တံတားအမည်ကိစ္စ အငြင်းပွားခဲ့သော်လည်း ချောင်းဆုံတွင် ဒီချုပ်အသာရနိုင်ဟု မွန်ပါတီဆို

ချောင်းဆုံ၊ ဧပြီ ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သံလွင်မြစ်ကူးတံတားကြီးအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးမှုနှင့် ပတ်သက်၍ ဒေသခံများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား မကျေမနပ်ဖြစ် ကာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သော်လည်း ယခုကြားဖြတ်တွင် ဒီချုပ်ကသာ အသာရနိုင်ချေများနေသည်ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက Frontier ကို ပြောသည်။

ထို့ပြင် မွန်ပါတီများသည်လည်း တံတားအမည်အငြင်းပွားမှုကိစ္စအား နိုင်ကွက်တစ်ခုအဖြစ်အသုံးပြုကာ မဲမဆွယ်ခဲ့ဘဲ ရိုးသားစွာဖြင့်သာ ပါတီမူဝါဒများအားချပြဟောပြောကာ မဲဆွယ်ခဲ့ကြသည်ဟုလည်း သူကဆိုသည်။

“လူတွေထဲမှာက တံတားကိစ္စမကျေနပ်တဲ့သူတွေရှိပင်သော်ငြားလည်း တစ်နှစ်လောက်ပဲ အစိုးရသက် တမ်းရှိသေးတော့ သူတို့တချို့အပိုင်းတွေ မလုပ်နိုင်သေးဘူး၊ သည်းညည်းခံစိတ်ရှည်ပေးသင့် တယ်ဆိုပြီး ယူဆတဲ့သူတွေလဲရှိကြပါတယ်”ဟု သူက ဆိုသည်။

မွန်ပါတီများ ကွဲပြားနေခြင်းကလည်း ဒီချုပ်အားအသာရစေသည့် အချက်တစ်ခုဖြစ်သည်ဟု သူကမှတ်ချက်ပြုခဲ့သေးသည်။

ထိုမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးအေးဝင်းကလည်း ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒနယ်နှစ်ပိုင်းရှိရာ တောင်ဘက်ခြမ်းမဲဆန္ဒနယ် ဖြစ်သည့် အပိုင်း ၂ တွင် သူ့အား တခဲနက်ထောက်ခံသည်ဟု ယုံကြည်ကြောင်း Frontier ကိုပြောသည်။

မြို့နယ်၏ မြောက်ဘက်ပိုင်း အပိုင်း ၁ တွင်မူ အပိုင်း ၂လောက် အပိုင်မပြောနိုင်သော်လည်း ထောက်ခံသူများရှိကြောင်း သူဆက်ပြောသည်။

“မဲဆွယ်တုန်းက ကျွန်တော့်ကို တံတားကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားသာဆိုရင် ဘယ်လိုနာမည်ပေးမလဲ ဆိုပြီး မေးတဲ့သူ အနည်းငယ်ရှိပါတယ်။ ကျွန်တော်သူတို့သဘောပေါက်အောင်ရှင်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်”ဟုလည်း သူကဆိုသည်။

ချောင်းဆုံမြစ်ကူးတံတားကိစ္စ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူအများစုသည်လည်း ချောင်းဆုံမြို့နယ် ဒေသခံများ ထက် တခြားမြို့နယ်များမှ မွန်တိုင်းရင်းသားများ အားဖြည့်ပါဝင်ခဲ့သဖြင့် လူဦးရေ ထိုမျှများပြားခဲ့ခြင်း ဖြစ်ကြောင်း၊ မဲပေးရာတွင်မူ ချောင်းဆုံမြို့နယ်တွင်းနေထိုင်သူများသာ မဲပေးရမည်ဖြစ်သဖြင့် ၎င်းအပေါ်ထောက်ခံမဲ အများအပြားလျော့နည်းမည်မဟုတ်ဟု ယူဆသည်ဟုလည်း သူကရှင်းပြသည်။

သို့သော် ချောင်းဆုံမြို့နယ်အတွင်းရှိ ကမနင်းကျေးရွာတွင်မူ ဒီချုပ်အား မဲပေးပါက ဓားနှင့်ခုတ်မည်ဟု ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်ဟု ထိုရွာမှမဲဆန္ဒရှင်များကအချို့က ပြောသည်ဟု ဦးအေးဝင်းက Frontier ကို ပြန်လည်ပြောကြားသည်။ ယခုထိုကိစ္စအား ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်ရန် ဟုတ်မဟုတ် စိစစ်နေကြောင်းသိရသည်။

လက်ရှိတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တစ်ခုတည်းသာရှိပြီး မွန်ပါတီများ ဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီများနှင့်အတူ ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြရာ စုစုပေါင်း ကိုယ်စားလှယ်လောင်း ငါးဦးရှိနေသည်။

တံတားအမည်ပေးမှုကိစ္စ အငြင်းပွားထားသဖြင့် လူအများကလည်း ထိုမဲဆန္ဒနယ်အား စိတ်ဝင်စားမှုမြင့်တက်နေသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar