တရုတ်နိုင်ငံအတွက် မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်ဖြစ်လာမည့် မူဆယ်–ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် နှစ်ရှည်ကြန့်ကြာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုများနှင့်အတူ ယခုနှစ်အစောပိုင်းတွင် ပြန်လည်အသက်ဝင်လာခဲ့သည်။ ယင်းစီမံကိန်းက နိုင်ငံအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည်လားဆိုသည့်အပေါ် စောင့်ကြည့်လေ့လာသူများက မေးခွန်းထုတ်နေကြသည်။
ဖရွန်တီးယားမြန်မာ
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်၌ ကျင်းပသော တရုတ်နှစ်သစ်ကူး အခမ်းအနားတွင် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မြန်မာ–တရုတ် ဆက်ဆံရေးတွင် မူဆယ်–မန္တလေး ရထားလမ်းစီမံကိန်း၏အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ ဖောက်လုပ်ရန် စီစဉ်နေသည့် မူဆယ်–မန္တလေး ရထားလမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်မြို့ မူဆယ်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို ဆက်သွယ်မည့် စီမံကိန်းကြီး၏ ပထမအဆင့် ဖြစ်သည်။
အဆိုပါ ရထားလမ်းသည် တရုတ်နိုင်ငံအတွက် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရရှိစေမည့် အဓိက လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သည့်အပြင် နှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု ၄င်းက ဆိုသည်။
မူဆယ်–မန္တလေး ရထားလမ်း စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့် ဒေသများကို ဖြတ်သန်းမည်ဖြစ်သည်။ အဆိုပါဒေသများတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားလျက်ရှိသည်။
ထို့အပြင် မန္တလေးမှ ကျောက်ဖြူသို့ ဆက်သွယ်မည့်လမ်းပိုင်းသည်လည်း တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းရမည်ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဟု စစ်ကောင်စီက ပြောဆိုနေသော်လည်း ရှမ်းမြောက် ဒေသခံအချို့ကမူ ၎င်းတို့အတွက် အကျိုးအမြတ် ကြီးကြီးမားမား ရရှိလာမည်ဟု မမျှော်လင့်ကြောင်း ဖရွန်တီးယားမြန်မာကို ပြောသည်။
“ရထားလမ်းကြောင့် ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းမှာ တိုးတက်မှုတော့ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေ အလုပ်အကိုင် ရဖို့ဆိုတာ အခွင့်အလမ်း နည်းနိုင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မူဆယ်ဒေသခံတစ်ဦးက ပြောသည်။
“တရုတ်စီမံကိန်းတွေမှာ တရုတ်ဘက်က သူတို့အလုပ်သမားတွေကိုပဲ ခေါ်လာလေ့ရှိတယ်။ ဒေသခံတွေ ပါဝင်ရင်တောင် အရေအတွက် နည်းနိုင်တယ်။ ဘာသာစကား အခက်အခဲတွေရှိသလို ကျွမ်းကျင်မှုနဲ့ နည်းပညာပိုင်းမှာလည်း နှစ်နိုင်ငံ အလုပ်သမားတွေကြား ကွာဟချက်တွေ ရှိနေတယ်” ဟု သူက ရှင်းပြသည်။
“နောက်ပြီး မြေယာသိမ်းဆည်းခံရတာတွေကြောင့်လည်း ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
စီမံကိန်းကို ကန့်ကွက်သူများအနေဖြင့်လည်း ဖိနှိပ်ခံရနိုင်သည့် အန္တရာယ်ရှိကြောင်း ဒေသခံများက ထောက်ပြကြသည်။
“အာဏာမသိမ်းခင်ကဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးမရှိတဲ့ ဒါမှမဟုတ် ထိခိုက်နစ်နာစေတဲ့ စီမံကိန်းတွေကို ပြည်သူတွေ ကန့်ကွက်ခွင့်ရှိခဲ့တယ်။ ဒါပေမဲ့ အခုလို လက်နက်အားကိုး အုပ်ချုပ်နေတဲ့ အခြေအနေမှာတော့ စီမံကိန်းကို မကြိုက်လို့ဖြစ်စေ၊ နစ်နာလို့ဖြစ်စေ သဘောထား ထုတ်ဖော်ဖို့ မလွယ်တော့ဘူး” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပြသည်။
“ဒီစီမံကိန်းက မြန်မာနိုင်ငံထက် တရုတ်နိုင်ငံအတွက် ပိုအကျိုးရှိမယ်လို့ ကျွန်တော် ယူဆတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်းက တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (BRI) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါ” ဟု ၎င်းက ဆိုသည်။

စီမံကိန်း မူလအစ
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ အရေးပါမှုကို ထပ်မံပြောကြားခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးစဉ် “BRI ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားမည်” ဟု စစ်ခေါင်းဆောင်က ကတိပေး ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော တရုတ်နိုင်ငံ၏ မဟာဗျုဟာမြောက် BRI စီမံကိန်းသည် နိုင်ငံပေါင်း ၁၅၀ ကျော်တွင် အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ပါဝင်သည့် အစီအစဉ်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အစီအစဉ်ကို တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဟု ခေါ်ဆိုပြီး မူဆယ်–ကျောက်ဖြူ ရထားလမ်းသည်လည်း ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ဤရထားလမ်းသည် မြန်မာနိုင်ငံအတွင်း ချိတ်ဆက်သွားလာမှုသာမက ဒေသတွင်း ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးကိုပါ ချိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။ တရုတ်နယ်စပ်တွင် တည်ဆောက်ဆဲဖြစ်သော ပေကျင်း–ကူမင်း–ရွှေလီ မြန်နှုန်းမြင့်ရထားလမ်းနှင့် ချိတ်ဆက်မည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ဘက်တွင် CMEC ၏ အဓိကစီမံကိန်းများဖြစ်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့နှင့် ဆက်သွယ်သွားမည်ဖြစ်သည်။
မန္တလေး–မူဆယ် ရထားလမ်းပိုင်းသည် စီးပွားရေးအချက်အချာဖြစ်သည့် မန္တလေးမြို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ မူဆယ်ကို ဆက်သွယ်မည်ဖြစ်သည်။
၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်–မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံကျော် ရှိခဲ့ပြီး ယင်းအနက် ဒေါ်လာ ၂ ဘီလီယံကျော်မှာ မူဆယ်–ရွှေလီ နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်ခဲ့ခြင်း ဖြစ်သည်။
သမိုင်းကြောင်းအရ ဤရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရန် မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
သို့သော် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပြင်းထန်သည့်ကန့်ကွက်မှုများကြောင့် စီမံကိန်း ရပ်တန့်သွားခဲ့ပြီး နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MOU) သက်တမ်းသည်လည်း ၂၀၁၄ ခုနှစ်တွင် ကုန်ဆုံးခဲ့သည်။
ထိုစဉ်က ကန့်ကွက်ရသည့်အကြောင်းရင်းများမှာ ရထားလမ်းဖောက်လုပ်မှုကြောင့် ဒေသခံပိုင် မြေယာများ သိမ်းဆည်းခံရနိုင်ခြင်း၊ ဒေသခံများကို အတင်းအကျပ်နေရာပြောင်းရွေ့ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နိုင်ခြင်းတို့အပေါ် ဒေသခံများ စိုးရိမ်မှုများကြောင့် ဖြစ်သည်။
၂၀၁၇ ခုနှစ် မေလ၊ NLD အစိုးရလက်ထက်တွင် တရုတ်ဘက်က မူဆယ်–မန္တလေး ရထားလမ်းပိုင်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု ထပ်မံဆောင်ရွက်ရန် အဆိုပြုခဲ့သည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အဆိုပါ အစီရင်ခံစာကို အပြီးသတ်နိုင်ခဲ့ပြီး နောက်တစ်နှစ်အကြာတွင် မန္တလေး–ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်ရန် MOU ကို ထပ်မံ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နှင့် စစ်ကောင်စီတို့အကြား ရထားလမ်းစီမံကိန်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ ဆက်လက်ရှိနေခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီက ကျင်းပခဲ့သည့် အငြင်းပွားဖွယ်ရာရွေးကောက်ပွဲအပြီးတွင် ယင်းစီမံကိန်းနှင့် ပတ်သက်သည့် ကြိုးပမ်းမှုများ ပိုမိုအရှိန်ရလာခဲ့သည်။ ယခုနှစ်အတွင်း စီမံကိန်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တရုတ်နိုင်ငံသည် စတင်ဆွေးနွေးလာခဲ့သည်။
ဧပြီလ ၁၃ ရက်နေ့တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသည့် လားရှိုးမြို့တွင် စစ်ကောင်စီ၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ BRI စီမံကိန်းများ အကောင်အထည်ဖော်ရေးကို အဓိကထားဆွေးနွေးခဲ့ပြီး ကူမင်း–ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို လာမည့် နှစ်အနည်းငယ်အတွင်း ဦးစားပေးအကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြတ်သန်းမည့်ရထားလမ်းအရှည်မှာ ခန့်မှန်းခြေ ၈၁၀ ကီလိုမီတာခန့် ရှိမည်ဖြစ်ပြီး ယင်းအနက် မူဆယ်မှ မန္တလေးသို့ ၄၃၀ ကီလိုမီတာနှင့် မန္တလေးမှ ကျောက်ဖြူသို့ ၃၈၀ ကီလိုမီတာ ပါဝင်မည်ဖြစ်သည်။ စီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ၏ ၂၀၂၆–၂၀၃၀ ငါးနှစ်တာစီမံကိန်းတွင် ကူမင်း–ကျောက်ဖြူ ရထားလမ်းကို ဦးစားပေးစီမံကိန်းအဖြစ် ထည့်သွင်းထားကြောင်း ထောက်ပြသည်။
“ဒီငါးနှစ်တာ စီမံကိန်းမှာ တရုတ်နိုင်ငံအနေနဲ့ ကုန်းတွင်းပိတ်ဖြစ်ပြီး ပင်လယ်ထွက်ပေါက်မရှိတဲ့ ယူနန်နဲ့ ကွေ့ကျိုးလို ဖွံ့ဖြိုးမှုနည်းပါးတဲ့ပြည်နယ်တွေအတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ တစ်ဆင့် ပင်လယ်ထွက်ပေါက်ရရှိရေးကို အမြင့်ဆုံး ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု သူက ဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူနှင့် ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်သူ (လုံခြုံရေးအရ အမည်လွှဲ)က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် စစ်ကောင်စီအပေါ် နိုင်ငံရေးဩဇာ ပိုမိုသက်ရောက်နိုင်ရန် ရပ်ဆိုင်းထားခဲ့သည့် စီမံကိန်းကြီးများကို ပြန်လည်အသက်သွင်းရန် အသုံးချခဲ့ကြောင်း သုံးသပ်သည်။
ယင်းစီမံကိန်းများတွင် ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်စီမံကိန်းနှင့် NLD အစိုးရလက်ထက်တွင် အရွယ်အစားလျှော့ချခဲ့သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတို့လည်း ပါဝင်သည်။
၂၀၂၄ ခုနှစ်အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ အကြီးအကျယ် ဆုတ်ယုတ်နေချိန်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး စစ်ကောင်စီအပေါ် ထောက်ခံသည့်သဘောထားကို ပြသခဲ့သည်ဟု ဦးကျော်သူက ဆက်လက် သုံးသပ်သည်။
၎င်း၏ အမြင်အရ ယင်းထောက်ခံမှုအတွက် အပြန်အလှန်အားဖြင့် စစ်ကောင်စီဘက်က တရုတ်–မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ အကောင်အထည်ဖော်မှုကို ပိုမို အရှိန်မြှင့်ပေးခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ
မန္တလေး–ကျောက်ဖြူ ရထားလမ်းပိုင်းသည် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေပြီး နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းရမည်ဖြစ်ရာ မဝေးတော့သည့် အနာဂတ်အတွင်း သိသာသည့် တိုးတက်မှုများ မြင်တွေ့ရရန် မလွယ်ကူနိုင်ပေ။
ဦးသိန်းစိန်နှင့် NLD အစိုးရလက်ထက်များတွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြု ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ အကြံပေးအဖြစ် ဆောင်ရွက်နေသူ ဦးဘရှိန်က ရလမ်းစီမံကိန်း၏ လက်ရှိအခြေအနေ၊ အချိန်ဇယားနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော် မင်းအောင်လှိုင်လက်ထက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းက ပြောသည်။
“သူ့အစိုးရအနေနဲ့ ဒီစီမံကိန်းတွေကို ဆက်လုပ်သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ အကောင်အထည်ပေါ်လာနိုင်ပါတယ်။ စီးပွားရေးရှုထောင့်ကနေ ကြည့်ရင် တရုတ်နိုင်ငံအနေနဲ့ ဘင်္ဂလားပင်လယ်အော်ကို ထွက်ပေါက်ရဖို့ လုပ်နိုင်သမျှကို လုပ်သွားမယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျောက်ဖြူဟာ တရုတ်အတွက် ဘင်္ဂလားပင်လယ်အော်ဆီ သွားမယ့် တံခါးပေါက်လို ဖြစ်နေတဲ့အတွက် နိုင်ငံရေးနည်းလမ်းတွေကို အဓိက အသုံးပြုပြီး ထွက်ပေါက်ရဖို့ ကြိုးစားသွားလိမ့်မယ်” ဟု ဦးဘရှိန်က ဆိုသည်။
ထို့အပြင် မင်းအောင်လှိုင်အနေဖြင့်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို ဆက်လက်ဆောင်ရွက်ရန် အထူးစိတ်ဝင်စားနေသည့်ပုံ ရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
“အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ဒီစီမံကိန်းတွေ မကြာခင်မှာ အကောင်အထည်ပေါ်လာနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင် NUG လက်အောက်ခံ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တော်လှန်ရေးရဲဘော်တစ်ဦးက စစ်ကောင်စီအနေဖြင့် မူဆယ်–ကျောက်ဖြူ ရထားလမ်းတစ်လျှောက် လုံခြုံရေး အပြည့်အဝပေးနိုင်မည် မဟုတ်ကြောင်း သုံးသပ်သည်။
“စစ်ကောင်စီရဲ့ ထိန်းချုပ်မှုက မြို့ပြနဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ ပိုများတယ်။ ဒီစီမံကိန်းက ပထဝီဝင်အရ အရမ်းကျယ်တဲ့ ဧရိယာကို ဖြတ်သန်းသွားမှာဖြစ်လို့ အပြည့်အဝ လုံခြုံရေးယူဖို့ ခက်ခဲပါတယ်။ မီးရထားလမ်းတွေက ထိခိုက်လွယ်တဲ့ အခြေခံအဆောက်အအုံဖြစ်ပြီး အစိတ်အပိုင်းတစ်ခု ပျက်စီးသွားရင်တောင် လည်ပတ်မှုတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးနှင့် မဟာဗျူဟာလေ့လာရေးအင်စတီကျု–မြန်မာ (ISP-Myanmar) ၏ အဆိုအရ မူဆယ်–မန္တလေး ရထားလမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့များအပြင် မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့ကို ဖြတ်သန်းသွားရန် ရည်ရွယ်ထားသည်။
ဂိတ်ဆုံးဘူတာရုံကို မန္တလေးမြို့တောင်ဘက် ပလိပ်မြို့အနီးတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံခန့် ဖြစ်သည်။
လက်ရှိအခြေအနေအရ ကွတ်ခိုင်နှင့် သိန္နီကို MNDAA က ထိန်းချုပ်ထားပြီး မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် ပြင်ဦးလွင်တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။ ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ နေရာအချို့တွင် SSPP နှင့် TNLA တပ်ဖွဲ့များလည်း လှုပ်ရှားနေကြသည်။
ဦးကျော်သူ၏ သုံးသပ်ချက်အရ အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် တရုတ်အစိုးရ၏ သက်ရောက်မှုအောက်တွင် ရှိနေသည့်အတွက် မူဆယ်–မန္တလေး ရထားလမ်းပိုင်းကို ကြီးမားသည့် လုံခြုံရေးပြဿနာများမရှိဘဲ အကောင်အထည်ဖော်နိုင်ခြေ ရှိသည်ဟု ဆိုသည်။
“NLD အစိုးရလက်ထက်မှာ တရုတ်–မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ဆောင်ရွက်နေချိန်တုန်းက သီပေါမှာ တရုတ်အလုပ်သမားတချို့ကို TNLA က ဖမ်းဆီးခဲ့ဖူးတယ်။ အဲဒီနောက် တရုတ်ဘက်က UWSA ကို ဆက်သွယ်ညှိနှိုင်းခဲ့ပြီး ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရတယ်။ ဒီဖြစ်စဉ်အတွက် လျော်ကြေးတောင်ပေးခဲ့ရတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ MNDAA၊ TNLA နှင့် SSPP တို့သည် မြန်မာအစိုးရထက် တရုတ်အစိုးရကို ပိုမိုသတိထားကြပြီး “တရုတ်ဝန်ထမ်းတွေကို မထိရဲကြဘူး” ဟု မှတ်ချက်ပြုသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း MNDAA ကလည်း ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများနှင့် အလုပ်သမားများကို အကာအကွယ်ပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စင်ပြိုင်အစိုးရအနေဖြင့် အာဏာမသိမ်းမီကတည်းက လက်မှတ်ရေးထိုးထားပြီး အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို နှောင့်ယှက်တားဆီးသွားမည် မဟုတ်ကြောင်း ပြောသည်။
“တချို့ကိစ္စတွေမှာဆိုရင် ဒီစီမံကိန်းတွေရဲ့ လုံခြုံရေးပိုင်းမှာ အကူအညီပေးနိုင်ဖို့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လမ်းညွှန်ချက်တွေတောင် ပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် NUG လက်အောက်ခံ ပြင်ဦးလွင်ခရိုင် PDF မှ ရဲဘော်တစ်ဦးကမူ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် မည်သည့်စီမံကိန်းမဆို ပြည်သူ့သဘောတူညီချက် မရရှိပါက ဆန့်ကျင်သွားမည်ဟု ပြောသည်။ “ကျွန်တော်တို့အနေနဲ့ လိုအပ်လာရင် ဒီလိုစီမံကိန်းတွေကို တားဆီးဖို့၊ နှောင့်ယှက်ဖို့နဲ့ ဖြစ်နိုင်မယ်ဆိုရင် ရပ်တန့်သွားစေဖို့ လုပ်ဆောင်သွားမှာပါ” ဟု သူက ဆိုသည်။
ဤအခြေအနေနှင့် ပတ်သက်ပြီး ဦးကျော်သူက ဒေသခံတော်လှန်ရေးအဖွဲ့အချို့အနေဖြင့် နိုင်ငံရေးအခြေအနေကို အပြည့်အဝ နားမလည်သည့်အတွက် တရုတ်စီမံကိန်းများကို ဆန့်ကျင်မှု ပြသနိုင်ခြေရှိကြောင်း သုံးသပ်သည်။
သို့သော် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များ မလုပ်ဆောင်သင့်ကြောင်းမှာ NUG ၏ တရားဝင်ရပ်တည်ချက်ဖြစ်သည်ဟု ၎င်း နားလည်ထားကြောင်း ဦးကျော်သူက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က တရုတ်စီမံကိန်းများသာမက တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့သည်။
သို့သော် ဦးနေဘုန်းလတ်က စစ်တပ်အနေဖြင့် နိုင်ငံတကာစီမံကိန်းများကို အပြည့်အဝ အကာအကွယ်ပေးနိုင်သည့် အခြေအနေ မရှိကြောင်း ထောက်ပြသည်။
“လက်တွေ့မှာ စစ်တပ်က သူ့လုံခြုံရေးကိုတောင် အာမခံချက်မပေးနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒီအခြေအနေမှာ စီမံကိန်းတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်တယ်ဆိုတာကို သတိနဲ့ ကြည့်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် NUG နှင့် EAO များ ထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း နိုင်ငံတကာ စီမံကိန်းများ ရှိနေကြောင်း ပြောသည်။

အကျိုးအမြတ်များ၏ လားရာ
စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများ အကျိုးခံစားရမည်လား၊ ထိခိုက်နစ်နာမည်လားဆိုသည်မှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ စီမံဆောင်ရွက်ပုံအပေါ် များစွာ မူတည်နေမည်ဟု ယခုသတင်းအတွက် မေးမြန်းခဲ့သူ သတင်းရင်းမြစ်များက ဆိုသည်။
တရုတ်–မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတည်ဆောက်စဉ်က အချို့ဒေသများတွင် အာဏာပိုင်များက ဒေသခံများ နစ်နာမှုမရှိစေရန် ကြိုတင်စီစဉ်ပေးခဲ့သဖြင့် ဒေသခံများဘက်မှ ဆန့်ကျင်ကန့်ကွက်မှု မရှိခဲ့ကြောင်း ဦးကျော်သူက ရှင်းပြသည်။
“… ပိုက်လိုင်းစီမံကိန်းလုပ်တုန်းက တချို့ NGO တွေက စီမံကိန်းကြောင့် အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ဒေသခံတွေကို အသိပညာပေးတာတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ စီမံကိန်းဧရိယာထဲက တာဝန်ရှိသူတွေက လယ်ယာမြေတွေအတွက် လျော်ကြေးကို တွက်ချက်ပြီး ပေါက်ဈေးထက် ပိုပေးခဲ့တယ်။ လျော်ကြေးရတဲ့ ဒေသခံတွေကလည်း ကျေနပ်မှုရှိခဲ့ကြတယ်” ဟု ဦးကျော်သူက ပြောသည်။
ဆက်လက်၍ စီမံကိန်းကို ဆန့်ကျင်ရန် တိုက်တွန်းသူများ ရှိခဲ့သော်လည်း ဒေသခံများ နစ်နာမှုမရှိစေရန် အာဏာပိုင်များက စီမံပေးခဲ့သည့်အတွက် ပြည်သူများ ဆန့်ကျင်ရန် ပူးပေါင်းပါဝင်မှု မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် အခြားဒေသအချို့တွင်မူ ယင်း ဒေသကဲ့သို့ မြေယာလျော်ကြေး အပြည့်အဝ မရရှိခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း သူက ဖြည့်စွက် ပြောဆိုသည်။
“ပြည်သူတွေ ရသင့်ရထိုက်တာကို သေချာရရှိအောင် မလုပ်နိုင်ဘူးဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုမဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် တာဝန်ရှိသူတွေက ကိုယ့်တာဝန်ကို သေချာ ထမ်းဆောင်ဖို့ လိုတယ်” ဟု သူက ပြောသည်။
ဒေါက်တာလှကျော်ဇောကလည်း မူဆယ်–ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိမည့်ပုံစံဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောသည်။
“အစိုးရတစ်ရပ်က ပြည်သူ့အကျိုးကို တကယ်ဦးစားပေးမယ်ဆိုရင် ဒီလိုစီမံကိန်းတွေမှာ အကျိုးကျေးဇူးတွေ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီအကျိုးတွေကို တကယ်ရရှိဖို့ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်” ဟု သူက ဆိုသည်။
ဤရထားလမ်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရန် အဓိကအချက်နှစ်ချက်ကို ဖြေရှင်းရန် လိုအပ်ကြောင်း ဦးကျော်သူက ထောက်ပြသည်။
ပထမအချက်အနေဖြင့် တာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုအခြေအနေနှင့် ပို့ကုန်စွမ်းရည်ကို သေချာနားလည်ထားရမည်ဖြစ်ပြီး၊ မြန်မာပို့ကုန်များအပေါ် ကန့်သတ်ချက်များ ချမှတ်လေ့ရှိသည့် တရုတ်၏ ကုန်သွယ်ရေးသဘောသဘာဝကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ ပြင်ဆင်ထားမှသာ ရထားလမ်းစီမံကိန်းမှ ရေရှည်အကျိုးအမြတ်ရရှိရေးအတွက် တရုတ်ဘက်နှင့် ကြိုတင်ညှိနှိုင်းနိုင်မည်ဖြစ်သည်။
“ရထားလမ်း မပြီးခင်ကတည်းက ကျွန်တော်တို့နိုင်ငံရဲ့ ထုတ်ကုန်တွေနဲ့ လယ်ယာထွက်ကုန်တွေ တရုတ်နိုင်ငံရဲ့ ပိုကြီးမားတဲ့ ဈေးကွက်ထဲ ဝင်ရောက်နိုင်ဖို့ ကြိုတင်ညှိနှိုင်းထားဖို့ လိုပါတယ်။ ရထားလမ်းပြီးသွားမှ ဒီအချက်တွေကို ပြန်တောင်းဆိုမယ်ဆိုရင် အရမ်းခက်ခဲသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒုတိယအချက်အနေဖြင့် စီမံကိန်းကို BOT စနစ် (တည်ဆောက်–လုပ်ကိုင်–လွှဲပြောင်း) ဖြင့် အကောင်အထည်ဖော်သင့်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လုပ်ကိုင်ခွင့်ကာလကိုလည်း အချိန်အလွန်ရှည်လျားစွာ မသတ်မှတ်သင့်ကြောင်းက သူက အကြံပြုသည်။ ယင်းစနစ်အရ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံတည်ဆောက်ပြီး သတ်မှတ်ကာလတစ်ခုအထိ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကာ ထို့နောက် မြန်မာနိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သည်။
“ဒီစီမံကိန်းအတွက် တရုတ်ဆီကနေ တိုက်ရိုက်ချေးငွေယူမယ်ဆိုရင် အတိုးနှုန်းနဲ့ ရေရှည်ဘဏ္ဍာရေးဖိအားတွေ ကြုံလာနိုင်ပါတယ်။ အဲဒီအစား တရုတ်ဘက်က တည်ဆောက်ပြီး ကာလတစ်ခုအထိ ဝင်ငွေရယူကာ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးတဲ့ BOT ပုံစံနဲ့ သွားသင့်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ရထားလမ်းက အကျိုးအမြတ်မပေးခင်ကတည်းက အကြွေးပြန်ဆပ်နေရတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ စစ်အုပ်ချုပ်ရေးအခြေအနေအောက်တွင် အာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု အားနည်းနေပါက စီမံကိန်းများမှ ထွက်ပေါ်လာမည့် ဆိုးကျိုးများကို ပြည်သူများက ပိုမိုခံစားရနိုင်ကြောင်း ဒေါက်တာလှကျော်ဇော သုံးသပ်သည်။
ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှု ပိုမိုရရှိလာစေရန် ဆက်လက် စောင့်ကြည့်တောင်းဆိုသင့်ကြောင်း သူ၏ အမြင်ကို ပြောပြသည်။
ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကလည်း ၎င်းတို့အနေဖြင့် တရုတ်၏ အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဒေသခံများအပေါ် ထိခိုက်နစ်နာမှုများ ရှိလာပါက ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။
“ပြည်သူတွေရဲ့ အသံ ပိုမိုကျယ်လောင်လာအောင် ကျွန်တော်တို့က ကိုယ်စားပြု ထုတ်ဖော်ပြောဆိုသွားမှာပါ။ ဒါ့အပြင် ဒေသခံပြည်သူတွေကိုလည်း ဒီစီမံကိန်းတွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ ကိုယ့်ဒေသကို ထိခိုက်စေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ငွေကြေးမက်လုံးတွေအပေါ် သတိထားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု သူက ဆိုသည်။