ရွှေတြိဂံဒေသ၌ ထိုင်းစစ်တပ် ကင်းလှည့်အဖွဲ့နှင့် ညအချိန် ပစ်ခတ်မှုတစ်ခုတွင် ဝ လူမျိုး မူးယစ်မှောင်ခို ခြောက်ဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြောကြားသည်။
ဝေးလံခေါင်ဖျားပြီး တောင်ထူထပ်သည့်ဒေသတွင် ခြေလျင်ခရီး သွားလာနေကြသည့် ၎င်းတို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို ၎င်းတို့က ငြင်းဆန်ခဲ့ကြပြီးနောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မူးယစ်မှောင်ခို ခြောက်ဦး သေဆုံးသွားပါတယ်” ဟု နယ်ခြားတပ်ဖွဲ့မှူးဖြစ်သူ Jiradech Kamolpetch က ပြောကြားသည်။ အာဏာပိုင်များက အစောပိုင်းတွင် ခုနစ်ဦးဟု မှားယွင်းထုတ်ပြန်ခဲ့ပြီးနောက် ခြောက်ဦးသာဖြစ်သည်ဟု ပြန်လည် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
“လူ ၂၀ လောက်ပါတဲ့ အုပ်စုဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။ ကျန်ရှိသည့် လွတ်မြောက်သွားသူများကို ထိုင်းစစ်သားများနှင့် ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင် အပြင်းအထန် လိုက်လံ ဖမ်းဆီးနေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ပစ်ခတ်မှုအပြီးတွင် ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၅၅၄,၀၀၀ ပြား၊ ဟီးရိုးအင်း ၃၀ ကီလိုဂရမ်နှင့် လက်နက်နှစ်လက်ကို အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းစစ်တပ်မှ အမည်မဖော်လိုသူ အခြားအရာရှိတစ်ဦးထံမှ သိရသည်။
သေဆုံးသွားသူများမှာ မြန်မာနိုင်ငံတွင် နေထိုင်သည့် ဝ လူမျိုးများဖြစ်ကြသည်ဟု ၎င်းကပြောကြားသည်။
အင်အားကြီးမားသည့် လက်နက်ကိုင်တပ်ဖွဲ့ ကျောထောက်နောက်ခံရှိသည့် ဝ တို့သည် မြန်မာနိုင်ငံ၏ ကျယ်ဝန်းသည့် နေရာတစ်ခုကို ထိန်းချုပ်ထားပြီး အဆိုပါဒေသတွင် မူးယစ်ဆေးဝါး အင်ပါယာတစ်ခုကို တည်ထောင်ထားသည်ဟု စွပ်စွဲခံထားရသည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့ လာအိုနိုင်ငံနှင့် ထိစပ်နေကာ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဒေသဖြစ်ပြီး အမည်ဆိုးဖြင့် ကျော်ကြားနေသော ရွှေတြိဂံဒေသ၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင် ဝ ကွန်မြူနစ်အချို့ အခြေချနေထိုင်နေကြသည်။
အာရှဒေသတွင် မူးယစ်ဆေးဝါး လိုအပ်ချက် မြင့်တက်လာမှုနှင့်အတူ ယခင်က ဘိန်းကုန်သွယ်မှု၏ အချက်အခြာဖြစ်ခဲ့သော ရွှေတြိဂံဒေသသည် စိတ်ကြွဆေးပြားများ ထုတ်လုပ်သည့် ဒေသတစ်ခုအဖြစ် မကြာသေးမီက ဖြစ်ထွန်းလာသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ နောက်ဆုံးထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံး၌ စိတ်ကြွဆေးပြားဖမ်းဆီးရမိမှုမှာ ၂၀၁၄ ခုနှစ်တွင် ၁၇၀ တန်သို့ အမြင့်ဆုံး ရောက်ရှိခဲ့သည်။ အရှေ့တောင်အာရှ၊ အရှေ့အာရှနှင့် မြောက်အမေရိကတို့မှာ အဓိက ဈေးကွက်သုံးခုဖြစ်သည်။
သတင်း-အေအက်ဖ်ပီ