တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်း Mr Hong Liang ဟာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ထံ သူ့ရဲ့ ခန့်အပ်လွှာကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ ပေးအပ်ခဲ့ပါတယ်။ သံအမတ်ကြီးဟာ သံအမတ် မဖြစ်ခင်က တရုတ်နိုင်ငံ နိုင်ငံခြားဆက်ဆံရေး ဝန်ကြီးဌာနလက်အောက်က အာရှဆက်ဆံရေးဌာနမှာ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး မလေးရှားနဲ့ သြစတြေးလျနိုင်ငံတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုနှစ် မတ်လ ၄ ရက်မှာ မစ္စတာ ဟုန်လျန်းဟာ ရန်ကုန်က သူ့ရဲ့နေအိမ်မှာ အမေး၊ အဖြေကဏ္ဍတစ်ခု ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံရဲ့အဓိက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေက ဘာဖြစ်မလဲ။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းလုပ်ဆောင်မှုတွေက မြန်မာပြည်သူတွေအတွက် အကျိုးရှိပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မြန်မာနဲ့ ယူနန်ကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်နေပြီး မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း ပြောဆိုဆွေးနွေးပြီးပါပြီ။ သယ်ယူပို့ဆောင်ရေးနဲ့ အခြေခံအဆောက်အအုံတွေကတော့ လိုအပ်နေပါသေးတယ်။

ဥပမာအနေနဲ့ တရုတ်နိုင်ငံကို ပစ္စည်းတင်ပို့၊ တရုတ်နိုင်ငံက ပစ္စည်းတင်သွင်းတာတွေက အချိန် အရမ်းကြာတဲ့အတွက် လုပ်ငန်းရှင်တွေက သူတို့အတွက် အကျိုးမရှိဘူးလို့ ထင်ကြပါတယ်။ လာမယ့်အနာဂတ်မှာ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံကို ပစ္စည်းတင်သွင်း၊ မှာယူတင်ပို့တာတွေ လုပ်ဆောင်တဲ့အခြေအနေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် စီးပွားရေးကလည်း ဖွံ့ဖြိုးလာပါလိမ့်မယ်။

မြစ်ဆုံစီမံကိန်းက မြန်မာနိုင်ငံမှာ အငြင်းပွားဖွယ် အဖြစ်ဆုံး စီမံကိန်းတစ်ခု ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုသဘောထားရှိပါလဲ။

ဒီလိုမျိုးစီမံကိန်းမျိုးတွေမှာ မတူညီတဲ့ အမြင်တွေ ရှိတတ်ကြပါတယ်။ ဒီကိစ္စက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာပဲ အမြင်ကွဲလွဲနေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာလည်း ဒီအတိုင်းဖြစ်နေကြတာပါ။ ပြည်သူတွေအနေနဲ့ အမြင်တစ်မျိုး ရှိနေကြပေမယ့် ကျွန်တော်တို့အနေနဲ့ နိုင်ငံအတွင်းက ပြည်သူတွေအကျိုးရှိ၊ မရှိကို သေချာစဉ်းစားရပါလိမ့်မယ်။ စီမံကိန်းကနေ ဒေသခံပြည်သူတွေအပေါ် ဘယ်လို အကျိုးခံစားခွင့် ပေးနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအစိုးရက ပြည်သူတွေနဲ့ ဆွေးနွေးမှာ ဖြစ်သလို လုပ်ငန်းအတွင်း ပါဝင်တဲ့ ဒေသခံ လုပ်ငန်းရှင်တွေနဲ့ အသစ်တက်လာမယ့် အစိုးရနဲ့လည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်တန့်သည်ဖြစ်စေ၊ မရပ်တန့်သည်ဖြစ်စေ ခိုင်မာတဲ့ ဖွံဖြိုးတိုးတက်မှုကိုတော့ စဉ်းစားဖို့ လိုပါတယ်။

အရင်က မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက အစိုးရအချင်းချင်း တိုက်ရိုက်ဆက်ဆံမှုစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ အခုအစိုးရသစ်မှာရော ဒီအခြအနေက ပြောင်းလဲသွားနိုင်မလား။

ဟုတ်ပါတယ်၊ အဲဒီတုန်းက အခြေအနေတွေအပေါ် မူတည်ပြီး ကျွန်တော်တို့က အစိုးရအချင်းချင်း တိုက်ရိုက်ဆက်ဆံမှုစနစ်ကို ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ သဘောထားအပေါ် မူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရသစ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုမျိုး လိုချင်ပြီး နီးကပ်စွာလည်း အလုပ်လုပ်ဆောင်ချင်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမြဲတမ်း ဆန့်ကျင်ခဲ့ပြီး ဒါဟာ နိုင်ငံကို အကျိုးဖြစ်ထွန်းစေချင်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဘယ်တုန်းကမှ မထောက်ခံခဲ့ပါဘူး။

မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်အောက်ကို နှစ်ပေါင်းများစွာ ကျရောက်ခဲ့ပေမဲ့ အခုအချိန်မှာတော့ သူတို့လိုချင်တဲ့အစိုးရသစ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချမှတ် ရယူနိုင်ခဲ့ပါပြီ။ လာမယ့်အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့အတူ အလုပ်လုပ်ချင်တဲ့အတွက် လူမှုဖူလုံရေးနဲ့ အဖွဲ့အစည်း ဖွံ့ဖြိုးရေးကိစ္စတွေကို ပိုပြီးအလေးထားသွားပါလိမ့်မယ်။

အရင်ကလိုမျိုး အစိုးရသစ်လက်အောက်မှာ ရပ်နားခဲ့တဲ့စီမံကိန်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က စိုးရိမ်တာမျိုးရှိမလား။

ဒီလိုကိစ္စမျိုး ဖြစ်မလာဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ရေအားလျှပ်စစ်က ရရှိလာမယ့် အကျိုးအမြတ်တွေကို ပြည်သူတွေ နားလည်ပြီး အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ မိုးရာသီမှာ ရေသိုလှောင်ဖို့နဲ့ ဆောင်းနဲ့နွေရာသီမှာ ရေပြန်ဖြန့်နိုင်ဖို့ ရေအားထိန်းချုပ်ရေးစနစ်က မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ ဒီလိုထိန်းချုပ်မှုစနစ်ကို မြန်မာနိုင်ငံက လိုအပ်ပါတယ်။

သတင်း – Frontier စာတည်းအဖွဲ့

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.