ဒုက္ခသည်များကိစ္စ အစိုးရနှင့် ကုလအေဂျင်စီများ မကြာမီ လက်မှတ်ရေးထိုးနိုင်မည်

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှု စာချွန်လွှာကို မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။

“ကျွန်တော်တို့ မကြာမီ လက်မှတ်ရေးထိုးနိုင်ဖို့ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က နေပြည်တော်တွင် မေ ၃၁ ရက်နေ့က ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာအစိုးရက မေ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အရ နားလည်မှုစာချွန်လွှာအား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့်အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNDP နှင့် UNHCR တို့အကြား မေ ၃၁ ရက်နေ့တွင် ကနဦးလက်မှတ်တို ရေးထိုးခဲ့သည်ဟုဆိုသည်။

အဆိုပါနားလည်မှု စာချွန်လွာသည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အစိုးရများအကြား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် “မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်” အား အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရအား အထောက်အကူပြုနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ UNDP နှင့် UNHCR တို့သည် နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး၊ ၎င်းတို့အနေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်အတွက် သက်ဆိုင်ရာ အသိုက်အဝန်းများအတွင်း လိုအပ်သည်များ ပံ့ပိုးရေးရာတွင် မြန်မာအစိုးရနှင့်အတူ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

နားလည်မှုစာချွန်လွှာအတွက် ဆွေးနွေးရာတွင် ပူးတွဲဆွေးနွေးမှုများ၊ ဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။

“အခက်အခဲရှိသလားဆိုတော့ ကျွန်တော်တို့ UNDP နဲ့၊ UNHCR နဲ့ အစိုးရတို့ ဆွေးနွေးတဲ့နေရာမှာ တစ်ဖက်နဲ့တစ်ဖက် အစွမ်းကုန်ဖြေလျော့မှုတွေ ရှိပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။

ဒုက္ခသည်များ ပြန်လည်စေလွှတ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် နားလည်မှုစာချွန်လွှာကို ဘင်္ဂလားဒေရှ့်နှင့် UNHCR တို့သည့် ပြီးခဲ့သည့် ဧပြီလအတွင်းက လက်မှတ်ရေးထိုးခဲ့ကြသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လမှ စတင်ကာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင် ARSA အဖွဲ့အား ရှင်းလင်းရန် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများကြောင့် လူ ခုနစ်သိန်းခန့်မှာ နေရပ်ဒေသများကို စွန့်ခွာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်းများတွင် ကြပ်တည်းစွာနေထိုင်နေကြရသည့် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာလက နှစ်နိုင်ငံ သဘောတူညီချက် ရရှိပြီးနောက်ပိုင်း စတင်ဆောင်ရွက်ခဲ့သည်။

သို့သော် ဒုက္ခသည်များက ၎င်းတို့၏ လုံခြုံရေးအတွက် အာမခံချက်မရမချင်း ပြန်လာမည်မဟုတ်ဟု ပြောကြားကြသလို နိုင်ငံတကာကလည်း ဒုက္ခသည်များအနေဖြင့် ၎င်းတို့ သဘောဆန္ဒအလျောက် ပြန်လာခြင်းဖြစ်ရန် အရေးကြီးသည်ဟု တိုက်တွန်းနေကြသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးက မေ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်အရ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်သူ ၆၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar