အထူးသဖြင့် ဆန်နဲ့သကြား တရားမဝင် တင်သွင်းမှုကို တရုတ်အစိုးက အရေးယူချင်လို့ တရုတ်ဘဏ်တွေမှာ ထားတဲ့ မြန်မာလုပ်ငန်းရှင်တို့ရဲ့ အကောင့် ၁၀၀ ကျော်ကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်လို့ မြန်မာလုပ်ငန်းရှင်တို့ ထိခိုက်နစ်နာခဲ့ရပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့အပတ်က မြန်မာ နယ်စပ်ကုန်သည်လောကကို ကိုင်လှုပ်လိုက်တာကတော့ တရုတ်ဘဏ်တွေကနေ မြန်မာကုန်သည်တွေရဲ့ ဘဏ်အကောင့်တွေကို ထိန်းချုပ် Freeze လုပ်လိုက်တဲ့ကိစ္စပါ။
ဒီလို လုပ်လိုက်ရတာနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က ဖြေရှင်းချက်ပေးတာက တရုတ်နိုင်ငံ လွေမုန်ကူးပြည်နယ်၊ အန်ဝေပြည်နယ်နဲ့ အတွင်းမွန်ဂိုလီးယားမှာ အွန်လိုင်းကနေ လောင်းကစား လုပ်ပြီး ငွေကြေးတွေ တရားမဝင် လွဲှပြောင်းတာ၊ ငွေသွင်း ငွေထုတ်တာတွေ ဆောင်ရွက်နေတာကြောင့် မြန်မာနယ်စပ် ရွှေလီမြို့ပေါ် ဘဏ်ခွဲတွေကနေ အကောင့် ၃၄၉ ခုကို စစ်ဆေးဖို့ ဆိုပြီး ခေတ္တပိတ်ထားခဲ့တာ ဖြစ်တယ်၊ အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ အကောင့် ၁၃၂ ခု ပါဝင်သွားတယ်ဆိုတာပါပဲ။
အဲဒီထဲကမှ အမှုနဲ့မဆိုင်တဲ့ ဘဏ်အကောင့်တွေကို အမြန်ဆုံး ပြန်ဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ တရုတ်ဘက်က အဲလိုပြောဆိုမှုကို မြန်မာကုန်သည်တွေဘက်က မယုံကြည်ကြပါဘူး။ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့လုပ်တဲ့ တရုတ်ဘဏ်တွေရဲ့ လုပ်ရပ်နောက်ကွယ်မှာ ဘာအကြောင်းအချက်တွေ ရှိနေနိုင်မလဲ၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာတွေ ခုလို အထိမနာရလေအောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်ရင် သင့်တော်မလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
အခုကိစ္စ ဖြစ်ဖြစ်ချင်းမှာကိုပဲ မြန်မာဘက်က သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံဘက် အခြမ်းကို ပြောဆိုဆွေးနွေး အရေးဆိုတာတွေ ရှိခဲ့ပါတယ်။ မြန်မာ ကုန်သည်တွေဘက်ကလည်း တရုတ်နယ်စပ် မူဆယ်မြို့က တာဝန်ရှိသူတွေကို တိုင်တန်းတာ ရှိသလို ထိပ်ပိုင်း အစိုးရ အရာရှိကြီးတွေကိုလည်း အကူအညီတောင်းကြပါတယ်။
အခုဖြစ်စဉ်မှာ မြန်မာဘဏ်အကောင့် ၁၃၂ ခု ပါသွားတယ်ဆိုပြီး တရုတ်ဘက်က ပြောပေမဲ့ ဇွန်လ ၂၁ ရက်ထိ မူဆယ်ခရိုင်ရုံးမှာ သတင်းပို့ထားသူ မြန်မာကုန်သည် အယောက် ၄၀၀ နီးပါး ရှိနေပါတယ်။ ဒါကိုကြည့်ရင် တရုတ်ဘက်ကပြောတဲ့ မြန်မာဘဏ်အကောင့် ၁၃၂ ခုဆိုတာ မမှန်သလို လောင်းကစားကြောင့်၊ မူးယစ်ဆေးကြောင့်၊ ငွေကြေးခဝါချမှုကြောင့် အခုလို ဘဏ်အကောင့်တွေကို ထိန်းချုပ်ရတာပါ ဆိုတာကို ယုံကြည်တဲ့ မြန်မာကုန်သည်ဆိုလည်း မရှိသလောက်ပါပဲ။ ဒါဆိုရင် တရုတ်အစိုးရက ဘာကြောင့် အဲလို လုပ်ရတာပါလဲ။
မြန်မာကုန်သည်တွေ ယုံကြည်နေကြတာကတော့ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်ကနေ တရုတ်ကို ဆန်နဲ့ သကြားတွေ အကြီးအကျယ် တင်ပို့နေတယ်၊ အဲဒါတွေဟာ တရုတ်အစိုးရဘက်က ခွင့်ပြုထားတာ မဟုတ်ဘူး၊ တရားမဝင် မှောင်ခိုတင်သွင်းမှု ဖြစ်တယ်၊ ဒါတွေကို နှိမ်နင်းချင်လို့ အခုလို အရေးယူတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
မြန်မာဘက်က စာရင်းတွေအရ အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇွန်လဆန်းအထိ ပြည်ပကုန်သွယ်ရေး ပမာဏ ဒေါ်လာ ၅ ဘီလျံကျော် ရှိရာမှာ နယ်စပ်ကုန်သွယ်ရေး ပမာဏ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံနီးပါး ရှိနေပါတယ်။ အများစုဟာ တရုတ်နယ်စပ်တွေကနေ ကုန်သွယ်တာပါ။ နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ အဲဒီထဲမှာ မြန်မာနိုင်ငံကနေ တရုတ်ဘက်သွင်းတဲ့ ဆန်၊ ပြောင်းနဲ့ သကြားကနေ ရတဲ့ငွေပမာဏကလည်း အတော်များပါတယ်။
တရုတ်ဘက်ကို မြန်မာဆန်တွေ အလုံးအရင်းနဲ့ ဝင်နေပေမဲ့ တရုတ်အစိုးရက တရားဝင် ခွင့်ပြုထားတာ မရှိတော့ မှောင်ခိုသဘောဖြစ်နေတာပါ။ သကြားလည်း ထို့နည်း၎င်းပါပဲ။ တရုတ်ဘက်က သကြားလိုအပ်လို့ မြန်မာတွေကနေ ထိုင်းနယ်စပ်ကနေ သကြားတွေသွင်း၊ မြဝတီကနေ မန္တလေး-မူဆယ်လမ်းအတိုင်း တက်လာပြီး တရုတ်ဘက် ပြန်ရောင်းနေကြတာပါ။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်ကြည့်ရင် တရုတ်ဘက်က ဘက်ပေါင်းစုံကနေ အသာစီး ရနေတာ တွေ့နိုင်ပါတယ်။ ကုန်သွယ်မှုပမာဏမှာ တရုတ်ဘက်ကနေ မြန်မာဘက်ကို သွင်းတဲ့ပမာဏ ပိုများတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဈေးကွက်ကို တရုတ်နိုင်ငံအတွင်း ဆွဲယူပြီး ဈေးကွက်ကို လိုသလို ထိန်းကျောင်းနိုင်တာပါ။ မြန်မာတွေအပေါ် လိုသလို အမြတ်ထုတ်နိုင်တာပါ။
တရုတ်အစိုးရအနေနဲ့ကတော့ သူ့ဆီက စပါးစိုက်တောင်သူတွေ၊ ကြံစိုက်တောင်သူတွေနဲ့ သကြားစက် လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ ဆန်နဲ့ သကြားကို တရားဝင် တင်သွင်းခွင့် မပေးတာမျိုးပါ။ ဒါပေမဲ့ အဲလို တရားမဝင် တင်ပို့ရောင်းချတဲ့နည်းနဲ့ပဲ တရုတ်ကုန်သည်တွေနဲ့ မြန်မာကုန်သည်တွေ လုပ်ကိုင်လာကြတာ နှစ်ကာလ အတော်ကြာနေပါပြီ။
ကုန်သွယ်ရေးက တရားမဝင်ဖြစ်ပေမဲ့ ကုန်သည်တွေကတော့ တရုတ်ဘဏ်တွေကို အသုံးပြုပြီး ငွေပေးငွေယူ ပြုလုပ်ကြရပါတယ်။ ဒီနေရာမှာ မြန်မာကုန်သည်တွေအနေနဲ့ တရုတ်ဘက်နဲ့ ကုန်သွယ်ရေးလုပ်ရာမှာ ငွေပေးငွေယူလုပ်ဖို့ တရုတ်ဘဏ်မှာ ကိုယ်ပိုင်အကောင့် ဖွင့်ထားတာ ရှိသလို တချို့ ငွေလွဲှဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတွေကို အားကိုးရတာလည်း ရှိပါတယ်။
မြန်မာဘက်က ဆန်ကုန်သည်တွေဟာ ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ ဆန်ကို ဝယ်ယူစုဆောင်းပါတယ်။ နောက် တရုတ်နိုင်ငံဘက်က ကုန်သည်နဲ့ ချိတ်ဆက်ပြီး ဆန်ရောင်းပါတယ်။ ဆန်ဖိုးငွေကို တရုတ်ကုန်သည်ကနေ မြန်မာကုန်သည်ရဲ့ တရုတ်ဘဏ်အကောင့်ထဲ တရုတ်ငွေနဲ့ ငွေလွဲှပေးပါတယ်။
မြန်မာကုန်သည်ဟာ သူ့အကောင့်ထဲ ဝင်လာတဲ့ငွေထဲက လိုသလောက်ကို ငွေလွဲှသမားရဲ့ တရုတ်ဘဏ်အကောင့်ထဲ လွဲှထည့်ပေးပြီး မန္တလေး၊ ဒါမှမဟုတ် ရန်ကုန်မှာ အဲဒီငွေလွဲှထံကနေ မြန်မာကျပ်ငွေကို ပြန်ထုတ်ယူပါတယ်။ တချို့တွေကိုကျ တရုတ်ကုန်သည်က မြန်မာငွေလွဲှသမားရဲ့ အကောင့်ထဲ တိုက်ရိုက်ထည့်ပေးပြီး မြန်မာကုန်သည်က အဲဒီငွေလွဲှဆီက ငွေကို မြန်မာနိုင်ငံထဲက တနေရာရာမှာ ပြန်ရယူပါတယ်။
ပြောရရင် မြန်မာကုန်သည်တွေအားလုံး တရုတ်နဲ့ ကုန်သွယ်ရာမှာ တရုတ်ဘဏ်တွေနဲ့ မကင်းပါဘူး။ ဒါ့အပြင် တရုတ်ဘဏ်တွေမှာ အကောင့်ဖွင့်ပြီး အလုပ်လုပ်နေတဲ့ မြန်မာဟွန်ဒီ ငွေလွဲှသမားတွေကလည်း တရုတ်ဘဏ်တွေနဲ့ မကင်းပါဘူး။ လက်ရှိ တရုတ်ဘက်က အကောင့်တွေ ပိတ်လိုက်တာမှာ မြန်မာငွေလွဲှသမား အနည်းဆုံး အယောက် ၂၀ လောက်ရဲ့ အကောင့်တွေ ပါသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ပိတ်မိသွားတဲ့ ငွေပမာဏကလည်း တစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ ရှိနိုင်ပါတယ်။
တရုတ်အစိုးရဟာ အရင်တုန်းကလည်း ဒီလိုပဲ ဆန်၊ ပြောင်း ကုန်သည်တွေရဲ့ ဘဏ်စာရင်းကို ယာယီ ပိတ်တာမျိုး လုပ်ဖူးပါတယ်။ တခါတရံ နှစ်ချီကြာပါတယ်။ နောက်တော့ ပြန်ဖွင့်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာကုန်သည်တွေအဖို့ တရုတ်တွေနဲ့ ကုန်သွယ်ရာမှာ အန္တရာယ် မကင်းဘူးဆိုတာ အခုဖြစ်ရပ်က သက်သေပြနေပါတယ်။
အခုဖြစ်ရပ်မှာ ပြဿနာ နှစ်ခု မြင်နိုင်ပါတယ်။ တစ်ခုက ဆန်လို၊ သကြားလို ကုန်စည်တွေကို တရားမဝင် ကုန်သွယ်နေရတာ ဖြစ်ပြီး ငွေကြေးလွဲှပြောင်းမှုမှာလည်း တရားမဝင်သဘော ဖြစ်နေတဲ့ပြဿနာပါ။ ဒီ ပြဿနာအတွက် မြန်မာကုန်သည်တွေ စုပေါင်းပြီး အဖြေရှာဖို့ လိုပါတယ်။ မြန်မာကုန်သည်တွေ စုပေါင်းအဖြေရှာ ရလာတဲ့ရလဒ်ကို အစိုးရက ထိထိရောက်ရောက် အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ ကိုယ့်မြန်မာကုန်သည်တွေကို မြန်မာအစိုးရက ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ရပါလိမ့်မယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ပြန်ကြည့်ရင် တရုတ်ဘက်က ဘက်ပေါင်းစုံကနေ အသာစီး ရနေတာ တွေ့နိုင်ပါတယ်။ ကုန်သွယ်မှုပမာဏမှာ တရုတ်ဘက်ကနေ မြန်မာဘက်ကို သွင်းတဲ့ပမာဏ ပိုများတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဈေးကွက်ကို တရုတ်နိုင်ငံအတွင်း ဆွဲယူပြီး ဈေးကွက်ကို လိုသလို ထိန်းကျောင်းနိုင်တာပါ။ မြန်မာတွေအပေါ် လိုသလို အမြတ်ထုတ်နိုင်တာပါ။
မြန်မာနိုင်ငံထဲမှာ ထွက်တဲ့ ကျောက်စိမ်း၊ ကျောက်မျက်၊ သစ်၊ သစ်သီးဝလံ ဈေးကွက်အားလုံး တရုတ်နိုင်ငံထဲမှာပါ။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံထဲမှာ လက်တွေ့ကျတဲ့ စီးပွားရေးပေါ်လစီ မရှိတာ၊ အရင် စစ်အစိုးရ အဆက်ဆက်က ကိုယ့်ကုန်သည်တွေကို အကာအကွယ်ပေးဖို့၊ ဈေးကွက်ကိုယ့်ဆီမှာ ရှိနေဖို့ထက် လာဘ်စားဖို့၊ ကိုယ်ကျိုးရှာဖို့လောက်ပဲ စိတ်ဝင်စားတာကြောင့် ဖြစ်ခဲ့ရတာပါ။ အခု အစိုးရသစ်လက်ထက်မှာ မူဝါဒပြောင်းဖို့ လိုပါပြီ။
အစိုးရဆိုတာ ကိုယ့်ကုန်သည်တွေကို အကာအကွယ်ပေးဖို့၊ ကိုယ့်ကုန်သည်တွေ လိုချင်တဲ့ ဈေးကွက်မျိုး ဖြစ်လာစေဖို့၊ ကုန်သွယ်ရေးမှာ အားကြိုးမာန်တက် အပြိုင်အဆိုင်လုပ်ပေးဖို့ လိုအပ်နေပြီဆိုတာ နားလည်ချိန်တန်ပြီဖြစ်ကြောင်းပါ။