ရဲမွန်
သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရသည့်အမှုအား ရုပ်သိမ်းခွင့်ပြုရာတွင် လာဘ်စားသည်ဟု စွပ်စွဲခံထားရသော ဥပဒေချုပ်ဟောင်း ဦးဟန်ထူးက တရားခံများသည် လူငယ်လူရွယ်များ ဖြစ်သောကြောင့်ဟူသော အချက်အပါအဝင် အချက်သုံးချက်ဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူးက ပြောဆိုလိုက်သည်။
လာဘ်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဥပဒေအရာရှိများ၏ နိုဝင်ဘာ ၂၃ ရက်က ရုံးထုတ်ရာတွင် ၎င်းက ထိုသို့ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုအချက်များကြောင့် အမှုအား ရုပ်သိမ်းရန်အတွက် ဥပဒေချုပ်ဟောင်း ဦးဟန်ထူးက တိုင်းဥပဒေအရာရှိဟောင်းဖြစ်သူ ဦးသိန်းဇော်အား ခွင့်ပြုသည်ဟု အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးသိန်းဇော်မှာလည်း ဦးဟန်ထူးနှင့်အတူ လာဘ်စားသည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည်။
ဦးဟန်ထူး၏ ခွင့်ပြုကြောင်းစာတွင် တရားခံများမှာ ငယ်ရွယ်သူများဖြစ်ခြင်း၊ ယခင်ကလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် အလားတူအမှုမျိုး ထပ်မံဖြစ်ပွားဖွယ်မရှိဟု ယူဆခြင်းတို့ကြောင့် အမှုမှ ရုပ်သိမ်းသင့်ကြောင်း ဖော်ပြပါရှိသည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း တရားလို ဦးမိုးနိုင်က ရုံးချိန်း၌ ထွက်ဆိုခဲ့သည်။
ထို့ပြင် ဦးဟန်ထူးကို ရှပ်အင်္ကျီတစ်ထည်နှင့် အရက်ပုလင်းတစ်လုံးဝယ်ပေးရန် ခရိုင်ဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်က တရားခံဟု သံသယရှိသည့် သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံ ဖုန်းဖြင့် ကိုယ်တိုင် မှာကြားခဲ့သည်ဟု တရားလို၏ ထွက်ဆိုချက်အရ သိရသည်။
လာဘ်စားသည်ဟု စွပ်စွဲခံရသည့် တရားရေးအရာရှိငါးဦးနှင့် ရဲအရာရှိတစ်ဦးတို့အတွက် လာဘ်ငွေပေးရာတွင် ဦးခင်မောင်လေးက ၎င်း၏ကုမ္ဗဏီမှ ကိုယ်ရေးကိုယ်တာခေါင်းစဉ်ဖြင့် ငွေများထုတ်ယူကာ ပေးချေခဲ့ခြင်းဖြစ်သည်ဟုလည်း တရားလိုက ထွက်ဆိုခဲ့သည်။
ထိုရုံးချိန်းတွင် သတင်းထောက်အချို့အား သတင်းဆောင်းပါး ရေးသားမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်မှ တင်းမာစွာ ပြောဆိုဆက်ဆံခဲ့ပြီး ပထမဦးဆုံးရုံးချိန်းမှ ယခုရုံးချိန်းအထိ စွပ်စွဲခံရသူများကို ထီးများဖြင့် ကာမိုးပေးခြင်းများကို တရားရုံးဝန်ထမ်းများကပါ ဝင်ရောက်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးရောဘတ်ဆန်းအောင်က တရားရုံးထုတ်ရာတွင် ထီးများမိုးပေးနေခြင်းကို လုံခြုံရေးအရ ရဲတပ်ဖွဲ့က ခွင့်မပြုပေးသင့်ကြောင်းနှင့် တရားခံများသာ ထိုင်ရသည့်ခုံတွင် အသိမိတ်ဆွေများကိုပါ ပေးမထိုင်သင့်ကြောင်း Frontier ကို ပြောသည်။
“ထီးဆောင်းမင်းလိုလုပ်နေတာ၊ ရုံးထုတ်တဲ့ရဲအပိုင်းက ဘက်လိုက်မှုရှိနေတယ်လို့တောင် ထင်ရတယ်”ဟု ၎င်းက ပြောကြားသည်။
တရားလို၏ ထွက်ဆိုချက်မှာ ယနေ့ရုံးချိန်းတွင် မပြီးပြတ်သေးသောကြောင့် နိုဝင်ဘာ ၃ဝ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ပြီး တရားလိုအား စစ်ဆေးပြီးပါက တရားလိုပြသက်သေ စုစုပေါင်း ၅၇ ဦးကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။