တပ်မတော်က တိုင်းရင်းသားကို ဖိနှိပ်နေသည်ဟု အထင်အမြင်လွဲမှားမှုများရှိနေပြီး တပ်မတော်အနေဖြင့် တိုင်းရင်းသားများကို ကာကွယ် စောင့်ရှောက်ပေးနေခြင်းသာဖြစ်သည်ဟု တပ်မတော်က ကာကွယ်ရေး ဦးစီးချုပ်က ဇွန် ၂၈ ရက်နေ့တွင် ပြောကြားသည်။
“မိမိတို့အနေဖြင့်တိုင်းရင်းသားများအား အနိုင်ကျင့် သတ်ဖြတ်မှုမရှိဘဲ ပြည်သူများအား လက်နက်ကိုင်၍ အနိုင်ကျင့် ခြိမ်းခြောက်နေသူများကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
“တစ်ချို့က မိမိတို့ တပ်မတော်သည် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများရှိသည့်ဟု အထင်အမြင် လွဲမှားမှုများ ရှိကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကို ကာကွယ် စောင့်ရှောက်ပေးနေခြင်းသာဖြစ်ကြောင်း” ၎င်းက ပြောကြားသည်။
တပ်မတော်သား ဆရာဝန်များအား ကျန်းမာရေးဝန်ကြီးဌာနက လက်လှမ်းမမီသော ဝေးလံခေါင်ပါးသည့် ဒေသများသို့ စေလွှတ်ပေးနေသည်ဟု ၎င်းက ဥပမာပေး ပြောကြားခဲ့သလို တပ်မတော်သားများ အနေဖြင့်လည်း ရောက်ရှိသည့်နေရာဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေးများတွင် တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက်ပေးနေကာ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါကလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ၏ လုပ်ဆောင်ချက်များ အောင်မြင်စေရေးအတွက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ဘ၀ လုံခြုံရေးများတွင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးနေသည်ဟုလည်း ၎င်းကပြောသည်။
သို့သော် “တိုင်းပြည်နှင့် ပြည်သူကို ထိခိုက်လာလျှင်၊ အုပ်ချုပ်မှုပိုင်းကို ထိခိုက်လာလျှင် ကာကွယ်ရမည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။