ဒုက္ခသည်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုက အားတက်ဖွယ်ဖြစ်ဟု အီးယူပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၀

ဒုက္ခသည်အကြပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများမှာ “အလွန်အမင်း အားတက်ဖွယ်” ဖြစ်သည်ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲဖြစ်သူ Federica Mogherini က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသည့် ဥရောပ-အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် Mogherini သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ မလာရောက်မီ ၎င်းသည် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇာရှိ ဒုက္ခသည်စခန်းများသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်သိန်းပေါင်းများစွာ၏ အခြေအနေကို သွားရောက် ကြည့်ရှုခဲ့သည်။

“ဒီ (ဆွေးနွေးမှု)က အလွန်အမင်း အားတက်ဖွယ်ဖြစ်ပါတယ်” ဟု ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားသည်။

“ဖြစ်နိုင်ခြေရှိတာတွေအတွက် ကျွန်မ အလွန် အင်မတန်ကို အားတက်မိပါတယ်” ဟု မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား ဒုက္ခသည်များ ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ရရှိရေးနှင့် ပတ်သက်ပြီး ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့အကြား သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပေ။ မြန်မာနိုင်ငံကမူ မြန်မာနိုင်ငံသားအဖြစ် အထောက်အထား ခိုင်လုံသူများကိုသာ ပြန်လည်လက်ခံမည်ဟု ပြောကြားထားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ဒုက္ခသည်များအား ပြန်လည် လက်ခံရေးမှာ မြန်မာနိုင်ငံသားများသာမက ရခိုင်တိုင်းရင်းသားများကပါ လက်ခံရန် လိုအပ်သည်ဟု ပြောကြားထားသည်။

ဒုက္ခသည်များအား အလျှင်အမြန် ပြန်လည်လက်ခံရန် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေး တောင်းဆိုမှုများ ရှိနေသော်လည်း ဒုက္ခသည်အရေအတွက် များပြားသည့်အတွက် လျှင်လျှင်မြန်မြန်နှင့် လုံခြုံစွာ ပြန်နိုင်ရေးမှာ ဖြစ်နိုင်ခြေမရှိဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြောကြားထားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

တရုတ်နိုင်ငံကမူ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရေးအတွက် အခန်းကဏ္ဍသုံးခု ခွဲခြားရန် လိုအပ်သည်ဟု ရှုမြင်ကြောင်း ပြောကြားထားသည်။

ပထမအနေဖြင့် တည်ငြိမ်မှု၊ အေးချမ်းမှုရရှိပြီး နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ထိန်းသိမ်း ရန်ဖြစ်ကြောင်းနှင့် ဒုတိယအနေဖြင့် ဆွေးနွေးပွဲအတွက် ကောင်းမွန်သော နည်းလမ်း ရှာဖွေရန်ဖြစ်ပြီး တတိယအနေဖြင့် သဘောတူညီချက်စာချုပ်ကို အမြန်ဆုံးချုပ်ဆိုကာ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးကို ဖော်ဆောင်ရန်ဖြစ်သည်ဟု နေပြည်တော်သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို လက်ခံသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar