နိုင်ငံတကာတွင် ထင်ရှားသည့် အမေရိကန်ဓာတ်ပုံဆရာတစ်ဦးကို မြန်မာနိုင်ငံက အမည်ပျက်စာရင်းသွင်းလိုက်ကာ မြန်မာနိုင်ငံတွင် ပြသမည့် ၎င်း၏ ဓာတ်ပုံပြပွဲသို့ တက်ရောက်ရန် လာရောက်မှုကို အဆိုပါ ပြပွဲမှာ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပါအဝင် တိုင်းပြည်မဲ့နေကြသူများအကြောင်း ရိုက်ကူးထားသည့် ဓာတ်ပုံများပြပွဲဖြစ်သည်။
၎င်းကို ရန်ကုန်လေဆိပ်တွင် နိုဝင်ဘာ ၁၁ ရက်နေ့က တားဆီးခဲ့ပြီး အမည်ပျက် စာရင်းသွင်းထားသည်ဟု ပြောကြားခဲ့ကြောင်း ဆုများရရှိထားသည့် မှတ်တမ်းဓာတ်ပုံဆရာ Greg Constantine က ပြောကြားသည်။
ထိုကဲ့သို့ တားဆီးခံရခြင်းမှာ ရိုဟင်ဂျာများ၏ ဘဝနှင့် ပတ်သက်ပြီး ၎င်းရိုက်ကူးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကြောင့် ဖြစ်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် နေထိုင်နေကြသည့် သန်းနှင့်ချီသော ရိုဟင်ဂျာ မူဆလင်များအား နိုင်ငံသားဖြစ်ခွင့်ပေးရန် မည်သည့် ဆောင်ရွက်မှုမျိုးကိုမဆို မြန်မာနိုင်ငံသားအများအပြားက အပြင်းအထန် ကန့်ကွက်နေကြသည်။
“ရခိုင်ပြည်နယ်က တိုင်းပြည်မဲ့နေသူတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီးလုပ်ခဲ့ပါတယ်။ ဒါက ကျွန်တော် အမည်ပျက်စာရင်းမှာ ဘာကြောင့်ပါသွားရသလဲဆိုတာအတွက် အကြောင်းပြချက်၊ ဒါမှမဟုတ် အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ မှန်းဆပါတယ်” ဟု Constantine ကပြောသည်။
အမည်ပျက်စာရင်းတွင် ပါဝင်နေမှုကြောင့် ၎င်းအား ပြည်ဝင်ခွင့်တားမြစ်ခဲ့ကြောင်းကို လူဝင်မှုကြီးကြပ်ရေးဌာနကလည်း အတည်ပြုခဲ့သည်။
“ဘယ်လိုအမည်ပျက်စာရင်းထဲမှာ သူပါနေလဲဆိုတာကိုတော့ ကျွန်တော်ပြောပြလို့ မရပါဘူး” ဟု လူဝင်မှုကြီးကြပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက အေအက်ဖ်ပီကို ပြောကြားသည်။
အဆိုပါဓာတ်ပုံဆရာ၏ Nowhere People ဟု အမည်ရသည့် ပြပွဲကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ယာယီရွှေ့ဆိုင်းထားသည်။ အဆိုပါ ဓာတ်ပုံပြပွဲမှာ တစ်ကမ္ဘာလုံးရှိ တိုင်းပြည် ၁၈ ခုမှ တိုင်းပြည်မဲ့နေသူများ၏ ဘဝများကို ၎င်းက ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။ အဆိုပါ ပြပွဲတွင် ပြသမည့်ဓာတ်ပုံများထဲတွင် မြန်မာနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည့် ရိုဟင်ဂျာများ၏ ဓာတ်ပုံများလည်း ပါဝင်သည်။