တပ်မတော် တစ်ခုတည်းအောက်မှာ စုစည်းနိုင်ကြမလား

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အပတ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်DSA (Defense Services Academy) ကို သွားရောက် လည်ပတ်ကြည့်ရှုတယ် ဆိုတဲ့သတင်းဟာ အလွန်ထူးခြားပါတယ်။

၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး တစ်နှစ်အကြာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကစ အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အစဉ်အလာ အကြီးမားဆုံး စစ်တက္ကသိုလ်ကို သွားရောက် လည်ပတ်တယ် ဆိုတာဟာ သမိုင်းမှာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်လို့ပါပဲ။

ဒီ့မတိုင်ခင်တုန်းကတော့ ဇန်နဝါရီ ၁၂ ရက်ကစ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဘက်ဘက်က တည်ဆောက်လျက်ရှိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း” ဆိုပြီး ပြောဆိုတာလည်း ရှိခဲ့ပါတယ်။

လက်ရှိ မြန်မာ့တပ်မတော် ဘယ်လိုပုံသဏ္ဍာန် ဖွဲ့စည်းထားသလဲ၊ စုစုပေါင်း အရေအတွက် တစ်သိန်းလောက်အထိ ရှိနိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို တပ်မတော် တစ်ခုတည်းရဲ့ လက်အောက်မှာ စုစည်းထားဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းခြင်း ခံရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း၊ နောက်ပိုင်း ဦးနေဝင်းဟာ တိုင်းပြည်ကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် သမ္မတ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ စတဲ့ ရာထူးပုံစံ အမျိုးမျိုးရယူ၊ တပ်မတော်ကို အသုံးချပြီး အာဏာရှင်စနစ်နဲ့ ၂၆ နှစ်တိုင်တိုင် အုပ်ချုပ်သွားခဲ့ပါတယ်။ အာရှမှာ အလားအလာ အကောင်းဆုံး တိုင်းပြည်ဟာ ဟိုးအောက်ခြေ ကုန်းကောက်စရာ မရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး အဆင်းရဲဆုံး တိုင်းပြည်အဖြစ် ကျဆင်းသွားခဲ့ရပါတယ်။

၁၉၈၈ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားလာတဲ့အခါ ဦးနေဝင်းဟာ ဗိုလ်ချုပ်မှူးကြီးစောမောင် ခေါင်းဆောင်တဲ့ စစ်ကောင်စီကို အာဏာလွှဲပေးခဲ့ပြီး ကန့်လန့်ကာနောက် ဝင်ရောက်သွားပါတယ်။

နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်ကောင်စီ ဥက္ကဋ္ဌ၊ တဖြည်းဖြည်းနဲ့ တစ်ဦးတည်း အာဏာရှင် ဖြစ်လာခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တပ်မတော်နဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်ခဲ့တာက ထိပ်ဆုံးအာဏာရှိသူကို နာခံရတဲ့ ဗမာ၊ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးလွှမ်းမိုးတဲ့ လူမျိုးကြီးဝါဒ စွဲကိုင်တဲ့ တပ်မတော်ဖြစ်အောင် ပီပီပြင်ပြင် လုပ်ခဲ့တာပါပဲ။

တပ်မတော် အရာရှိလောင်းတွေ ရွေးချယ်ရာမှာ တတ်နိုင်သမျှ ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်၊ ရခိုင် အစရှိသဖြင့် တိုင်းရင်းသားတွေ ပါမလာအောင်၊ ပါလာရင်လည်း ထိပ်ပိုင်းရာထူးတွေ မရောက်နိုင်အောင် အတတ်နိုင်ဆုံး စိစစ်ကန့်သတ်တာ လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက် ရောက်ပြီး အနှစ် ၂၀ လောက်ကြာတဲ့အခါ အလတ်တန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင် နေရာတွေမှာ တိုင်းရင်းသားတွေ မပါသလောက်ဖြစ်ပြီး ဗမာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ စစ်တပ်သဖွယ် ဖြစ်တည်လာခဲ့တာပါ။ ဒါဟာ တဖက်သတ် စွပ်စွဲချက် မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ရတဲ့အခါ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က ဆွေးနွေးပွဲ စကားဝိုင်းမှာ ဒီအချက်ကို အတိအလင်း ဝန်ခံခဲ့ပါတယ်။ သူက တပ်မတော်ဟာ အရင်က အဲလို လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်း အဲလို မလုပ်တော့ပါဘူး၊ ပြုပြင်နေပါပြီလို့ ပြောဆိုခဲ့ဖူးပါတယ်။

တပ်မတော်ကို စစ်ရေးအတွက်၊ တိုင်းပြည် ကာကွယ်ရေးအတွက် တည်ဆောက်တာ မဟုတ်တော့ဘဲ အရင်ခေတ်ဟောင်းက ကွန်မြူနစ်တွေ လုပ်ခဲ့သလို တိုင်းပြည်ကို အုပ်ချုပ်မယ့် လူတန်းစား အသစ်တစ်ရပ်အဖြစ် မွေးထုတ် တာဝန်ယူစေတာမျိုး ဖြစ်ပါတယ်။

ပြောရရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တပ်မတော်ကို ပြည်ထောင်စု တပ်မတော် ဖြစ်အောင် တည်ဆောက်ရမယ့်အစား မဟာဗမာ လူမျိုးကြီးဝါဒ လွှမ်းမိုးတဲ့ စစ်တပ်အဖြစ် ပီပီပြင်ပြင် တည်ဆောက်ခဲ့သူပါ။ ဒါဟာ တပ်မတော်က အမြဲတန်း လက်ကိုင်ထားပါတယ်ဆိုတဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ပါဝင်တဲ့ တို့တာဝန် အရေးသုံးပါးကို လျစ်လျူရှုရာ၊ ချိုးဖေါက်ရာလည်း ရောက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပ်မတော် တည်ဆောက်ပုံကြောင့် ဒီကနေ့ တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ၊ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု တည်ဆောက်ရာမှာ အခက်အခဲ အများကြီး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်ကိုင်ခဲ့တာ တစ်ခုကတော့ တိုင်းပြည်ကို စစ်ဗျူရိုကရေစီ ယန္တရားအောက် သွတ်သွင်းတာပဲ ဖြစ်ပါတယ်။ ၁၉၈၈ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ လိုလားကြောင်း ဆန္ဒပြ အုံကြွတဲ့ ဖြစ်ရပ်ကို မြင်လိုက်ရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တိုင်းသူပြည်သား တစ်ရပ်လုံးကို အယုံအကြည် မရှိတော့ဘဲ စစ်ဗိုလ်တွေနဲ့ပဲ တိုင်းပြည်ကို အုပ်ချုပ်မယ့် စီမံကိန်းကြီး ချမှတ် လုပ်ကိုင်ခဲ့ပါတယ်။ ပြောရရင် တပ်မတော်ကို စစ်ရေးအတွက်၊ တိုင်းပြည် ကာကွယ်ရေးအတွက် တည်ဆောက်တာ မဟုတ်တော့ဘဲ အရင်ခေတ်ဟောင်းက ကွန်မြူနစ်တွေ လုပ်ခဲ့သလို တိုင်းပြည်ကို အုပ်ချုပ်မယ့် လူတန်းစား အသစ်တစ်ရပ်အဖြစ် မွေးထုတ် တာဝန်ယူစေတာမျိုး ဖြစ်ပါတယ်။

ဒီအတွက် အထက်အမိန့်ကို နာခံမယ့် စစ်အရာရှိလောင်း၊ ဗိုလ်လောင်းတွေ များများ မွေးထုတ်ပါတယ်။ ၁၉၈၈ မတိုင်ခင်က ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ တစ်နှစ်စာ ဗိုလ်လောင်း ၁၅၀၊ လေးနှစ်စာ ၆၀၀ ဝန်းကျင်လောက် လက်ခံ၊ မွေးထုတ်ရာကနေ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက် ရောက်လာတဲ့အခါ ၃ နှစ်စာ ဗိုလ်လောင်း အယောက် ၉,၀၀၀ နီးပါး လက်ခံတဲ့ အနေအထား ဖြစ်လာပါတယ်။

ဗိုလ်လောင်းတွေ အဆ ၂၀ လောက် ပို မွေးထုတ်ခဲ့တဲ့ သဘောပါ။ အားလုံးသိကြပါတယ်။ ဒီဗိုလ်လောင်းတွေဟာ စစ်အရာရှိတွေဖြစ်၊ တပ်မတော်မှာ အထက်အဆင့်ဆင့်ရဲ့ အမိန့်ပေးမှုကို တသဝေမတိမ်း နာခံသူတတ်တွေ ဖြစ်လာပြီ ဆိုတဲ့အခါ အရပ်ဘက် ပို့ပြီး တာဝန်ထမ်းဆောင်စေပါတယ်။ အကျိုးဆက်အဖြစ် တိုင်းပြည်မှာ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည် အလွန်နိမ့်ကျတာ၊ အဂတိလိုက်စားမှု အမြစ်တွယ် ကြီးထွား၊ ရှင်းမရ ဆိုတဲ့ အခြေအနေမျိုး ရောက်လာစေပါတယ်။

ပြောရရင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ စစ်အုပ်စုက စနစ်တကျ ဖျက်ဆီးလို့ ပျက်စီးနေတဲ့ တပ်မတော်ကို လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူပြောသလို Standard Army ဖြစ်အောင် တည်ဆောက်နေရတာပါ။ ဒါပေမယ့် ပြည်ထောင်စု တပ်မတော် ဖြစ်အောင် တည်ဆောက်နေရဲ့လား ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ တပ်မတော်ဟာ Standard Army အဖြစ်တည်ဆောက်နေသလို၊ နိုင်ငံရေးကနေလည်း နောက်ကို ခြေတစ်လှမ်း ဆုတ်ခဲ့ပြီးပါပြီ။ အဲဒါကတော့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး နောင်တက်လာမယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတာပါ။

ဒီအတွက် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ရပ်ဆိုင်း၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ၊ နိုင်ငံရေးအရ ပြေလည်မှု ရှိလာပြီ ဆိုရင်တော့ တစ်ခုတည်းသော တပ်မတော်အောက်မှာ ပေါင်းစည်းနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar