တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့များအား တရားဝင် စီးပွားရေးလုပ်ငန်းများကိုသာ လုပ်ဆောင်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်သည်။
“မည်သူမဆို ဥပဒေနှင့်အညီ တရားဝင် သမ္မာအာဇီဝကျသည့် စီးပွားရေးလုပ်ငန်း၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းများကို သာလုပ်ကိုင်စေလိုကြောင်း” အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ခေါင်းဆောင်များအား စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC) ၏ မူဝါဒအရ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ သစ်ပါမစ်မပေးတော့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြောကြားခဲ့သည်။
ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦးကို သစ်ပါမစ် ချထားပေးခဲ့ပြီး နောက်ပိုင်း ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ သစ်ပါမစ် ပေးခဲ့ခြင်းမရှိဟု စက်တင်ဘာ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။
အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ယခင်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် ပါမစ်များကို အစိုးရက အထူးအစီအစဉ်ဖြင့် ခွင့်ပြုပေးခဲ့ရာတွင် သစ်ပါမစ်နှင့် ကားတင်သွင်းခွင့် ပါမစ်များလည်း ပါဝင်ခဲ့သည်။
သို့သော် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NPRC) ၏ မူဝါဒအရ ပါမစ်များ ခွင့်ပြုပေးခြင်းမရှိတော့ဟု ဦးဇော်ဌေးက ပြောသည်။
“ကျွန်တော်တို့ NRPC က ပေါ်လစီက အခုနောက်ဆုံးက ဘာလဲဆိုတော့ သစ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က တောင်းခံလာသည်ဖြစ်စေ မပေးတော့ဘူး။ ကားပါမစ်နည်းတူ ပေါ့နော်။ အရင်တုန်းကတော့ သစ်ပါမစ်တွေ တောင်းလာရင် စနစ်တကျ သွားကြည့်၊ ပြန်တင်ပြ။ တစ်ကယ်လည်းရှိတယ်၊ တစ်ကယ်လည်း ခုတ်ထားတယ်။ ကြာရင်လည်းဆွေးသွားမယ်ဆိုရင် အလဟသမဖြစ်အောင်ဆိုပြီး ပေးလိုက်တာ။ နောက်ပိုင်းကြတော့ ဒီတစ်ဖွဲ့ရပြီး နောက်ပိုင်း၊ နောက်ပိုင်းအဖွဲ့တွေလည်း များလာတော့ ပေါ်လစီ ဖျက်လိုက်တယ်။ ဘယ်အဖွဲ့မှ သစ်ပါမစ် မပေးတော့ဘူး” ဟု ၎င်းကပြောသည်။
ယခုအစိုးရလက်ထက်တွင် ကားပါမစ်လျောက်ထားမှုများကိုလည်း ခွင့်မပြုခဲ့ကြောင်းနှင့် ကုမ္ပဏီများကတစ်ဆင့် သတ္တုလုပ်ကွက်များ လျောက်ထားမှုကိုမူ အခြားကုမ္ပဏီများနှင့် တန်းတူ ဆောင်ရွက်ပါက ကန့်ကွက်မည်မဟုတ်ဟု ဦးဇော်ဌေးကပြောသည်။