တကယ်အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရမည့် ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ် ကော်မရှင်

လူမှုအသိုင်းအဝိုင်းနှစ်ဖက်၏ လိုလားချက်များနှင့် တောင်းဆိုမှုများကို ပြေလည်အောင် ညှိနှိုင်းရန် နည်းလမ်းများကို ကော်မရှင်အနေဖြင့် မည်မျှအထိ ဖော်ဆောင်နိုင်ပါမည်နည်း။

ဆောင်းဦး ရေးသားသည်။

အစိုးရသစ်က ရခိုင်ပြည်နယ်၏ ရှုပ်ထွေးနက်နဲသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ တွင် ရေရှည်နည်းလမ်းကောင်းများ ရှာဖွေနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တစ်ရပ်အား နိုင်ငံတော်၏ အတိုင်ပင်ခံဝန်ကြီးဌာနရုံးက ဖွဲ့စည်းလိုက်မှုအပေါ် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကွဲပြားသည့် တုန့်ပြန်မှုများ ထွက်ပေါ်လာသည်။

ရခိုင်ပြည်နယ်အရေးကိစ္စသည် ပြည်တွင်းရေး ပြဿနာသာ ဖြစ်သောကြောင့် နိုင်ငံခြားသားများ ဦးဆောင် ပါဝင်လာခြင်းသည် ပြည်တွင်းရေးကို နိုင်ငံတကာအရေးအဖြစ်သို့ ဦးတည်သွားစေကြောင်း ဝေဖန်ကြသည်။ အချို့ကမူ ကော်မရှင်သည် အကြံပေးရုံ သက်သက်ဖြစ်ပြီး နိုင်ငံတော်အစိုးရက ရွေးချယ်ဆုံးဖြတ် အကောင်အထည် ဖော်ရမည်ဖြစ် သည်ဟု နားလည် လက်ခံ ကြိုဆိုကြသူများလည်း ရှိသည်။   

ဝေဖန်ထောက်ပြကြသူများအထဲတွင် အင်အားကြီး နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရခိုင် အမျိုးသားပါတီ (ANP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားပါတီ ၂၂ ဖွဲ့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်း (NBF) တို့ ပါဝင်နေကြသည်။ 

ကိုဖီအာနန်နှင့် ပြည်ပနိုင်ငံသား နောက်ထပ်နှစ်ဦးတို့သည်  ရခိုင်ပြည်နယ်၏ လက်ရှိအ ခြေအနေများကို သဘောပေါက်မည် မဟုတ်သည့်အတွက် မူရင်းနေ ရခိုင်တို့၏ အခွင့်အရေးများအပြင် နိုင်ငံတော်၏ အချုပ်အခြာအဏာကိုပါ ထိခိုက်မှေးမှိန်စေလိမ့်မည်ဟု ANP က သဘောထားထုတ်ပြန်ပြီး ကော်မရှင်အား ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်။

ကော်မရှင်အား ပြည်တွင်း တတ်သိပညာရှင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ပြည်သူ့လွှတ် တော်တွင် သြဂုတ်လ (၃၀) ရက်နေ့၌ ANP အမတ်တစ်ဦးက အရေးကြီးအဆို တင်သွင်းရာ ကန့်ကွက်သူမရှိ၍ ဆွေးနွေးရန် သဘောတူထားကြသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း ဤကိစ္စနှင့် ပက်သက်၍ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက နိုင်ငံတကာ ဖိအားများကြောင့် ဤအကြံပေး ကော်မရှင်အားဖွဲ့စည်းရခြင်းဖြစ်ကြောင်း တုန့်ပြန်ထားသည်။ အကြံပေးချက်တိုင်းကို အကောင်အထည် ဖော်စရာမလိုအပ်ပဲ အစိုးရအနေဖြင့် ရွေးချယ်ဆုံးဖြတ်မည် ဖြစ်ကြောင်း နေပြည်တော်တွင် မကြာသေးမီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကော်မရှင်အားအပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ကျင်းပခဲ့သည့် ပင်လုံညီလာခံတွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။

ယခု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအား အဓိက အကြံပေးသွားဖွယ်ရှိသည်။    

NLD ဦးဆောင်သည့် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ ကိစ္စရပ်များအတွက် ဆုံးဖြတ်ရာ တွင် ရခိုင်ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ခြင်းများမရှိဟု International Crisis Group က ယခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသည့် အစီရင်ခံစာတွင် ဝေဖန်ထောက်ပြထားပြီး ဒေသခံ များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်၍ ချဉ်းကပ်ရန် အရေးပါကြောင်း သုံးသပ်ဖော်ပြထား သည်။ ယခုကော်မရှင် ဖွဲ့စည်းခြင်းကိုလည်း ကော်မရှင်ဖွဲ့စည်းပြီးမှသာ ပြည်သူလူထုက သိရှိခဲ့ရခြင်းဖြစ်သည်ဟု ရခိုင်ဒေသခံများက ဝေဖန်နေကြသည်။

ကော်မရှင်အနေဖြင့် အကဲဆတ်သည့် ရခိုင်ပြည်နယ်၏ ကိစ္စရပ်အတွက် အကြံပေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် ဆွေးနွေးတိုင်ပင်မှုပြုပြီး သတိထား ဆောင်ရွက်ရန် လိုအပ်နေသည်။ အထူးသဖြင့် ကော်မရှင်က ဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်သည့် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေး၊ ပဋိပက္ခကြိုတင်ကာကွယ် တားဆီးရေး၊ အခွင့်အ ရေးများနှင့် ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးကိစ္စများနှင့် ပက်သက်၍ စိန်ခေါ်မှုများ ရှိနေနိုင်သည်။ ဤကိစ္စများသည် သမိုင်းကြောင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွား ရေး လူမှုရေးဆိုင်ရာ၊ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ (၁၉၈၂)၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ အတွေးအခေါ်များနှင့်အတူ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် ရှုဒေါင့်ပေါင်းစုံမှ သုံးသပ်ချဉ်းကပ်မှု လိုအပ်ပေလိမ့်မည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်တို့က သူတို့အား ဘင်္ဂါလီဟု ခေါ်ဆိုခြင်းအား လက်မခံကြပေ။ ၎င်းတို့သည် ရခိုင်ဒေသမှ ရိုဟင်ဂျာ တိုင်းရင်းသားများဖြစ်၍ ရိုဟင်ဂျာဟုသာ ခေါ်ဆိုရန် နှင့် ၎င်းအမည်အား တရားဝ င်အသိအမှတ်ပြုရန် တောင်းဆိုကြသည်။ မိမိတို့၏ အမည်နာမအား မိမိတို့ဆန္ဒနှင့်အညီ မှည့်ခေါ်ရန်မှာ လူသားတို့၏ အခြေခံ လူ့အခွင့်အရေး ဖြစ်သည်ဟု ပြောဆိုကြသည်။ ဤသည်ကို ရခိုင်တို့ဘက်က လက်ခံရန် လုံးဝငြင်း ဆန်ကြသည်။ ရိုဟင်ဂျာလူမျိုးဟူသည် မိမိတို့ သမိုင်းတွင်မရှိ။ မိမိတို့သည်သာလ ျှင် ရခိုင်ဒေသမှ မူရင်းဌာနေ လူမျိုးများ ဖြစ်ကြသည်။ ဤသည်မှာ မိမိတို့၏ မူလ လူ့အခွင့်အရေးဖြစ်ကြောင်း ယုံကြည် လက်ခံကြသည်။ ထို့ကြောင့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံ အသိအမှတ်မပြု။ ဘင်္ဂါလီဟုသာ ခေါ်ဆိုသတ်မှတ်နိုင်မည်ဟု တုန့်ပြန်ကြသည်။  

NLD ဦးဆောင်သည့် အစိုးရအနေဖြင့် ဤကဲ့သို့ အငြင်းပွားဖွယ်ဖြစ်သည့် ဤအမည်နာမကို ရှောင်ကွင်းပြီး ပြဿနာအား ချဉ်းကပ်လိုသည့် ဆန္ဒရှိသည်။ ထိုရည်ရွယ်ချက်ဖြင့် ရိုဟင်ဂျာနှင့် ဘင်္ဂါလီ အသုံးအနှုန်းအစား ‘ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်း’ ဟု လွန်ခဲ့သည့် ဇွန်လက စတင်သုံးစွဲခဲ့ရာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ဆန္ဒပြမှုများစွာဖြင့် တုန့်ပြန်ခဲ့ကြသည်။ 

ဤသို့ နှစ်ဖက်အသိုင်းအဝိုင်းတို့၏ လိုလားချက်များနှင့် တောင်းဆိုမှုများကို ပြေလည် အောင် ညှိနှိုင်းရန် နည်းလမ်းများကို ကော်မရှင်အနေဖြင့် မည်မျှအထိ ဖော်ဆောင်နိုင်ပါမည်နည်း။

နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ အငြင်းပွားစရာဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်မှုဆိုင်ရာ ဥပဒေ (၁၉၈၂) ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ မူဆလင်များက ဤဥပဒေသည် လူ့အခွင့် အရေးနှင့် ဆန့်ကျင်ပြီး ၎င်းတို့ နိုင်ငံသားဖြစ်မှုအတွက် အဓိက အတားအဆီး ပြဿနာတစ်ခုအဖြစ် ရှုမြင်ပြီး ဤဥပဒေအား ပြုပြင်ပြောင်းလဲရေးအတွက် လှုပ်ရှားတောင်းဆိုကြသည်။ ရခိုင်တို့အတွက်မူ ဤဥပဒေသည် ရခိုင်လူမျိုးတို့ ရခိုင်ဒေသတွင် ရေရှည်တည်တန့်ရန်အတွက် အကာအကွယ်ပေးရန် အလွန်အရေးကြီးနေသည်။ ဤဥပဒေအားပြင်ဆင်ပါက မြန်မာဘင်္ဂလား နယ်စပ်လုံခြုံမှု အားနည်းချက်များနှင့်အတူ လျင်မြန်စွာ တိုးပွားလာမည့် ရခိုင်ပြည်နယ်ရှိ မူဆလင်ဦးရေအား ရခိုင်လူမျိုးတို့ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြသည်။ ထို့အပြင် ၁၉၈၂ ဥပဒေသည် အိန္ဒိယနှင့် တရုတ်နိုင်ငံကဲ့သို့ ကြီးမားသည့် နိုင်ငံ နှစ်နိုင်ငံကြားတွင်တည်ရှိသည့် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး ကိစ္စအဖြစ် လက်ခံထားကြသည်။ ဤကဲ့သို့ ခက်ခဲသည့် ကိစ္စရပ်များအား ကော်မရှင်အနေဖြင့် မလွဲမသွေ ကြုံတွေ့ရပါလိမ့်မည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အနေဖြင့် မူဆလင်အသိုင်းအဝိုင်း၏ အခြေခံ အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှု ရရှိရေးကိုဖြည့်ဆည်းပေးရန် လိုအပ် သလို ရခိုင်ဒေသခံများ၏ အခွင့်အရေးနှင့် စိုးရိမ်ကြောင့်ကြမှုများကိုလည်း ညီမ ျှစွာ ထည့် သွင်း စဉ်းစားရပေမည်။ ထို့ကြောင့် အကြံပေးကော်မရှင်အား အဓိကဦး ဆောင်မည့် အဖွဲ့ဝင်များအတွက် ရခိုင်ပြည်နယ်၏ ပဋိပက္ခအကြောင်းရင်းခံများအား နှံ့နှံ့စပ်စပ် နားလည် သဘောပေါက်မှုသည် လွန်စွာ ပဓာနကျနေသည်။  အသိုင်းအဝိုင်း နှစ်ခုလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်မှုမှာလည်း ကော်မရှင်၏ လုပ်ငန်းစဉ် ထိရောက်မှုအတွက် အရေးပါသည်။ ကောင်းမွန်ပြီး အဓိပ္ပါယ် ပြည့်ဝသည့် ပူးပေါင်းပါဝင်မှုမရှိပဲ ရေရှည်တည်တံ့မည့် ဖြေရှင်းမှု နည်းလမ်းကောင်းများ ရရှိနိုင်မည်မဟုတ်ပေ။  

ထွက်ရှိလာမည့် အစီရင်ခံစာအား နှစ်ဖက်အသိုင်းအဝိုင်းက လက်ခံကြိုဆိုမှု အတိုင်းအတာသည်လည်း ကော်မရှင်၏ ကျဆုံးမှုနှင့် အောင်မြင်မှုကို အဆုံးအဖြတ် ပေးပါလိမ့်မည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်သည့် ဤကော်မရှင်သည် ရခိုင်ပြည် နယ်၏ ကာလကြာရှည် အမြစ်တွယ်လာခဲ့သည့် အဓိကအကြောင်းရင်းခံများကို နက်နက် နဲနဲ သုံးသပ်နားလည်နိုင်စွမ်း ရှိမှသာလ ျှင် ပြန်လည်ရင်ကြားစေ့ သင့်မြတ်ရေးအတွက် ရေရှည်တည်တံ့သည့် ပြဿနာဖြေရှင်းမှု နည်းလမ်းကောင်းများ ရလဒ်အဖြစ် ထွက် ပေါ်လာပေမည်။ သို့မဟုတ်ပါက မမျှော်လင့်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ပေါက် လာနိုင်ပြီး နှစ်ဖက်အကြား ပို၍တင်းမာပြီး ရှုပ်ထွေးသော အခြေအနေကို ဦးတည်သွား စေနိုင်သည့် အန္တရာယ်ရှိနေပေသည်။

ခေါင်းစီးဓာတ်ပုံ- ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်မည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ရန်ကုန်မြို့သို့ သြဂုတ် ၃ ရက်နေ့က ရောက်ရှိလာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar