ဒုက္ခသည်များအား စိစစ်လက်ခံရန် အသင့်ရှိဟု မြန်မာအစိုးရပြောကြား

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကို ရောက်ရှိနေသူတွေကို ပြန်လည်စိစစ်လက်ခံဖို့ မြန်မာနိုင်ငံဖက်က အသင့်ပါပဲလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောကြားပါတယ်။

“အဲဒီအပေါ်မှာမှ ဆက်ပြီး ညှိကြတာ။ ညှိတော့ ကျွန်တော်တို့က စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာ ပြန်လည် လက်ခံရေးအစီအစဉ် မြန်မာနိုင်ငံက အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အစီအစဉ်တွေ နှောင့်နှေးနေမှာ စိုးတယ်” လို့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာ အောက်တိုဘာ ၃၁ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့စဉ် သူက ပြောကြားပါတယ်။

တစ်ဖက်နိုင်ငံကို ရောက်ရှိနေကြသူတွေကို ပြန်လည်လက်ခံဖို့ နိုဝင်ဘာ ၂၄ ရက်နေ့တုန်းက နေပြည်တော်မှာ မြန်မာနဲ့ ဘင်္ဂလားနိုင်ငံတို့အကြား ညှိနှိုင်းခဲ့ကြပြီးနောက် ပူးတွဲအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွေ ကြန့်ကြာနေပေမယ့် မြန်မာဖက်ကတော့ အချိန်မရွေး အဆင်သင့်ရှိနေတယ်ဆိုတာကို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့ နှစ်နိုင်ငံအကြားသဘောတူညီချက်ကို အခြေခံပြီး စိစစ်လက်ခံဖို့ မြန်မာဖက်က ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီလိုစီစဉ်ထားတာဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရလည်း ဖြစ်တယ်လို့ ဦးဇော်ဌေးက အသိပေးပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကတော့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ သဘောတူညီမှု မရသေးဘူးလို့ ပြောကြားထားပါတယ်။

အောက်တိုဘာ ၂၃ ကနေ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က “သူတို့ကတော့ အထက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့ပဲ ပြောထားပါတယ်” လို့ ဘင်္ဂလားဒေရှ့်နိုင်ငံက ဒုတိယစောင်ရေအများဆုံး သတင်းစာ The Daily Prothom နဲ့ အောက်တိုဘာ ၂၇ ရက်က တွေ့ဆုံစဉ် ပြောကြားထားပါတယ်။

မြန်မဘက်ကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ ၁၉၉၃ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်ဖို့ သဘောမတူတာကြောင့် စိုးရိမ်ပူပန်မှုရှိနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ သို့သော် ဘယ်အချက်တွေကို ညှိနှိုင်းလို့ မပြေလည်တာလည်းဆိုတာကိုတော့ ဆွေးနွေးနေဆဲမို့ ထုတ်ပြောလို့ မရသေးဘူးလို့ သူက ဆိုပါတယ်။

“ဒီအပေါ်မှာ ကြန့်ကြာနေတဲ့ အကြောင်းအရင်းက ဟိုဘက်(ဘင်္ဂလားဒေ့ရှ်) မှာ ကမ္ဘာ့အကြီးဆုံးဒုက္ခသည် စခန်းဆိုတာ ဆောက်ဖို့ပြောထားပြီးသား ကြေညာထားတယ်။ နောက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာလည်း ဒီဒုက္ခသည်တွေအတွက် ကွန်ဖရင့်ဆိုတာလုပ်တယ်။ ဒေါ်လာသန်း ရာနဲ့ချီပြီး လှူဒါန်းကြတယ်။ ဒုက္ခသည်စခန်းကြီး တည်ထားတယ်။ ဒေါ်လာသန်း ၃၀၀ ကျော်၊ ၄၀၀ လောက် သူတို့ရထားတယ်။ ရထားတဲ့ အပေါ်မှာ ဒီလူတွေကို ကျွန်တော်တို့ဘက် ပြန်လွှတ်တာ နှေးသွားမှာ ကြောက်တယ်”လို့ သူက ဆိုတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှာ သြဂုတ် ၂၅ ရက်က လုံခြုံရေးစခန်းတွေ တိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က နယ်ခြေလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေ စတင်ချိန်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ဒုက္ခသည်သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ကြပါတယ်။ ဒီလို ဒုက္ခသည်တွေ အစုလိုက် ထွက်ပြေးလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေ ရှိနေပြီး ထွက်ပြေးလာသူတွေကို ပြန်လည်လက်ခံဖို့ ဖိအားပေးမှုတွေလည်း ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရ်ှဖက်ကလာတဲ့ သတင်းတွေအရ ဒုက္ခသည် တစ်သန်းလောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ကတော့ သြဂုတ် ၂၅ ရက်နေ့ မတိုင်မီက ရောက်ရှိနေကြသူတွေကိုပါ ထည့်သွင်းရေတွက်ထားတာ ဖြစ်ပါတယ်။

ဒီလူတွေကို ငါးခူရနဲ့ တောင်ပြိုလက်ဝဲမှာ စခန်းတွေဖွင့်ပြီး ပြန်လည်လက်ခံဖို့ကိုတော့ မြန်မာအစိုးရက မူတွေ ချမှတ်ထားရာမှာ ပြန်လာလိုသူတွေဟာ မြန်မာနိုင်ငံမှာနေထိုင်သူဖြစ်ရမယ်၊ မိမိသဘောဆန္ဒအရ ပြန်လာသူဖြစ်ရမယ်၊ ပြေးနေရင်း မွေးလာတဲ့ကလေးရဲ့ မိခင်ဖခင်တွေဟာ မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်ရမယ်၊ မြန်မာပြည်ထဲ ပြန်ဝင်လာတဲ့အခါ ကွဲနေတဲ့ သူ့မိသားစုပါဆိုပြီး လူပိုတွေ ထပ်ခေါ်လာရင် အဆင့်မြင့် တရားရုံးရဲ့ ထောက်ခံချက်လိုအပ်တယ်စတဲ့ အချက်တွေပါဝင်တဲ့ ၁၉၉၃ စာချုပ်အတိုင်း စိစစ်လက်ခံမယ်လို့ ပြောထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar