စီမံကိန်းကြီးတွေအတွက် တရုတ်နဂါးကြီး မြန်မာ့မြေပေါ် ခြေချလာခြင်း

တရုတ်နိုင်ငံရဲ့မဟာစီမံကိန်းကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုကနေ မြန်မာဘက်က သေချာပေါက် အကျိုးအမြတ် ဖြစ်ထွန်းအောင် ကြိုးပမ်းဖို့လိုပါလိမ့်မယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တရုတ် CITIC ကုမ္ပဏီတို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

မြန်မာအစိုးရဘက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်ရဲ့ပြောစကားအရ ဒီစီမံကိန်း စတင်နိုင်ဖို့အတွက် မြန်မာနဲ့တရုတ် နှစ်ဖက်စလုံး ခက်ခက်ခဲခဲ ညှိနှိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အများက တရုတ်နိုင်ငံရဲ့ မဟာစီမံကိန်းကြီး One Belt One Road ရဲ့ တစိတ်တဒေသလို့ ရှုမြင်နေကြတဲ့ ဒီကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံချက်ဟာ ဘယ်လောက် ကြီးမားသလဲ၊ ဒီစီမံကိန်းကြောင့် မြန်မာ-တရုတ် ဘယ်လောက် အကျိုးရှိနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

တကယ်ပြောရရင် ကုန်းတွင်းပိတ်လို ဖြစ်နေတဲ့ တရုတ်ယူနန်ပြည်နယ်နဲ့ တခြား ပြည်နယ်တချို့အတွက် ပင်လယ်ကုန်သွယ် ထွက်ပေါက်လမ်းအဖြစ် မြန်မာနိုင်ငံ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် လုပ်မယ်၊ အဲဒီကျောက်ဖြူနဲ့ ယူနန်ပြည်နယ်မြို့တော် ခွင်းမင်အထိ ဘက်စုံလမ်းကြီး ဖောက်မယ်ဆိုတဲ့ စီမံကိန်းဟာ One Belt One Road စီမံကိန်း မကြေညာခင်ကတည်းက ရှိခဲ့တဲ့ စီမံကိန်းပါ။

တရုတ်နိုင်ငံအတွက်တော့ သမုဒ္ဒရာ နှစ်စင်း ပေါ်လစီလို့ ခေါ်ပါတယ်။ ကျယ်ပြန့်တဲ့ တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်ကထွက်ပြီး ပစိဖိတ် သမုဒ္ဒရာတင်မက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ကနေတဆင့် အိန္ဒိယသမုဒ္ဒရာကိုလည်း အသုံးပြုဖို့ပါ။ တရုတ်တွေအတွက် အဲဒီ စိတ်ကူးရှိနေတာ ကြာလှပါပြီ။

One Belt One Road စီမံကိန်း ပေါ်ထွက်လာတဲ့အခါ တရုတ်ဘက်ကနေ မြန်မာဘက်ကို ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့၊ အဲဒီကျောက်ဖြူကနေ မန္တလေးကိုဖြတ်ပြီး တရုတ်နယ်စပ် မူဆယ်-ကျယ်ဂေါင်အထိ အဝေးပြေးကားလမ်း၊ ရထားလမ်းတွေပါတဲ့ ဘက်စုံလမ်းမကြီး တည်ဆောက်ဖို့ တိတိကျကျ အဆိုပြုခဲ့တာပါ။

တရုတ်ရဲ့မျှော်မှန်းချက်ဟာ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်လည်ပတ်ဖို့ ဆိုတာဟာ တော်ရုံသင့်ရုံ စီမံကိန်းမျိုး မဟုတ်ပါဘူး။ ပထမရည်မှန်းချက်ကတော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုသုံးပြီး ယူနန်ပြည်နယ်နဲ့ တခြားပြည်နယ်တွေက ထုတ်ကုန်တွေ ပြည်ပကို တင်ပို့ဖို့၊ အဲဒီဆိပ်ကမ်းကနေတဆင့် ပမာဏကြီးမားတဲ့သွင်းကုန်တွေ တင်သွင်းဖို့ ဖြစ်ပါတယ်။ ဒီလောက်ပဲလား ဆိုတော့ မကသေးပါဘူး။

ဒုတိယရည်မှန်းချက်ကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်ငန်းတချို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာလာပြီး အလုပ်လုပ်၊ အဲဒီကထွက်ကုန်တွေကို ရေနက်ဆိပ်ကမ်းကနေ ပြည်ပကို တိုက်ရိုက်တင်ပို့ ဆိုတာမျိုးပါ။ ဒီလိုကြီးကျယ်တဲ့ ဧရာမ စီမံကိန်းကြီးတစ်ခု လာလုပ်ပြီဆိုတာနဲ့ ကျောက်ဖြူ- မန္တလေး- တရုတ်နယ်စပ် မူဆယ် ဆက်သွယ်မယ့်လမ်းမကြီးတစ်ခု လိုအပ်လာပြီဆိုတာ နားလည်နိုင်ပါတယ်။ လက်ရှိ မြန်မာနဲ့တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မန္တလေး- မူဆယ် ကားလမ်းဆိုရင် ကုန်သွယ်မှုပမာဏ မြင့်မားလာတာကြောင့် ဝန်ဆောင်မှုကောင်းကောင်း မပေးနိုင်တော့ဘဲ နေ့စဉ်နေ့တိုင်း ကားလမ်းပိတ်တဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။

ဒီနေရာမှာ နိုင်ငံတကာအဆင့်မီ အဝေးပြေး ကားလမ်းမကြီး၊ အဲဒါနဲ့ တပြိုင်နက်တည်း မီးရထားလမ်းတစ်လမ်း လိုကို လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါတင်မက ကျောက်ဖြူကနေ တရုတ်နယ်စပ်ကို ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကလည်း ရှိနေပြီမို့၊ အဲဒီပိုက်လိုင်းတွေ၊ အဝေးပြေးလမ်းနဲ့ ရထားလမ်းတွေအတွက် ဘူတာ Station တွေလည်း တည်ဆောက်ရပါလိမ့်မယ်။

တစ်ခုလုံးခြုံပြောရရင် ဒီစီမံကိန်းကြီး တစ်ခုလုံးဆိုရင် အလွန်ကြီးမားတဲ့ စီမံကိန်းကြီးပါ။ ဒါတောင် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖြစ်သွားရင် ထိုင်းနဲ့ကုန်သွယ်ဖို့ လိုအပ်မယ့် ကျောက်ဖြူ – ရန်ကုန်- ထိုင်းနယ်စပ် အဝေးပြေးလမ်းတွေ တည်ဆောက်ဖို့ ထည့်မတွက်ထားသေးပါဘူး။

အဲဒီစီမံကိန်းကြီးတွေ တရုတ်ဘက်က ကမ်းလှမ်းတဲ့အခါ အရင်သမ္မတ ဦးသိန်းစိန်အစိုးရက ယေဘုယျအားဖြင့် သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာ တရုတ်ရဲ့အဲဒီကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေကို ဆန့်ကျင်လာမှုနဲ့ ရင်ဆိုင်ရပါတယ်။ ဒီလိုနဲ့ ကျောက်ဖြူ – မန္တလေး- တရုတ်နယ်စပ် မူဆယ် ရထားလမ်းနဲ့ အဝေးပြေးလမ်းဖောက်မယ့် စီမံကိန်းကို မူဘောင်သဘောတူညီချက် မရခင် ရပ်ဆိုင်းထားလိုက်ရပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကိုတော့ ၂၀၁၂ နဲ့ ၂၀၁၃ မှာ အကြိုလေ့လာမှုတွေလုပ်၊ ၂၀၁၄ ခုနှစ်မှာ နိုင်ငံတကာ တင်ဒါခေါ်ယူခဲ့ရာမှာ တရုတ် CITIC ကုမ္ပဏီက တင်ဒါအောင်ခဲ့ပါတယ်။ ၂၀၁၅ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ CITIC ကုမ္ပဏီ သဘောတူထားတာက ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ၇ ဒသမ ၈ ဘီလျံရှိပြီး တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းအချိုး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီစီမံကိန်းကြီးကို ရခိုင်ဒေသခံတွေအပါအဝင် တခြားကန့်ကွက်မှုတွေ ရှိနေတာ၊ ၂၀၁၆ မှာ အာဏာရလာတဲ့ အင်န်အယ်လ်ဒီအစိုးရကလည်း ပြန်သုံးသပ်လိုတာကြောင့် စီမံကိန်း မစတင်နိုင်ဘဲ ၂ နှစ်ခွဲလောက် အချိန်ယူ ပြန်လည်ညှိနှိုင်းပြီးမှ လက်ရှိသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။ သဘောတူ စာချုပ်သစ်အရ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ အိမ်ရာစီမံကိန်း စတာတွေကို အပိုင်းလိုက် အခုလိုပဲ မူဘောင်စာချုပ်တွေ ချုပ်၊ တဆင့်ချင်း အကောင်အထည်ဖော်သွားမယ်၊ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံထက်မပိုဘဲ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်မယ်၊ စီမံကိန်းကိုလည်း တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်းအချိုးနဲ့ ထည့်ဝင်လုပ်ကိုင်မယ် စသဖြင့် ပြင်ဆင်စာချုပ်ချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အထက်မှာ ရှင်းပြထားခဲ့သလို ဒီစီမံကိန်းကြီးဟာ ကြီးကျယ်တဲ့ မဟာစီမံကိန်းကြီး ဖြစ်တာကြောင့် နောက်ဆက်တွဲ အထူးစီးပွားရေးဇုန်လို၊ ကျောက်ဖြူနဲ့ တရုတ်နိုင်ငံ ချိတ်ဆက်ရမယ့် ရထားလမ်း၊ အဝေးပြေးလမ်းမကြီးတွေလိုမျိုးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုကို လိုလာပါလိမ့်မယ်။ နောက်မဆုတ်ဘူးဆိုရင် တခြားရွေးချယ်စရာလမ်း မရှိပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကတောင် မြန်မာ့မီးရထားနဲ့ တရုတ်နိုင်ငံ China Railway Group Limited (CREC) တို့အကြား မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ဖို့အတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

တရုတ်ဘက်က အဆိုပြုတဲ့ စီမံကိန်းကြီးကို လေ့လာသုံးသပ်ကြည့်ရင် တရုတ်ဟာ မြန်မာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကို အသုံးပြုပြီး အိန္ဒိယသမုဒ္ဒရာကတဆင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ကမ္ဘာ့အနောက်ဘက်ခြမ်းကို ကုန်သွယ်စီးပွားရေး လုပ်ချင်တဲ့သဘောပါပဲ။

ဒီအပေါ်မှာ မြန်မာဘက်က ဘယ်လောက်အကျိုးအမြတ် ရမလဲဆိုတာကတော့ စီမံကိန်းအသီးသီးမှာ မြန်မာအကျိုးအမြတ်ပါအောင် ညှိနှိုင်းနိုင်မှု၊ စီမံကိန်းတွေအတွက် ကြိုတင်ပြင်ဆင် စီမံခန့်ခွဲနိုင်မှု စတာတွေအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဂါးကြီးကတော့ မြန်မာ့မြေပေါ် ပုံစံအသစ်နဲ့ စ ပြီး ခြေချခဲ့ပြန်ပါပြီ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar