ထိုင်းနိုင်ငံတွင် နှစ်ထပ်ဘတ်စ်ကားတစ်စီး ရေမြောင်းအတွင်း ပြုတ်ကျသွားမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားခြောက်ဦး သေဆုံးခဲ့သည်။
ယနေ့ ဧပြီ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုတွင် ဒဏ်ရာရရှိသူ ၃၀ ဦးရှိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားထားသည်။ အဆိုပါကားသည် ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မှ ဘန်ကောက်မြို့အနီးရှိ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဆီသို့ ညအချိန် မောင်းနှင်လာစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းဖြစ်သူက ရဲတပ်ဖွဲ့ထံ ပြောကြားချက်အရ ဘတ်စ်ကား၏ ဘရိတ်များ အလုပ် မလုပ်တော့ကြောင်း သိရသည်။ ယာဉ်မောင်းဖြစ်သူက ရဲတပ်ဖွဲ့က အရေးယူထားသည်ဟုလည်း သတင်းတွင် ရေးသားထားသည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်နေ့ကလည်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့သို့ ဦးတည်မောင်းနှင်လာသည့် ဘတ်စ်ကားတစ်စီး မီးလောင်ကျွမ်းမှုကြောင့် မြန်မာအလုပ်သမား ၂၀ ဦး သေဆုံးခဲ့ရသည်။
အဆိုပါသေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအတွက် မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဂရုဏာကြေးပေးအပ်ပွဲကို နေပြည်တော်တွင် ဧပြီ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် သေဆုံးသူ ၂၀ ဦးနှင့် ဒဏ်ရာရရှိသူ သုံးဦးအတွက် ဂရုဏာကြေးများကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပေးအပ်ခဲ့သည်။
ထို့ပြင် “နောင်တွင် ယခုကဲ့သို့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးမျိုး ရှောင်ရှားနိုင်ရေး အလုပ်သမားများ ခေါ်ယူရာမှာ လုံခြုံမှုရှိသော မော်တော်ယာဉ်များ အသုံးပြုရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ညှိနှိုင်း အကြောင်းကြားထားသည်” ဟု ဦးသိန်းဆွေက အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး အများစုမှာ ခက်ခဲပင်ပန်းသည့် အလုပ်များကို လုပ်ကိုင်နေကြသည်။