တယ်လီနောမြန်မာက နံပါတ်အလှ ၁၀၀ အား မန္တလေးတွင် လေလံတင်ရောင်းချမည်

ရန်ကုန်မြို့တွင် တယ်လီနောက နံပါတ်အလှများ လေလံတင်ရောင်းချနေစဉ်။ ဓာတ်ပုံ- တယ်လီနောမြန်မာ

ရန်ကုန်မြို့တွင် တယ်လီနောက နံပါတ်အလှများ လေလံတင်ရောင်းချနေစဉ်။ ဓာတ်ပုံ- တယ်လီနောမြန်မာ

ရန်ကုန်၊ မတ် ၁၇

တယ်လီနော၏ အထူးနံပါတ် ၁၀၀ ကို မန္တလေးမြို့တွင် မတ် ၂၅ ရက်နေ့တွင် လေလံတင်ရောင်းချကာ ရရှိသည့် အကျိုးအမြတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လှူဒါန်းသွားမည်ဟု တယ်လီနောမြန်မာက သတင်းထုတ်ပြန်ထားသည်။

လေလံရောင်းချမည့် ၀၉၇၇၊  ၀၉၇၉ ဖြင့်စသော အထူးနံပါတ်များတွင် ၀၉ ၇၉ ၉၉၉၉၉၉၉၊ ၀၉ ၇၇ ၇၇၇၇၇၇၀၊ ၀၉ ၇၉ ၉၀၀၀၀၀၀ စသော နံပါတ်များနှင့် အလားတူ အခြားနံပါတ်များလည်း ပါဝင်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လေလံပွဲတွင် နံပါတ်အားလုံးအား ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ သတ်မှတ်ရောင်းချသွားမည်ဖြစ်သည်။

လေလံပွဲမှ ရရှိသည့် အကျိုးအမြတ်များကို မြတ်လေးရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းဆောင်သစ်တစ်ခုနှင့် ဒစ်ဂျစ်တယ်ပညာသင်ကြားရေး စင်တာတစ်ခု ဆောက်လုပ်ပေးမည်ဖြစ်သည်။

“ပထမအကြိမ်လေလံပွဲမှာ တယ်လီနောသုံးစွဲသူတွေဆီက အကူအညီအထောက်အပံ့ အများကြီးရခဲ့ပါတယ်။ လေလံပွဲကနေပြီး ငွေကျပ် သိန်း ၃,၁၈၃ သိန်းကို  ၂၀၁၆ ခုနှစ်အတွင်း myME အကောင်အထည်ဖော်မယ့် ဒစ်ဂျစ်တယ် ပညာရေးစီမံကိန်းမှာ အသုံးပြုဖို့ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သုံးစွဲသူတွေက နံပါတ်အလှတွေကိုပဲ စိတ်ဝင်စားရုံမက လူထုအဖွဲ့အစည်းကို အထောက်အကူပြုဖို့ အရမ်းကိုသဘောကျ ကျေနပ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုအတွက်လည်း အထူးကျေနပ် ဝမ်းမြောက်မိပါတယ်။ မန္တလေးမှာလည်း နောက်ထပ်အောင်မြင်တဲ့ လေလံပွဲတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Petter Furberg ကပြောသည်။

လေလံပွဲကို မန္တလေး ဆီဒိုးနားဟိုတယ်တွင် ကျင်းပသွာမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် အမည်၊ လိပ်စာ၊ အီးမေးလ်၊ မှတ်ပုံတင်၊ ကုမ္ပဏီအမည်နှင့် ဘဏ်စာရင်း အသေးစိတ်အချက်အလက်များဖြင့် [email protected] သို့ ဖြစ်စေ၊ ၀၉၇၉၇၀၀၀၀၉၇ သို့ ဖြစ်စေ မတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်သည်ဟု တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။

တယ်လီနောက ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ပထမအကြိမ် နံပါတ်အလှ လေလံပွဲတွင် နံပါတ်အလှ ၅၅ ခုအား ရောင်းချခဲ့ရာ ကျပ် ၄,၈၃၅ သိန်း ရရှိခဲ့သည်။ နံပါတ်တစ်ခုစီအား အခြေခံဈေး ကျပ်သိန်း ၃၀ သတ်မှတ်ထားပြီး သတ်မှတ်ဈေးထက် ပိုမိုရောင်းချနိုင်ခဲ့ရာမှ ရရှိခဲ့သည့် ကျပ် ၃,၁၈၃ သိန်းကို ၂၀၁၆ ခုနှစ်အတွက် Myanmar Mobile Education’s (myME) အတွက် လှူဒါန်းခဲ့သည်။

အဆိုပါ လေလံပွဲတွင် ဈေးအမြင့်ဆုံးအဖြစ် ၀၉၇၇ ၇၇၇၇၇၇၇ အား ကျပ် ၁၁၂၀ သိန်းဖြင့် ရောင်းချခဲ့သည်။

သတင်း – ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.