ထိုင်းက ဂူတွင်းပိတ်မိနေတဲ့ နိုင်ငံမဲ့လူငယ်လေးတစ်ဦးကို ရတနာတစ်ပါးလို့ ချီးကျူးနေကြ

အေအက်ဖ်ပီ

မြန်မာနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံက ခရစ်ယာန်ကျောင်းဆရာများထံမှာ ကြီးပြင်းခဲ့ကာ ယခုတော့ ရေလွှမ်းမိုးနေတဲ့ ဂူထဲ ၁၃ ရက်ကြာ ပိတ်မိနေတဲ့ Adul Sam-on ရဲ့ ယဉ်ကျေးသိမ်မွေ့မှုနဲ့ အင်္ဂလိပ်စကား ရေရေလည်လည် ပြောကြားနိုင်မှုတွေက လူတွေရဲ့ အသဲနှလုံးကို ဆုပ်ကိုင် ဖမ်းစားလိုက်ပါတယ်။

ထမ်လွန်ဂူရဲ့ အတွင်းပိုင်းမှာ သူ့ရဲ့ လူငယ်ဘောလုံးအသင်းနဲ့အတူ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ချိန်မှာ မျက်လုံးပြူးပြူးလေးနဲ့ သူရဲ့ပုံရိပ်ကို ကမ္ဘာအနှံ့ကို ထုတ်လွှင့်ခဲ့ပါတယ်။

ကောင်လေး ၁၂ ယောက်နဲ့ သူတို့ရဲ့နည်းပြကို လုံခြုံစိတ်ချစွာနဲ့ အပြင်ကို ဘယ်လို ခေါ်ထုတ်ရမလဲဆိုတာကို ကယ်ဆယ်ရေးသမားတွေက အဖြေရှာနေတုန်းမှာ သူဟာ တောင်ရဲ့ အတွင်းပိုင်းမှာပဲ ရှိနေပါသေးတယ်။ မကြာခင် မိုးတွေသည်းထန်စွာ ပြန်လည် ရွာသွန်းတော့မှာဖြစ်လို့ ကယ်ဆယ်ရေးကို အချိန်လုပြီး လုပ်နေကြပါတယ်။

“ကျွန်တော် Adul ပါ။ ကျွန်တော် ကျန်းမာရေးကောင်းပါတယ်” လို့ သူတို့အဖွဲ့ကို တွေ့ရှိပြီး နာရီပိုင်းအကြာမှာ ပေါ်ထွက်လာတဲ့ ဗီဒီယိုထဲမှာ အသက် ၁၄ နှစ်အရွယ် ပိန်လှီနေတဲ့ သူက ပြောကြားပါတယ်။ သူက ယဉ်ကျေးသိမ်မွေ့မှုရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ထိုင်းရိုးရာ (လက်အုပ်ချီပြီး ဦးညွှတ်ခြင်း)အတိုင်း နှုတ်ဆက်ခဲ့တယ်လို့ သူ့ဆရာတွေက ပြောပါတယ်။

“သူ့အကြောင်းပြောတာနဲ့ ပထမဆုံး တွေးမိတာက သူရဲ့ ချိုသာတဲ့ အပြုအမူဖြစ်ပါတယ်။ သူက ဖြတ်သွားတဲ့ ဆရာတိုင်းကို အကြိမ်တိုင်း လက်အုပ်ချီဦးညွှတ် နှုတ်ဆက်တတ်တယ်” လို့ Ban Pa Moead ကျောင်းက သူ့ရဲ့နည်းပြဖြစ်သူ Phanee Tiyaprom က အေအက်ဖ်ပီကို ပြောပါတယ်။

တိုင်းပြည်လူဦးရေရဲ့ သုံးပုံတစ်ပုံအောက်လောက်ကပဲ ပြောတတ်တဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျင်တာကြောင့်လည်း သူဟာ ချီးကျူးခံနေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ ညတုန်းက သူတို့အဖွဲ့ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိသျှ ရေငုတ်သမားတွေနဲ့ ပြောဆိုဆက်သွယ်နိုင်တဲ့ တဦးတည်းသောသူလည်း ဖြစ်ပါတယ်။

ကောင်လေးတွေကို အသည်းအသန် ရှာဖွေခဲ့ပြီးနောက် ကမ္ဘာတလွှားကို ထုတ်လွင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ “ဒီနေ့ ဘာနေ့လဲ” လို့ သူက အော်ပြောနေပါတယ်။ သူတို့ ဗိုက်ဆာနေကြပြီလို့လည်း ရေငုတ်သမားတွေကို ပြောပါသေးတယ်။

မြန်မာနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသမှာ မွေးဖွားခဲ့တဲ့ Adul ဟာ ထိုင်း၊ ဗမာနဲ့ တရုတ်စကားတွေကို ပြောဆိုတတ်ပြီးတော့ အသက် ခုနစ်နှစ်အရွယ်ထဲက ကျောင်းတက်နေတာ ဖြစ်ပါတယ်။

သူဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ပညာကောင်းကောင်း သင်ယူခွင့်ရရှိဖို့အတွက် သူ့မိသားစုကို ချန်ထားရစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူသွားတဲ့ ခရစ်ယာန်ဘုရားကျောင်းကိုတော့ သူမိသားစုတွေ လာရောက် လည်ပတ်နေကြဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့အဖြစ် မှတ်ပုံတင်ထားတဲ့ လူပေါင်း ၄၀၀,၀၀၀ ထဲမှာ Adul လည်း ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီထံက သိရပါတယ်။ ဒါပေမယ့် တချို့ကတော့ နိုင်ငံမဲ့ အရေအတွက်ဟာ ၃ ဒသမ ၅ သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

“တိုးတက်မှုတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံက နိုင်ငံမဲ့သူတွေဟာ သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေက ရရှိဖို့အတွက် စိန်ခေါ်မှုတွေကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်” လို့ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟန်နာ မက်ဒေါ်နယ်က အေအက်ဖ်ပီကို ပြောပါတယ်။

မွေးစာရင်း၊ အသိအမှတ်ပြုကတ်နဲ့ နိုင်ငံကူးလက်မှတ်မရှိတဲ့ Adul ဟာ တရားဝင် လက်ထပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ ဒါမှမဟုတ် ဘဏ်စာရင်းဖွင့်ခွင့်၊ ခရီးသွားခွင့်၊ ကိုယ်ပိုင်အိမ်ယာပိုင်ဆိုင်ခွင့်နဲ့ မဲပေးခွင့်တွေ မရှိပါဘူး။

နိုင်ငံမဲ့နေသူတွေအားလုံးကို ၂၀၂၄ ခုနှစ်မှာ အပြီး မှတ်ပုံတင်စာရင်းသွင်းပေးဖို့ ထိုင်းနိုင်ငံက ကတိပြုထားပေမယ့် အဲဒီမတိုင်မီအထိတော့ သူလို့လူတွေဟာ ဥပဒေရဲ့ သောင်တင်ရေမရ အခြေအနေထဲမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုအခြေအနေက သူ့ကို တွန့်ဆုတ်စေခြင်းမရှိပါဘူး။

ဘောလုံးကစားရတာ ဝါသနာပါတဲ့ သူဟာ စန္ဒယားနဲ့ ဂစ်တာတီးရတာကိုလည်း နှစ်ခြိုက်ပြီး စာတော်တဲ့ ကျောင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

“သူက ရတနာတစ်ပါးပဲ” လို့ ကျောင်းရဲ့ ဒါရိုက်တာဖြစ်သူ ဖူနာဝှစ် သက်ပ်ဆူရင်က အေအက်ဖ်ပီကို ပြောပါတယ်။

“သူက စာရော အားကစားရော တော်တယ်။ သူရဲ့ အောင်မြင်မှုတွေကနေ ကျောင်းအတွက် ဆုတံဆိပ်တွေ၊ အသိအမှတ်ပြုလက်မှတ်တွေ ရယူပေးခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar