တပ်မတော်နှင့် သံဃာ၊ မင်းနှင့် ပြည်သူသည် ညီညွတ်ရမည်ဖြစ်သည်ဟု သီတဂူဆရာတော် အရှင် ဉာဏိဿရက အောက်တိုဘာ ၃၀ ရက်က ဟောကြားသည့် တရားတပုဒ်တွင် ထည့်သွင်း ဟောပြောခဲ့သည်။
သီတဂူဆရာတော်သည် အဆိုပါတရားတော်ကို ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ပြုလုပ်သည့်တရားပွဲတွင် ထိုကဲ့သို့ ထည့်သွင်းဟောပြောခဲ့ခြင်း ဖြစ်သည်။
“မင်းနဲ့ပြည်သူ ညီညွတ်ရမယ်၊ တပ်နဲ့သံဃာတွေညီညွတ်ရမယ်။ လေးဦးလေးဖလယ် ညီညွတ်ဖို့၊ ကုလားထိုင်ရဲ့ လေးချောင်းလို” ဟူ၍ ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် သီဟိုဠ်ကျွန်း (လက်ရှိ သီရိလင်္ကာနိုင်ငံ) မှ ဒဏ္ဍာရီ အဖြစ်အပျက်တခုကို ရည်ညွှန်း ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအဖြစ်အပျက်အရ စစ်ပွဲအတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စိတ်ပူပန်သောကရောက်နေသည့် ဒုဌာဂါမဏိမင်းအကြောင်းဟောပြောရာတွင် “ရဟန္တာကြီးတွေက မင်းကြီးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာ နားလည်ရမယ်” ဟုလည်း ဆရာတော်က ဆိုသည်။
ယင်းကဲ့သို့ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဘုရင် စိတ်ပူပန်သောကရောက်နေသည်ကို ရဟန္တာများက “မင်းကြီး ဘာမှ မပူနဲ့၊ အကုသိုလ် နည်းနည်းလေးပဲ ဖြစ်တယ်” ဟောပြောခဲ့သည့်ဟု ဆိုသည်။
ထို့ပြင် “မင်းသတ်လိုက်တာ သန်းပေါင်းများစွာဖြစ်ပေမယ့်၊ တကယ့်လူစင်စစ်က တယောက်နဲ့ တပိုင်းပဲ ပါတယ်။ လူပီသတဲ့လူပေါ့။ ကျူးကျော်ဝင်ရောက်လာတဲ့ ကျေးကုလား၊ တမီလ်တွေထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့သူက တယောက်၊ ငါးပါးသီလနဲ့ သရဏဂုံ တွဲဆောက်တည်တဲ့သူက တယောက်ပါဝင်သည်” ဟု ဆိုသည်။
ထို့ပြင် “မင်းကြီးမပူနဲ့” သီတဂူဆရာတော်က မိန့်ကြားပြီး အဆိုပါအဖြစ်အပျက် ဟောပြောမှုအဆုံးသတ်တွင် “ဘုန်းကြီးတို့ မပြောဘူး။ သီဟိုဠ်က ရဟန္တာတွေ ပြောတာ” သီတဂူဆရာတော်က ထည့်သွင်း ဟောပြောခဲ့သည်။
ဓာတ်ပုံ- သီတဂူဆရာတော် Facebook စာမျက်နှာ
အဆိုပါ အဖြစ်အပျက်ကို မြန်မာနိုင်ငံတွင် ဒုဌာဂါမဏိနှင့် ကျေးကုလား ၅၀၀ ဟု လူသိများပြီး ရဟန်းသံဃာများက တရားပွဲများတွင် အလျင်းသင့်သလို ထည့်သွင်း ဟောပြောမှုများ ရှိခဲ့သည်။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့၍ ဝိပ္ပရိသာရ ဟုခေါ်သည့် စိတ်နှလုံးမချမ်းမြေ့ဖြစ်နေသည့် ဒုဌာဂါမဏိမင်းကြီးကို အစွဲဥပါဒါန်ကြောင့် ပို၍အပြစ်ဖြစ်စေသည့်အကြောင်း စိတ်သက်သာရာ ရစေရန် ရဟန်းများက တရားချသည့် ဇာတ်လမ်းတပုဒ်ဖြစ်သည်။
“တို့ရဲ့ တပ်မတော်သားတွေလည်း ဒုဌာဂါမဏိထုံး နှလုံးမူ၊ အဇာတသတ်မင်းထုံး နှလုံးမူပြီး နိုင်ငံတော်နဲ့ သာသနာအတွက် စစ်တာဝန်ကို ထမ်းခြင်းဖြစ်ရမယ်၊ ဖြစ်ပါစေလို့ တိုက်တွန်းကြောင်း” ဟောပြောပြီး တရားပွဲကို အဆုံးသတ်ခဲ့သည်။
“ဒုဌာဂါမဏိမင်းလို၊ အဇာတသတ်မင်းလို တိုင်းပြည်အတွက်သာလျှင် စစ်တိုက်တာမဟုတ်ဘူး၊ ဘုရားသာသနာအတွက် စစ်တိုက်ရတယ်၊ ဒီလိုဖြစ်ရတယ်” ဆရာတော်က မိန့်ကြားသည်။
အစိုးရသစ် တက်ပြီးနောက်ပိုင်းတွင် ယခုနှစ်အစောပိုင်းက သီတဂူဆရာတော်ကို အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။ အဆိုပါ ဘွဲ့တံဆိပ်သည် မင်း၊ အစိုးရက သံဃာတော်များကို ဆက်ကပ်ရာတွင် အမြင့်ဆုံးဘွဲ့တခုလည်းဖြစ်သည်။
သတင်း-မြတ်ကျော်သူ