ထိပ်တန်းသတင်းစာပညာ ဂုဏ်ပြုဆုကို Frontier သတင်းထောက် ရရှိ

အာရှဂျာနယ်လစ်များအတွက်ချီးမြင့်သော Kate Webb ဆုကို Frontier ၏ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူ ရရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ကြေညာခဲ့သည်။ ဂုဏ်သိက္ခာကြီးမြင့်သည့်ဆုကို မြန်မာနိုင်ငံမှ ပထမဆုံးရရှိသူ ကိုမြတ်ကျော်သူသည် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် လူ့အသိုင်းအဝိုင်းကြား တိုက်ခိုက်မှုများကို ဖော်ထုတ်ရေးသားမှုအတွက် ဆုရွေးချယ်ရေးကော်မတီ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။

ဝါရင့်သတင်းထောက်တစ်ဦးဖြစ်သူ ၎င်းသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာအစောပိုင်းက မောင်တောသို့ ရောက်ရှိခဲ့ပြီး Arakan Rohingya Salavation Army (ARSA) က စစ်တပ်နှင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ရာမှ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးကြီးကြောင့် ဒုက္ခသည် ၉၀၀,၀၀၀ ခန့် နယ်စပ်ကို ဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့မှုကို မှတ်တမ်းတင် ဖော်ပြခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်နှစ်အတွင်းက အစိုးရ၏ ခိုင်မာမှုမရှိသေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားနည်းစေရန် ခြိမ်းခြောက်မှုတစ်ခုဖြစ်သလို ကျေးရွာ ဒါဇင်ပေါင်းများစွာမှ ရွာသူ၊ ရွာသားများ ၎င်းတို့၏ နေအိမ်များကို စွန့်ထွက်ပြေးခဲ့ရသည့် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ခိုက်မှုများ အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သည်။

“ဒီဆုကို ကျွန်တော် ရရှိတဲ့အကြောင်း AFP ကဖုန်းဆက်ပြောတဲ့အချိန်ဟာ ကျွန်တော့အတွက်တော့ တကယ့်ကို ကြီးကျယ်တဲ့ အချိန် အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော့ဘဝမှာ ဒီလိုအချိန်မျိုး ဘယ်တုံးကမှ မကြုံခဲ့ဘူးပါဘူး။ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒီဆုကြောင့် ကျွန်တော့ရဲ့ သတင်းသမားဘဝကို ရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေပါတယ်” ဟု ကိုမြတ်ကျော်သူက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း ထင်ရှားသည့် သတင်းထောက်နှင့် အယ်ဒီတာများ ဖမ်းဆီးခံရသည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရိုက်တာ သတင်းထောက်များဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းခံခဲ့ရပြီးနောက် ထိုဆုကို ရရှိခြင်းကြောင့် ၎င်းအနေဖြင့် ဝမ်းနည်းဝမ်းသာ ဖြစ်ရကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“တချိန်တည်းမှာ ဒီက ကျွန်တော့သူငယ်ချင်းတွေ သူတို့အလုပ် သူတို့လုပ်ရင်း ဖမ်းဆီးခံနေရပါတယ်။ မြန်မာဂျာနယ်လစ်တွေကို စစ်တပ်နဲ့ အစိုးရက အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒါဟာ အရင်ကထက် ပိုဆိုးတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒီဆုဟာ ကျွန်တော့အတွက်သာမက မြန်မာဂျာနယ်လစ်အားလုံးရဲ့ ရုန်းကန်မှုအတွက်လည်း အသိအမှတ်ပြုတဲ့ သဘောပါ။ မြန်မာဂျာနယ်လစ်တွေဟာ အခုချိန်မှာ အလွန်ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ကိုမြတ်ကျော်သူက ပြောကြားသည်။

ကိုမြတ်ကျော်သူသည် ၎င်း၏ သတင်းသမားဘဝကို ၂၀၁၀ ပြည့်နှစ်က ယူနတီဂျာနယ်တွင် စတင်ခဲ့ပြီး Frontier နှင့် လက်မတွဲမီက မဇ္ဇျိမနှင့် မြန်မာတိုင်းမ်တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သေးသည်။ “ကိုမြတ်ကျော်သူက ကျွန်တော်တို့ရဲ့ သတင်းအဖွဲ့မှာ တကယ့်ကို ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။ သူက သူရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အခြားသူတွေကို စံနမူနာ ပြသသူပါ။ ပြီးတော့ အခက်ခဲဆုံး တာဝန်တွေပေးမှုတွေကိုလည်း လိုလိုချင်ချင် ထမ်းဆောင်ချင်စိတ်ရှိတဲ့သူ ဖြစ်ပါတယ်” ဟု Frontier ၏ ထုတ်ဝေသူ ဦးဆန်နီဆွေက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပြောသည်။

“သူက AFP Kate Webb ဆုကို ရရှိဖို့ တကယ်ထိုက်တန်တဲ့သူပါ။ ကျွန်တော်တို့အားလုံး သူ့အတွက် ဂုဏ်ယူပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွင်း သူ့ရဲ့ လုပ်ဆောင်မှုတွေအတွက်ရောပေါ့။ မကြာသေးခင်က ရိုက်တာသတင်းထောက်တွေ ထိန်းသိမ်းခံရတာက မြန်မာနိုင်ငံက သတင်းထောက်တွေ ဘာကို ရင်ဆိုင်နေရလဲဆိုတာကို ပြသနေတဲ့ ဝမ်းနည်စရာကောင်းတဲ့ သတိပေးချက်တစ်ခုပါ။ အထူးသဖြင့် ပဋိပက္ခကြောင်း ရေးသားတဲ့ အခါမှာပေါ့” ဟု ၎င်းက ထပ်မံပြောကြားသည်။ “စာဖတ်သူတွေကို စစ်မှန်တဲ့ သတင်းအချက်အလက်တွေပေးဖို့ ကြိုးစားသူတွေဟာ အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်ဖက်အုပ်စုတွေက ပစ်မှတ်ထားတားကို မကြာခဏ ခံရလေ့ရှိပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

၂၀၀၈ ခုနှစ်က တည်ထောင်ခဲ့သော Kate Webb ဆုကို ဒေသတွင်း ခက်ခက်ခဲခဲနှင့် အန္တရာယ်ရှိသောအလုပ်ကို လုပ်ဆောင်နေသည့် အာရှသတင်းထောက်များအတွက် AFP သတင်းဋ္ဌာနက နှစ်စဉ် ချီးမြင့်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဗီယက်နမ်စစ်ပွဲတွင် သတင်းရယူခဲ့သည့် ဝါရင့်သြတြေးလျ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Kate Webb ၏ အမည်ကို အစွဲပြု၍ ဆုကို ပေးအပ်နေခြင်းဖြစ်သည်။

သတင်း- ရှောင် ဂလေစင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.