တရားမျှတမှုစင်တာများကို တောင်ကြီးနှင့် မန္တလေးမြို့များ၌ ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၆

ဥပဒေအကူအညီ လိုအပ်သူများအား ပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တရားမျှတမှုစင်တာနှစ်ခုကို တောင်ကြီးနှင့် မန္တလေးမြို့များတွင် ဇူလိုင် ၂၄ နှင့် ၂၅ ရက်နေ့များက ဖွင့်လှစ်ခဲ့သည်။

ဥရောပသမဂ္ဂက ပံ့ပိုးပြီး ဗြိတိသျှကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်နေသော MyJustice အစီအစဉ်က International Bridges to Justice (IBJ) နှင့် လက်တွဲ ပူးပေါင်းကာ အဆိုပါ Justice Centre စင်တာများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း MyJustice ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရားမျှတမှုစင်တာများ၏ ဝန်ဆောင်မှုကို ပြည်သူလူထုက အထူးပင် ကြိုဆိုကြပါသည်။ ယင်းစင်တာများမှ ဥပဒေအကူအညီ တောင်းခံသူ အရေအတွက်၊ အကူအညီရရှိသွားသူ အရေအတွက်မှာ နှစ်စဉ်တိုးတက် များပြားလာလျှက် ရှိပါသည်။ ယင်းအချက်ကိုပြည့်ပါက စင်တာက ပေးအပ်သောအကူအညီများကို ပြည်သူလူထုက အမှန်တကယ် လိုအပ်လျှက်ရှိကြောင်း တွေ့မြင်နိုင်ပါတယ်” ဟု MyJustice အဖွဲ့အား ဦးဆောင်သူ ကိတ္တရင်းရေဂါက ထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

ရန်ကုန်နှင့် မော်လမြိုင်မြို့များတွင် ၂၀၁၅ ခုနှစ်က စတင်ကာ တရားမျှတမှုစင်တာများကို MyJustice က ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ ထိုစင်တာများမှတစ်ဆင့် လူပေါင်း ၂,၄၀၀ နီးပါးကို ဥပဒေအကျိုးဆောင်မှု အခမဲ့ပေးနိုင်ခဲ့ပြီး လူပေါင်း ၁,၃၀၀ ခန့်ကိုလည်း ဥပဒေအကြံဉာဏ်များ ပေးအပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့နယ် ၂၄ မြို့နယ်ရှိ မြို့နယ်တရားရုံးများ၊ ခရိုင်တရားရုံး ငါးရုံး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်များတွင်လည်း အဆိုပါစင်တာများက ဥပဒေအထောက်အကူများ ပေးအပ်လျှက်ရှိသည်။

အထူးအရေးပါသည့်အချက်မှာ တရားရေးကဏ္ဍတွင် အဓိကပါဝင်သူများဖြစ်သော တရားရုံးများ၊ ရဲတပ်ဖွဲ့ဝင်များပင်လျှင် ယင်းဝန်ဆောင်မှု၏ အရေးပါမှုကို အသိအမှတ်ပြုလာကြသည်ကို တွေ့မြင်ရခြင်းဖြစ်သည်ဟု ကိတ္တလင်းရေဂါက ပြောကြားသည်။

ဆင်းရဲနွမ်းပါးသူများအား တရားမျှတမှုစင်တာများထံသို့ လမ်းညွှန်ပေးမှုများ ပိုမိုများပြားလာသည်ကို ကြည့်ပါက အဆိုပါအဖွဲ့အစည်းများ၏ တုံ့ပြန်မှု ပိုမိုတိုးတက်လာသည်ကို တွေ့နိုင်ပါသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

တောင်ကြီးနှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်လိုက်သည့် တရားမျှတမှုစင်တာများတွင် ဆင်းရဲနွမ်းပါးသူများအား အခမဲ့ ဥပဒေအကျိုးဆောင်ပေးခြင်း၊ အကြံပေးခြင်းနှင့် အကူအညီပေးခြင်း၊ အများပြည်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဥပဒေပါအခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း တရားမျှတမှုစင်တာများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar