ယခုနှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၃၀ ခန့်သာရှိတာကြောင့် တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်အထိ ငါးနှစ်ကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၃,၂၈၂,၁၅၂ ဦးရှိပြီး အောင်မြင်သူ ၁,၁၄၈,၇၀၁ ဦးနှင့် စာမေးပွဲကျရှုံးသူ ၂,၁၃၃,၄၅၁ ဦးရှိသဖြင့် ကျရှုံးသူများပြားသည်ကို တွေ့ရှိရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၈၉,၈၄၅ ဦးအနက် အောင်မြင်သူ ၂၅၉,၁၉၁ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၃ ရခိုင်နှုန်း ရှိခဲ့ပါတယ်။
ဒီလို ကျရှုံးမှုများပြားခဲ့တာကြောင့် ကာယကံရှင် ကျောင်းသားတွေ၊ မိဘတွေနဲ့ နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှု များစွာဖြစ်ရတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အနီးက အခြေခံပညာ အထက်တန်းကျောင်းမှာ ဇွန် ၁၁ ရက်နေ့က ပြုလုပ်တဲ့ ကျောင်းဖွံ့ဖြိုးရေး အဆင့်မြှင့်တင်ခြင်းနဲ့ ပညာရည်မြင့်မားရေး သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
“မိမိတို့နိုင်ငံတွင် မူလတန်းအဆင့် စတင်အပ်နှံချိန်မှ ၄ တန်းပြီးဆုံးချိန်တွင် ကျောင်းနေအင်အား ၄၀ ရာခိုင် နှုန်းခန့် လျော့နည်းသွားပြီး ၁၀ တန်းသို့ ရောက်ရှိချိန်တွင် ထပ်မံလျော့နည်းသွားကြောင်း၊ ထိုအထဲမှ အောင်ချက်ရာခိုင်နှုန်းမှာ ၃၀ ခန့်သာရှိရာ တက္ကသိုလ်တက်ရောက်ချိန်တွင် ရာခိုင်နှုန်းအားဖြင့် နည်းသွားသဖြင့် မိမိတို့ တိုင်းပြည် အနာဂါတ်အတွက် စိုးရိမ်စရာပင်ဖြစ်ကြောင်း” သူက ပြောကြားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေမှာတော့ ကျောင်းနေရာခိုင်နှုန်းကောင်းမွန်ပြီး အောင်ချက် ရာခိုင်နှုန်း မြင့်မားသည်ကို တွေ့ရှိရတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
တက္ကသိုလ်ဝင်တန်းတစ်ခုတည်းအတွက် ငါးနှစ်တာ ကျရှုံးမှုများကိုအခြေခံ၍ ကျောင်းသားတစ်ယောက် စားသောက်စရိတ်အပါအဝင် နေ့စဉ်ပျမ်းမျှ ကုန်ကျစရိတ် ၁,၂၀၀ ကျပ်ခန့်ဖြင့်တွက်ပါက ကျောင်းတက်ရက် ၁၈၀ ရက်၊ ငါးနှစ်တာ ကာလအတွက် ကျပ် ၅၇၆ ဘီလျံကျော်ရှိပြီး တစ်နှစ် ၃၆၅ ရက်အတွက်ဆိုပါက ကျပ် ၁,၁၅၀ ဘီလျံခန့်ကို ကျောင်းသား မိဘတွေက သုံးစွဲ ကုန်ကျခဲ့တာ တွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါတယ်။
34178154_947423075437627_2258256785913675776_n.png
/></p></body>