နေပြည်တော်၊ ဧပြီ ၅
ပြည်သူ့လွှတ်တော်တွင်းမှ တပ်မတော်သား ကိုယ်စားလှယ်အချို့။ ဓာတ်ပုံ- တေဇလှိုင်
အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတွင် ပြင်ဆင်ချက်များ လက်ခံပြင်ဆင်မပေးသဖြင့် တပ်မတော်သား ကိုယ်စားလှယ်များက ဆန္ဒမဲမပေးပဲ နေခဲ့ကြသော်လည်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားသည့် အဆိုပါ ဥပဒေကြမ်းအား တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်များက ပြင်ဆင်ချက် ၁၃ ချက်ဖြင့် ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။
တပ်မတော်သားများက တင်ပြကန့်ကွက်ထားသည့် အချက်များကို မပြင်ဆင်ပါက မဲပေးမည်မဟုတ်ဟု ပြင်ဆင်ချက်များဖြင့် ကန့်ကွက်ခဲ့သူ ဗိုလ်မှူးချုပ်မောင်မောင်က ပြင်ဆင်ချက်များ တင်သွင်းရာတွင် ကြိုတင် ပြောဆိုခဲ့သည်။
ပြင်ဆင်ချက်အဆို တင်သွင်းကန့်ကွက်ခဲ့သည့် ဗိုလ်မှူးကြီး အောင်သီဟကလည်း ”ကျွန်တော့် တင်ပြချက်ကို လက်ခံပြင်ဆင်ခြင်း မပြုပဲ မဲခွဲ ဆုံးဖြတ်မယ်ဆိုရင် တပ်မတော်သားများက ဆုံးဖြတ်ချက်ကို လက်မခံပဲ မဲပေးခြင်းပြုမှာ မဟုတ်ကြောင်း တင်ပြပါတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အမျိုးသားလွှတ်တော်၏ ပြင်ဆင် အတည်ပြုချက်အတိုင်းထားရန် တင်ပြခဲ့သဖြင့် လွှတ်တော်၏ သဘောထားကို မဲခွဲရာ တပ်မတော်သား ကိုယ်စားလှယ်များက မဲမပေးပဲ နေခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်များကို အပိုဒ်လိုက် မဲခွဲခဲ့ရာ အပိုဒ်တိုင်းအတွက် ထောက်ခဲမဲ အရေအတွက် ၂၆၀ အထက် ရရှိခဲ့သဖြင့် အမျိုးသားလွှတ်တော်က အတည်ပြုထားသည့်အတိုင်း ပြည်သူ့လွှတ်တော်ကလည်း ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သူ ၄၀၆ ဦး ရှိသည့်အနက် ပြည်ခိုင်ဖြိုးပါတီဝင် ၂၁ ဦး ရှိရာ ဥပဒေကြမ်းအား အပိုဒ်လိုက် အတည်ပြုရန် ဆန္ဒမဲ ပေးသည့်အခါ ကန့်ကွက်မဲ ၂၁ မဲခန့်သာ ရှိသည့်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးက မဲမပေးခဲ့ကြောင်း ထင်ရှားနေသည်။
အမျိုုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ခုလုံးက အတည်ပြုပြီးဖြစ်သည့် အဆိုပါ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံဆွေးနွေးရန် မလိုတော့ပဲ အတည်ပြုမည်ဖြစ်သည်။ ထို့နောက် သမ္မတဦးထင်ကျော် လက်မှတ်ရေးထိုးပြီးချိန်တွင် ဥပဒေ စတင်အသက်ဝင်မည်ဖြစ်သည်။
“နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေကြမ်းတွင် “၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်” ဟု ဖော်ပြထားသည်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်လျင်စေပဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်ဖြစ်သလို အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တာဝန်ခံရမည်ဟု ဖော်ပြထားသည်။
အခန်း ငါးခန်းနှင့် ပုဒ်မ ရှစ်ခု ပါဝင်သည့် အဆိုပါဥပဒေကြမ်းကို အတည်ပြုပြီးပါက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကြံပြုခွင့်အပြင် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံခွင့်၊ အစိုးရအဖွဲ့ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်တို့ ရရှိမည်ဖြစ်ကာ အစိုးရအဖွဲ့ကို ခေါင်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။
သတင်း- စိုးသန်းလင်း