ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) တွင် ဗြိတိသ ျှနိုင်ငံသားနှစ်ဦးအား သတ်မှုဖြင့် ထိုင်းနိုင်ငံ တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်သည့် မြန်မာနိုင်ငံသားနှစ်ဦး ထိုင်းနိုင်ငံ ဥပဒေနှင့်အညီ အယူခံဝင်နိုင်ရေးအတွက် မြန်မာအစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
“လိပ်ကျွန်းလူသတ်မူအတွက် စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးစဉ် ကာလမှာရော၊ တရားရင်ဆိုင်စဉ်ကာလမှာရော ထိုင်းနိုင်ငံဥပဒေအရ ရသင့်တဲ့ အခွင့်အရေးများရရှိအောင်၊ အပြစ်မရှိကြောင်း သက်သေပြနိုင်အောင် မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။
အခု တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးအနေနဲ့ ထိုင်းနိုင်ငံဥပဒေနဲ့အညီ အယူခံခွင့် အဆင့်ဆင့် ကို ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ ကူညီပံ့ပိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကလည်း ထိုင်းနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အယူခံမှုအဆင့်ဆင့်မှာ ဒီအမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားများကို ပြန်လည်သုံးသပ်ပြီး စွပ်စွဲခံရသူနှစ်ဦး အပြစ်မရှိကြောင်း သက်သေပြနိုင်မယ်လို့ မေ ျှာ်လင့်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ ၎င်းက ရေးသားထားသည်။
ဗြိတိသ ျှနိုင်ငံသားနှစ်ဦးဖြစ်သူ ဟန်နာဝစ်ထာရစ်ချ်နှင့် ဒေးဗစ်မီလာတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကော့တောင်ကျွန်းတွင် အသတ်ခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည့် အသက် ၂၂ နှစ်အရွယ် ဇော်လင်းနှင့် ဝေဖြိုးတို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှုများဖြင့် စွပ်စွဲကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုကို ကော့စမွေတရားရုံးတွင် ၂၀၁၅ ခုနှစ် ဇူလိုင် ၈ ရက်မှ အောက်တိုဘာ ၁၁ ရက်နေ့အထိ စစ်ဆေးခဲ့ပြီး ယနေ့ အပြီးသတ်အမိန့်ချမှတ်ရာတွင် ပြစ်မှုထင်ရှားသည်ဟု ဆိုကာ ၎င်းတို့နှစ်ဦးလုံးကို သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အခြားပြစ်မှု ခုနှစ်မှုအတွက်လည်း သီးခြားပြစ်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။
စီရင်ချက်အား ခုနစ်ရက်အတွင်း အယူခံတင်သွင်းရမည်ဖြစ်ရာ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက တရားလွှတ်တော်နှင့် ဘုရင်ကောင်စီတို့ထံ အဆင့်ဆင့် အယူခံတင်သွင်းရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်း- Frontier သတင်းအဖွဲ့