ထောင်ဖောက်ပြီး ထွက်ပြေးသွားတဲ့ အကျဉ်းသား ၃၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ကူးသွားဖို့ ကြိုးစားဖွယ်ရှိတယ်လို့ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ယနေ့ပြောကြားပါတယ်။ သူတို့ဟာ အမှိုက်ကားတစ်စီးကို လုယူပြီးနောက် ထောင်တံခါးတွေကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်က အကျဉ်းသားတွေဟာ စက်တင်တာ ၁၆ ရက်နေ့က ထွက်ပြေးသွားကြတာပါ။
လွတ်မြောက်သွားသူ ၄၁ ဦးအနက် ၁၄ ဦးကို ပြန်လည်ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ အစိုးရသတင်းဌာနတွေက ပြောကြားပြီး လွတ်မြောက်နေသေးသူတွေကို အနီးဝန်းကျင်ကျေးရွာတွေမှာ ရဲတပ်ဖွဲ့က ပိုက်စိတ်တိုက် ရှာဖွေနေကြပါတယ်။
ထောင်ဖောက်ပြေးကြသူတွေကြောင့် အနီးဝန်းကျင်က ကျေးရွာတွေမှာ ကြောက်ရွံ့နေကြတယ်လို့ ဒေသခံတာဝန်ရှိသူ ဒေါ်ခင်သက်က အေအက်ဖ်ကို ပြောပါတယ်။
“(လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဆီမှာ) စားသောက်ဖို့ ဘာမှမရှိဘူး၊ ပိုက်ဆံလဲ မရှိကြဘူး။ အဲဒါကြောင့် သူတို့လိုချင်တာတွေ ရရှိဖို့အတွက် ခြိမ်းခြောက် တောင်းယူကြလိမ့်မယ်လို့ လူတွေက ထင်နေကြတယ်” လို့ သူမက ပြောပါတယ်။
ထိုထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ဦးတည်ထွက်ပြေးကြဖွယ်ရှိတယ်လို့ သူမက ပြောပါတယ်။
“ဒါပေမယ့် ဒီက အာဏာပိုင်တွေကတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး သူတို့ကို ပြန်ဖမ်းမိအောင် ကြိုးစားနေကြတယ်” လို့သူမက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ပြီး စုပုံထားတဲ့ အမှိုက်တွေကို တင်ဆောင်မယ့် ယာဉ်ကို မောင်းနှင်တဲ့ အကျဉ်းသားဝန်ထမ်းကို အကျဉ်းသားတစ်ဦးက ထိုးကျိတ်၍ ယာဉ်အား မောင်းနှင်ကာ ထောင်တံခါးလေးဆင့်ကို တိုက်ဖွင့် ထွက်ပြေးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အဲဒီနောက် ယာဉ်ပေါ်နဲ့ ယာဉ်နောက်တို့ကနေ အကျဉ်းသားတွေ လိုက်ပါ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။
ဓာတ်ပုံတွေထဲမှာတော့ လဲပြိုနေတဲ့ ထောင်ဝင်း သံတံခါးနဲ့ ခါင်းပိုင်းအနည်းငယ် ပိန်ချိုင့်ပြီး မှန်အက်ကွဲနေတဲ့ ကားကို တွေ့မြင်ရပါတယ်။
အကျဉ်းသား ၄၁ ဦး လွတ်မြောက်သွားခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက အေအက်ဖ်ပီကို ပြောကြားပြီး ထွက်ပြေးနေကြသူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
အကျဉ်းသားတွေ ထွက်ပြေးမှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၇ နာရီအထိ အကျဉ်းသား ၁၄ ဦးကို ပြန်လည် ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ထွက်ပြေးနေကြသူတွေရဲ့ ဓာတ်ပုံတွေကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့က Facebook ပေါ်မှာ ထုတ်ပြန်ကြေညာထားပြီး တွေ့ရှိပါက သတင်းပေးဖို့ နှိုးဆော်ထားပါတယ်။
ကရင်ပြည်နယ်က ဘားအံအကျဉ်းထောင်မှာ အကျဉ်းသား ၂,၀၀၀ လောက် ထိန်းသိမ်းထားပြီး ထောင်တံခါးဝဘေးမှာတော့ “ကြင်နာမှုရှိပါ၊ သို့သော် ရပ်တည်ချက် ခိုင်မြဲပါစေ” ဆိုတဲ့ ဆောင်ပုဒ်ကို ရေးထိုးထားပါတယ်။
– မူလသတင်းကို နောက်ဆုံးရရှိသည့် အချက်အလက်များဖြင့် စက်တင်ဘာ ၁၇ ရက်၊ ညနေ ၃း၅၀ အချိန်တွင် ထပ်မံဖြည့်စွက်ထားခြင်းဖြစ်သည်။