ဆန်းဦး
မြန်မာနဲ့ ဗီယက်နမ်တပ်မတော်တွေရဲ့ ပိုင်ဆိုင်မှုပါဝင်ပြီး mytel လို့ အမည်ပေးထားတဲ့ ဆက်သွယ်ရေး အော်ပရေတာသစ်ဟာ ဈေးကွက်ထဲကို တရားဝင် စတင် ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က နေပြည်တော်မှာ ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ခဲ့တဲ့ mytel ကွန်ယက်က မြန်မာတစ်နိုင်ငံလုံးမှာ ဝန်ဆောင်မှုတွေ စတင်ပေးအပ်နေပြီဖြစ်ပါတယ်။
mytel ရဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေကို တရားဝင်ကြေညာတဲ့အခမ်းအနားကို ရန်ကုန်မြို့မှာ ဇွန် ၉ ရက်နေ့က ကျင်းပရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာရှိကြီးတွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။
အဲဒီပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က mytel အနေနဲ့ တိုင်းပြည်ရဲ့ ဆက်သွယ်မှု ကောင်းမွန်ရေးနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ပြုသွားမယ့်အပြင် သတင်းအချက်အလက် နည်းပညာကို မြှင့်တင်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။
mytel ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Telecom International Myanmar Company Limited ဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ဖို့ Nationwide Telecommunication License ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့က ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီမတိုင်ခင်မှာ ဗီယက်နမ်တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Viettel Global Investment Joint Stock Company Limited နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် Myanmar National Telecom Holding Public တို့က ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်ကတည်း လက်မှတ်ရေးထိုးခဲ့ကြတာပါ။ သဘောတူညီချက်အရ Viettel က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း ၁၁ ခု ပူးပေါင်းထားတဲ့ Myanmar National Telecom Holding Public နဲ့ Star High Public Co တို့က ၂၃ ရာခိုင်နှုန်းနဲ့ ၂၈ ရာခိုင်နှုန်းစီ ထည့်ဝင်ကြတာ ဖြစ်ပါတယ်။
“ဒီနေ့ ဆောင်ရွက်နေကြတဲ့ အော်ပရေတာ လေးခုထဲမှာ Telecom International Myanmar Company Limited (mytel) ကသာလျှင် တစ်ခုတည်းသော အများပိုင်ကုမ္ပဏီများ ပါဝင်တဲ့ ဆက်သွယ်ရေး အော်ပရေတာ ဖြစ်ကြောင်းကိုလည်း အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
mytel အနေဖြင့် BTS စခန်းပေါင်း ၆,၀၀၀ ခန့် တည်ဆောက်ပြီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ၇၂ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံအသုံးပြုနိုင်ပြီဖြစ်တယ်လို့လည်း သူကပြောပါတယ်။
“ယခုနှစ်အတွင်း ရည်မှန်းဆောင်ရွက်နေတဲ့ BTS စခန်းတွေကို တည်ဆောက်ပြီးလို့ရှိရင် ကွန်ယက် လွှမ်းခြုံနိုင်မှုဟာ 2G voice (အသံ) အနေနဲ့ နိုင်ငံလူဦးရေရဲ့ ၉၃ ရာခိုင်နှုန်းနဲ့ 4G Data အနေနဲ့ ၆၀ ရာခိုင်နှုန်း လွှမ်းခြုံဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
image1.jpg
ဓာတ်ပုံ-Supply
mytel ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်စိုးကလည်း “နိုင်ငံတော်ကြီးကို ဒီဂျစ်တယ်နိုင်ငံတော်ကြီးဖြစ်အောင် ကျွန်တော်တို့ mytel အနေနဲ့ ဆောင်ရွက်သွားမယ်လို့ တင်ပြလိုပါတယ်” လို့ အခမ်းအနားမှာ ပြောကြားပါတယ်။
Mytel က နေပြည်တော်၊ ကရင်ပြည်နယ်နှင့်် ပဲခူးတိုင်းအရှေ့ ပိုင်းဒေသများ၌ မတ် ၁၅ ရက်နေ့တွင် ကနဦး လုပ်ငန်းစတင်မှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးသို ကွန်ရက်အသင့်ဖြစ်မှု အနေအထား အကောင်းဆုံးအချိန်တွင် ဝန်ဆောင်မှုများ ပေးအပ်သွားနိုင်ရန် တိုးချဲ့လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Mytel 4G ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေကို နိုင်ငံအနှံ့ရှိ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၅၀၊ တဆင့်အရောင်းဆိုင်ပေါင်း ၅၀,၀၀၀ မှာ အဆင်ပြေ လွယ်ကူစွာ ဝယ်ယူနိုင်မယ်လို့ mytel က ပြောကြားပါတယ်။