားရပါဘူး” လို့ မိုဟာမက်အဘူခါခမ်က AFP ကို နိုဝင်ဘာ ၁၅ ရက်နေ့က ပြောပါတယ်။“သူတို့ဆန္ဒမပါပဲ ကျွန်တော်တို့အနေနဲ့ သူတို့ကို အတင်းအကြပ် ပြန်လွှတ်လို့မရပါဘူး” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံကို မပြန်လိုတဲ့ဒုက္ခသည် ရာပေါင်းများစွာဟာ နိုဝင်ဘာ ၁၅ ရက်နေ့က မြန်မာနယ်စပ်အနီးမှာ စုဝေးပြီးဆန္ဒပြခဲ့ကြပါတယ်။ သူတို့က နိုင်ငံသားပေးဖို့နဲ့၊ သူတို့အတွက် အခွင့်အရေးတွေရရှိဖို့ တောင်းဆိုခဲ့ကြပြီး အဲဒါတွေအတွက် အာမခံချက်မရမချင်း မြန်မာနိုင်ငံကို ပြန်မှာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ကြပါတယ်။

ဦးမြင့်သူကတော့ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေရှ့်နဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ပြန်လည်လက်ခံရာမှာလည်း ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်အနေနဲ့ ပြောကြားလိုတာကတော့ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) အနေနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ပံ့ပိုးကူညီတဲ့နေရာမှာ အမှန်တကယ်ပြန်လိုသူတွေကို ဟန့်တားတဲ့ ပုံစံမျိုးမဖြစ် စေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပြန်လည် လက်ခံရေးလုပ်ငန်းကို ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးမြင့်သူက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar