ဒဂုံဆိပ်ကမ်းမြို့နယ်မှ NLD အမတ်တစ်ဦးသည် ၎င်းပိုင် အိမ်ခြံမြေများရှိသည့် ရပ်ကွက်တစ်ခုတည်းကိုသာ ရွေးချယ်ပြီး ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု အချို့က စွပ်စွဲခဲ့ကြသည်။
ဟိန်းကိုစိုး ရေးသားသည်။
အမှတ် ၇၈ ရပ်ကွက်သည် ပဲခူးမြစ်ဘေးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၌ လူနေအနည်းဆုံးရပ်ကွက်တစ်ခု ဖြစ်သည်။ ၎င်းမြို့နယ်တွင် နေထိုင်သူ ၂၀၀ ခန့်သာ ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ပိုင်းခြားထားသည့် ပုဏ္ဏမီလမ်းမကြီး၏ အခြားတစ်ဖက်တွင်မူ အိမ်နီးချင်းရပ်ကွက်များဖြစ်သည့် ၉၃ ရပ်ကွက်နှင့် ၉၄ ရပ်ကွက်တို့ တည်ရှိနေသည်။
ပုဏ္ဏမီလမ်းမကြီး၏ တစ်ဖက်တစ်ချက်သည် နေနှင့် ည ကွာခြားသလို ကွာခြားနေကြသည်။ ၉၄ ရပ်ကွက်တွင် ယုဇနဥယျာဉ်မြို့တော် တိုက်ခန်းများ အများအပြား တည်ရှိသည်။ ၉၃ ရပ်ကွက်တွင်မူ လူဦးရေ ၁၀,၀၀၀ ခန့် နေထိုင်ကြသည်။
အစိုးရက ၎င်းတို့၏ ရပ်ကွက်ကို လျစ်လျူရှုထားသည်ဟု ထိုရပ်ကွက်နှစ်ခုတွင် နေထိုင်သူအချို့က ပြောကြားကြသည်။ မြို့နယ်၏ လွှတ်တော်အမတ်ဖြစ်သူသည် ၎င်း၏ အကျိုးစီးပွားရှိသော ၇၈ ရပ်ကွက်၌သာ ဖွံဖြိုးရေးလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်နေသည်ဟု ၎င်းတို့က စွပ်စွဲကြသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်ဖြူဖြူခိုင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြုကာ ဒဂုံဆိပ်ကမ်း၊ အမှတ် ၁ မဲဆန္ဒနယ်၏ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။ သူမသည် ၂၀၁၂ ခုနှစ်ကတည်းက ပါတီဝင်ဖြစ်ခဲ့ပြီး နေအိမ်တွင်ပင် ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးခွဲကို ဖွင့်လှစ်ထားသည်။ နေအိမ်က ၉၄ ရပ်ကွက်တွင် တည်ရှိကာ သူမ၏ ဆေးခန်းကိုလည်း ၉၄ ရပ်ကွက်တွင်ပင် ဖွင့်လှစ်ထားသည်။
ဒေသခံများ၏ အဆိုအရမူ ဒေါ်ဖြူဖြူခိုင်သည် ၇၈ ရပ်ကွက်တွင် မြေကွက် အများအပြား ပိုင်ဆိုင်ထားပြီး ဆေးခန်းကို ထိုရပ်ကွက်သို့ ပြောင်းရွှေ့ တိုးချဲ့လိုနေသည်ဟု စွပ်စွဲထားကြသည်။ သူမသည် တခြားရပ်ကွက်များအတွက် ငွေကြေးဖြင့် ၇၈ ရပ်ကွက်တွင် လမ်းများနှင့် ပန်းခြံတစ်ခုကို တည်ဆောက်ထားသည်ဟု စွပ်စွဲထားကြသည်။
ဒေါ်ဖြူဖြူခိုင်အား ဝေဖန်သူတစ်ဦးဖြစ်သည့် ၉၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှကြည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
၉၃ ရပ်ကွက် နှင့် ၉၄ ရပ်ကွက်တွင် နေထိုင်သူ တစ်ဒါဇင်ခန့်က NLD ၏ တိုင်ကြားစာ လက်ခံသော ကော်မတီထံသို့ ဖေဖော်ဝါရီလအတွင်းက တရားဝင်တိုင်ကြားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် စိတ်ပျက်ခဲ့ကြရသည်။
“အမတ်ဆိုတာ ပြည်သူတွေရဲ့ အခက်အခဲ လိုအပ်ချက်တွေကို တရားမျှတစွာ ဖြေရှင်းပေးရမယ်။ သူက ခက်ခဲနေသူတွေရဲ့ အရေးကို မဖြေရှင်းဘဲ သူရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချ အမြတ်ထုတ်နေပါတယ်” ဟု တိုင်ကြားစာတွင် ရေးသားထားသည်။
NLD ၏ တိုင်ကြားစာ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးညွန့်ကမူ ပြီးခဲ့သည့် မတ်လအတွင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဒေါ်ဖြူဖြူခိုင်တွင် အပြစ်မရှိကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
သို့သော် သက်သေအသစ်များ တင်ပြပြီး တိုင်တန်းလာပါက ကော်မတီအနေဖြင့် ထပ်မံစစ်ဆေးရန် ဆန္ဒရှိပါသည်ဟု သူက ပြောကြားသည်။
ဒေါ်ဖြူဖြူခိုင်သည် NLD မြို့နယ်ရုံးခွဲ၏ အကြီးအကဲတစ်ဦးဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဖွံဖြိုးရေး ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် မြို့နယ်အတွက် ချမှတ်ပေးသော ရန်ပုံငွေများ သုံးစွဲမှုနှင့် ပတ်သက်ပြီး အတင့်အသင့် သြဇာလွှမ်းမိုးနိုင်သူ ဖြစ်သည်။
၂၀၁၇-၁၈ ခုနှစ်အတွင်း သူမ၏ မဲဆန္ဒနယ်တွင် တည်ဆောက်ခဲ့သော လမ်း ၂၄ လမ်းတွင် ၁၆ လမ်းမှာ ၇၈ ရပ်ကွက်၌ ဖြစ်သည်။ ၉၄ ရပ်ကွက်တွင် လမ်းသုံးလမ်းသာ တည်ဆောက်ခဲ့ပြီး ၉၃ ရပ်ကွက်တွင် တည်ဆောက်ခဲ့ခြင်း မရှိပေ။
၂၀၁၈-၁၉ ခုနှစ်တွင်လည်း ၇၈ ရပ်ကွက်တွင် လမ်း ၁၀ လမ်းကျော် ထပ်မံဆောက်လုပ်ရန် အဆိုပြုခဲ့သည်။ သို့သော် သူမ၏ မဲဆန္ဒနယ်အတွက် ရန်ပုံငွေ ချပေးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနှင့် တွေ့ဆုံခဲ့ပြီး မြို့နယ်အတွက် ရန်ပုံငွေ ချပေးရန် ပြောကြားထားသည်ဟု ဒေါ်ဖြူဖြူခိုင်က Frontier ကို ပြောသည်။
၇၇ ရပ်ကွက်ရှိ မြေကွက်အလွတ်များ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
“၇၈ ရပ်ကွက်က လွဲပြီး တခြားရပ်ကွက်တွေမှာလည်း လမ်းတွေ လုပ်ပေးဖို့ လိုတယ်” ဟု ၉၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှကြည်က ပြောသည်။ “ကျွန်တော်တို့ ရပ်ကွက်က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လူအစည်ဆုံး ဖြစ်တယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေတယ်” ဟု သူက ဆိုသည်။
ထိုရပ်ကွက်ကို ၁၉၉၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နေထိုင်သူ အများစုသည် သင်္ကန်းကျွန်းမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်များမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ မြို့နယ်၏ အစည်ကားဆုံးရပ်ကွက်တစ်ခုဖြစ်သော်လည်း ဈေးမရှိပေ။ ပန်းခြံလည်း မရှိပေ။ ပျက်စီးပေါက်ပြဲနေသည့် လမ်းများသာ ရှိသည်။ ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသောကြောင့် မိုးရာသီတွင် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိသည်ဟု ဒေသခံများက ပြောကြားသည်။
၉၃ ရပ်ကွက်တွင် လမ်းများ အဆင့်မြှင့်တင်ပေးရန်နှင့် ရေမြောင်းစနစ်များ တည်ဆောင်ပေးရန်အတွက် နိုင်ငံရေးသမားများကို နှစ်ပေါင်းများစွာ တိုက်တွန်းခဲ့သော်လည်း မည်သူကမျှ လုပ်ဆောင်ပေးခြင်းမရှိဟု ဦးလှကြည်က ပြောသည်။
ဒေါ်ဖြူဖြူခိုင်ကို Frontier က တွေ့ဆုံမေးမြန်းခဲ့ချိန်တွင်မူ သူ၏ ဆောင်ရွက်မှုများအတွက် ကာကွယ်ဖြေကြားခဲ့သည်။ ၉၃ နှင့် ၉၄ ရပ်ကွက်ရှိ လမ်းအများစုက ကွန်ကရစ်လမ်းများဖြစ်သည့်အတွက် ဒဂုံဆိပ်ကမ်းတွင် လမ်းများ အဆင့်မြှင့်တင်ရန် အစိုးရထံ တင်ပြချိန်တွင် ဖွံ့ဖြိုးမှုနည်းပါးသေးသည့် ၇၈ ရပ်ကွက်အတွက် ဦးစားပေး တင်ပြခဲ့ခြင်းက သဘာဝကျသည်ဟု ဒေါ်ဖြူဖြူခိုင်က ဆိုသည်။
“ကျွန်မရဲ့ မဲဆန္ဒနယ်ထဲမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။ ၇၈ ရပ်ကွက် တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အားလုံး အတွက်ပါ။ ၉၃ ရပ်ကွက်မှာ ဈေးတစ်ခု တည်ဆောက်ပေးဖို့အတွက်လည်း အစိုးရကို တောင်းဆိုသွားမှာပါ” ဟု သူမက ဆိုသည်။
၇၈ ရပ်ကွက်တွင် သူမပိုင် ခြံမြေများ ရှိသည်ကိုလည်း အတည်ပြုပြောကြားသည်။ သို့သော် ထိုရပ်ကွက်သို့ သူမ၏ စီးပွားရေးလုပ်ငန်း ပြောင်းရွှေ့မည့် အစီအစဉ် မရှိဟု သူမက ဆိုသည်။ “အခုဆို ကျွန်မက လွှတ်တော် ကိုယ်စားလှယ် အလုပ်ရော၊ ဆရာဝန်အလုပ်နဲ့ပါ မအားပါဘူး” ဟု သူမက ဆိုသည်။
၇၈ ရပ်ကွက်တွင် နေထိုင်သူများကမူ ရပ်ကွက်၏ ဖွံဖြိုးတိုးတက်လာမှုများကြောင့် ပျော်ရွှင်နေကြသည်။ ဦးကောပိတသည် ၂၀၁၂ ခုနှစ်တွင် ထိုရပ်ကွက်၌ ချမ်းမြေ့မေတ္တာ ဘုန်းတော်ကြီးကျောင်းကို တည်ထောင်ခဲ့သည်။ ထိုအချိန်က ရပ်ကွက်ထဲတွင် အိမ် အများအပြား မရှိသေးပေ။ မြေကွက်လပ်များသာ ရှိခဲ့သည်။
ဝေဖန်မှုများ ရှိနေသော်လည်း တုန်လှုပ်မည်မဟုတ်ဟု ဒေါ်ဖြူဖြူခိုင်က ပြောသည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
“၂၀၁၂ ခုနှစ်ကစပြီး ရပ်ကွက်ထဲမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ အများအပြား တွေ့လာရတယ်။ လျှပ်စစ်မီး ရလာတယ်။ ကျောင်းရှေ့မှာ ကွန်ကရစ်လမ်းမကြီးတစ်ခုကို ပြီခဲ့တဲ့နှစ်က တည်ဆောက်ပြီးသွားတယ်” ဟု ဦးကောပိတက မိန့်ကြားသည်။
သို့သော် ဒဂုံဆိပ်ကမ်းရှိ လူနေထူထပ်သော ရပ်ကွက်တစ်ချို့မှ လူ့အများအကြားတွင် မကျေနပ်မှုများ ရှိနေသည်။
တိုင်တန်းမှုတွင် ပါဝင်ခဲ့သူ ကိုကျော်အောင်ကမူ NLD ပါတီအနေဖြင့် ဒေါ်ဖြူဖြူခိုင်ကို အရေးယူပေးလိမ့်မည်ကို မျှော်လင့်နေသေးသည်ဟု ဆိုသည်။
ထိုသို့ ဝေဖန်မှုများ ရှိနေသော်လည်း ဒေါ်ဖြူဖြူခိုင်က မတုန်လှုပ်ပေ။
“ကျွန်မတို့မှာ စကားပုံ တစ်ခုရှိတယ်။ မပြည့်တဲ့ အိုးက ဘောင်ဘင် အခတ်ဆုံးဘဲ။ ဒါပေမယ့် ကျွန်မက ကျွန်မအလုပ်ကို ဆက်လုပ်သွားမှာပါ။ ကျွန်မတို့ရဲ့ ပန်းတိုင်ကို ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး” ဟု သူမက ပြောသည်။
ခေါင်းစီးဓာတ်ပုံ- ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လူဦးရေ ၂၀၀ ခန့်သာရှိသော ၇၈ ရပ်ကွက်မှ ရွှံ့ထူသော လမ်းတစ်လမ်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။