မူဆယ်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်၊တရုတ်နိုင်ငံဖက်အခြမ်း ရွှေလီမြို့တွင် ယနေ့နံနက်က စတင်ကာ တရုတ်စစ်တပ်က လက်နက်ကြီးများအပါအဝင် စစ်တပ်အင်အား တိုးမြှင့်ချထားလိုက်သည်ကို တွေ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ကာ တရုတ်-မြန်မာ နယ်စပ်အနီး မူဆယ်ဒေသတွင် စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဖက်သို့ လက်နက်ကြီးများကျရောက်သည်ဟု တရုတ်အစိုးရက နိုဝင်ဘာ ၂၂ ရက်နေ့က ပြောဆိုထားသလို အဆိုပါ လက်နက်ကြီးများအား ၎င်းတို့ ပစ်ခတ်ခြင်းမဟုတ်ဟု မြန်မာတပ်မတော်ကလည်း ငြင်းဆိုထားသလို တိုင်းရင်းသား လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့များကလည်း ငြင်းဆိုထားသည်။
ရွှေလီမြို့တွင် လက်နက်ကြီးများ၊ အဝေးပစ်လက်နက်များပါဝင်သည့် ထရပ်ကား အစီးရေ ၂၀ ကျော်ကို တွေ့ရပြီး ရွှေလီမြို့အထွက်တွင်လည်း စစ်သုံးထရပ်ကား အစီးရေ ၁၅ စီးကျော်ခန့် လုံခြုံရေးယူထားသည်။
ဒေသခံများကမူ ယခုကဲ့သို့ တရုတ်စစ်တပ်မှ အင်အားအများအပြားသွားလာနေသည်ကို “အရင်က ဒီလောက်အများကြီး မတွေ့ဖူးဘူး” ဟု ပြောဆိုကြသည်။
နယ်နိမိတ်ချင်း အနီးဆုံးနေရာဖြစ်သည့် ယူနန်ပြည်နယ်၊ ဝမ်တိန်မြို့ဖက်တွင် ထင်ရှားသည့် နယ်စည်းခြားတံတိုင်းမရှိဘဲ ယခင်က မရှိခဲ့သည့် တရုတ်နိုင်ငံအလံငယ်များကို နယ်နိမိတ်အမှတ်အသားအဖြစ် ယခုရက်ပိုင်းအတွင်း စိုက်ထူထားသည်။
တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ဗဟိုစစ်ကော်မရှင်၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ်တို့သည် နိုဝင်ဘာ ၂၅ ရက်နေ့က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။
တရုတ်အစိုးရ၏ထုတ်ပြန်ချက်အရ လက်ရှိနှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည် ၃,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ အဆိုပါ ဒုက္ခသည်များကို လက်ရှိအချိန်တွင် တရုတ်ဖက်အခြမ်း နယ်စပ်မြို့ဖြစ်သည့် ဝမ်တိန်တွင် ဒုက္ခသည်စခန်းဖွင့်ကာ လက်ခံထားပြီး ကြက်ခြေနီအဖွဲ့များနှင့် ဒေသခံအလှူရှင်များက ထောက်ပံ့ပေးလျက်ရှိနေသည်။
အဆိုပါက ဒုက္ခသည် အများစုမှာ ဝမ်တိန်နှင့် နီးကပ်လျက်ရှိသည့် မြန်မာဖက်အခြမ်း ပန်ဆိုင်းမြို့မှ ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည့် မုံးကိုးမှ ဒုက္ခသည်များမှာမူ လက်ရှိအချိန်တွင် နှစ်နိုင်ငံနယ်စပ်ပေါ်တွင်ရှိသည့် မန်ဟိုင်းတွင် ခိုလှူံနေကြရသည်။
နယ်စပ်အနီးတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်နိုင်ရန်အတွက် တရုတ်နိုင်ငံတပ်မတော်အနေနှင့် “အမြင့်ဆုံးတပ်လှန့်ထားသည်” ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
သတင်း-မြတ်ကျော်သူ