တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာသရုပ်သကန်နှင့်ပတ်သက်၍ နှစ်ကာလကြာရှည်စွာရှိခဲ့သည့် အငြင်းပွားမှုကြောင့် မျိုးနွယ်စုများစွာရှိသော ကချင်အသိုင်းအဝိုင်းတွင် သဘောထားကွဲလွဲမှုများရှိလာခဲ့ပြီး ကချင်နာမည်ကျော်ခေါင်းဆောင်တစ်ဦးက ညီညွတ်ရန် တိုက်တွန်းရသည်အထိ အခြေအနေဆိုက်လာခဲ့သည်။
By CHAN PAKAO | FRONTIER
ကချင်တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်တွင် ကချင်ပြည်သူများ ညီညွတ်ရန်လိုအပ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက လိုင်ဇာ၌ ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့သည့် ကချင်တော်လှန်ရေးနေ့ နှစ် ၆၀ ပြည့်အခမ်းအနားတွင် မိန့်ခွန်းတွင် တောင်းဆိုသည်။
အခမ်းအနားသို့ လိုင်ဇာမြို့နေများနှင့် ကေအိုင်အို ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ဖွဲ့ဝင်များလည်းတက်ရောက်ခဲ့သည်။
ကချင်များကြား အငြင်းပွားမှုရှိနေသောကြောင့် ညီညွတ်ရန် တောင်းဆိုခဲ့ရခြင်းဖြစ်ကြောင်း KIO ၏ သတင်းပြန်ကြားရေးဌာနအကြီးအကဲ ဗိုလ်မှူးကြီး နော်ဘူက Frontier အား ဖေဖော်ဝါရီ ၆ ရက်တွင် ပြောသည်။
ကချင်တို့၏နိုင်ငံရေးရည်မှန်းချက်များ မရရှိသေးသောကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ်တွင်ရှိနေဆဲဖြစ်သဖြင့် ကချင်ပြည်သူများညီညွတ်ရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူကပြောဆိုခဲ့သည်။
ညီညွတ်ရေးသည် ကချင်များကြား အကဲစပ်သော အကြောင်းအရာဖြစ်ပြီး မျိုးနွယ်စုများစွာပါဝင်သော ကချင်အသိုင်းအဝိုင်းကြား ၎င်းတို့ကိုယ်၎င်းတို့ မည်ကဲ့သို့ ညွှန်းဆိုခေါ်ဆိုရမည်နှင့်ပတ်သက်၍ အငြင်းပွားနေမှုရှိနေသဖြင့် ညီညွတ်ရေးရရှိရန် ခက်ခဲနေခဲ့သည်။
ကချင်သည် တိုင်းရင်းသားမျိုးစုံပါဝင်သော အသိုင်းအဝိုင်းကို ပေါင်းစုခေါ်ဆိုသော အမည်ဖြစ်သည်။ ကချင်အသိုင်းအဝိုင်းသည် ကချင်ပြည်နယ်ကိုကျော်လွန်ပြီး ရှမ်းပြည်နယ်၊ မြန်မာနှင့်နယ်စပ်ချင်းထိစပ်နေသည့် တရုတ်နှင့် အိန္ဒိယတို့ပါဝင်သော ဒေသများအထိပင်ရှိနေသည်။ လူဦးရေအများဆုံးနှင့် ယဉ်ကျေးမှုပိုင်းအရ လွှမ်းမိုးမှုအရှိဆုံး ကချင်အုပ်စုမှာ ဂျိန်းဖောဖြစ်ပြီး ဂျိန်းဖောဘာသာစကားကိုပင် ကချင်အသိုင်းအဝိုင်းဝင် အုပ်စုများကြား ဘုံဘာသာစကားအဖြစ် ပြောဆိုနေကြသည်။
ကချင်သည် မြန်မာဘာသာစကားဖြင့် ပေးထားသည့် အမည်ဖြစ်ပြီး ဂျိန်းဖောလူမျိုးများသည် ၎င်းတို့ဘာသာစကားဖြင့် ပြောဆိုနေချိန်တွင် ကချင်အုပ်စုအားလုံးကို ပေါင်းစုညွှန်းဆိုရန်အတွက် ဂျိန်းဖောဝမ်ပန်း(Jinghpaw Wunpawng )ဆိုသည့် စကားလုံးကို သုံးလေ့ရှိသည်။
သို့သော် ယင်းကဲ့သို့ခေါ်ဆိုသည်ကို လရှီ(လချိတ်)နှင့် ရဝမ်ကဲ့သို့ ဦးရေနည်းပါးသော တိုင်းရင်းသားအသိုင်းအဝိုင်းများက နှစ်သက်ခြင်းမရှိကြချေ။ ဂျိန်းဖောကိုအသုံးပြုခြင်းသည် လွှမ်းမိုးမှုရှိသော အဖွဲ့ကို အခွင့်ထူးခံအခွင့်အရေးပေးလိုက်ခြင်းဖြစ်ကြောင်း သူတို့ကပြောကြသည်။ ယင်းကြောင့် ဂျိန်းဖောဘာသာစကားတွင် ကချင်အုပ်စုအားလုံးကို ညွှန်းဆိုပြီး ပိုမို၍လည်း ဘုံသဘောဆန်သည့် ဝမ်ပန်း သို့မဟုတ် အကျိုးတူပူးပေါင်းထားသည့်အဖွဲ့ ဆိုသည့် အမည်ကိုသာ သုံးစွဲလိုကြသည်။
၁၉၆၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် KIO သည် ၎င်းတို့ကိုယ်၎င်းတို့ ဂျိန်းဖောဘာသာဖြင့် ဂျိန်းဖော ရှန်း လောပန်(Jinghpaw Shang Lawt Hpung) သို့မဟုတ် ဂျိန်းဖော လွတ်မြောက်ရေးအဖွဲ့ ဟုခေါ်ဆိုခဲ့ကြသည်။ ဝါရင့်စစ်ဘုရင်တစ်ဦးဖြစ်သလို လရှီ(လချိတ်)မျိုးနွယ်စုဝင်တစ်ဦးလည်းဖြစ်သည့် ဇခုံတိန့်ယိန်း ၁၉၆၈ ခုနှစ်တွင် KIO မှ ခွဲထွက်ခဲ့ရသည့် အကြောင်းအရင်းများတွင် ဂျိန်းဖောဆိုသည့် အမည်ကို သုံးရန် အတင်းအကျပ်လုပ်ဆောင်မှုအပေါ် မကျေနပ်သည့် အချက်လည်း အကြောင်းအရင်းတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။
ယင်းနောက်တွင် ဇခုံတိန့်ယိန်း သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အတူတိုက်ပွဲဝင်ခဲ့ကာ ကချင်ဒီမိုကရေစီသစ်တပ်ဖွဲ့(NDAK)ကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် ၂၀၀၉ ခုနှစ်တွင် တပ်မတော်၏အုပ်ချုပ်မှုအောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်လာခဲ့သည်။
ညီညွတ်မှုရှိလာရေးအတွက် KIO သည် ၁၉၆၉ ခုနှစ်တွင် ဂျိန်းဖောဘာသာစကားနာမည်မှ ဂျိန်းဖောကို ဖယ်ရှားပြီး ဝမ်ပန် မွန်ဒန် ရှန်း လောပန်(Wunpawng Mungdan Shang Lawt Hpung) ဟုပြောင်းလဲခဲ့သည်။ တိုင်းရင်းသားရေးအရ မည်သည့်အဖွဲ့ကိုမျှ တိတိကျကျတိုက်ရိုက်မရည်ညွန်းဘဲ ဂျိန်းဖောမဟုတ်သည့် အုပ်စုများပါလက်ခံလာရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သဘောထားကွဲလွဲမှုက ခရစ်ယာန်ဘာသာဝင်အများစုရှိသည့် ကချင်အုပ်စုများ၏ ဘာသာရေးကိုပါ သက်ရောက်မှုရှိခဲ့သည်။ ဂျိန်းဖောမဟုတ်သည့် အဖွဲ့များသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ ဂျိန်းဖောဘာသာစကားဖြင့်ပေးထားသည့် ဂျိန်းဖော ဝမ်ပန်ခ လပ်ပန်(Jinghpaw Wunpawng Hka Lup Hpung )ကို ပြောင်းလဲလိုကြသည်။ ယင်းအမည်အရ ဂျိန်းဖောများသည် အခြားအုပ်စုများ၏အထက်တွင်ရှိနေသည်ဟု အဓိပါ္ပယ်ရကြောင်း အမည်မဖော်လိုသည့် လချိတ်တစ်ဦးက Frontier သို့ပြောဆိုခဲ့သည်။
A man and woman in Jinghpaw dress attend a Union Day event in Nay Pyi Taw on February 12, 2019. (AFP)
၆ လား ၇ လား ၁၂ လား
အသိုင်းအဝိုင်းတစ်ခုလုံးကို မည်ကဲ့သို့ အမည်ပေးရန် ပြဿနာအပြင် ကချင်အသိုင်းအဝိုင်းအတွင်း မည်သည့်အဖွဲ့များပါဝင်သည်ကို ပြောဆိုရန် အချက်နှင့်ပတ်သက်၍လည်း သဘောကွဲလွဲမှုများရှိနေသည်။
KIO သည် ကချင်အုပ်စုခုနစ်စုကို အသိအမှတ်ပြုထားသည်။၎င်းတို့မှာ ဂျိန်းဖော၊ဇိုင်ဝါး( အဇီး) လချိတ်( လရှီ) ၊ လော်ဝေါ်(မရူ) ၊ လီဆူ၊ ရဝမ်နှင့်နုံတို့ဖြစ်ကြသည်။ သို့သော် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအတွက် အစိုးရသည် ကချင်အသိုင်းအဝိုင်းခေါင်းဆောင်များ၏ကန့်ကွက်မှုကို လျစ်လျူရှုပြီး ကချင်အုပ်စု သို့မဟုတ် လူမျိုး ၁၂ မျိုးရှိကြောင်း သတ်မှတ်ခဲ့သည်။
ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိမ်းဖေါ၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ(လော်ဂေါ်)၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ တိုင်းရင်းသားမျိုးနွယ် ၁၃၅ စုရှိသည်ဆိုသည့် သတ်မှတ်ချက်အပေါ် အခြေခံထားသည့် အမျိုးအမည်ခွဲမှုသည် ကချင်ပြည်သူများကြား သွေးကွဲပြီး ကချင်အုပ်စုများ အဖွဲ့များစွာကွဲသွားကာ ပိုမိုအင်အားနည်းသွားစေရန် လုပ်ဆောင်လိုက်ခြင်းသာဖြစ်ကြောင်း KIO ကလက်ခံထားသည်။
KIO နှင့် ကချင်အသိုင်းအဝိုင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရအား ယင်းစာရင်းကို အမှန်ပြင်စေလိုသော်လည်း ယင်းသို့မလုပ်မီတွင် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၌ ကချင်အဖွဲ့အစည်းများ၊ KIO တို့မှ ကိုယ်စားလှယ်များပါဝင်သော ပြည်သူ့ဆန္ဒခံယူပွဲကိုပြုလုပ်ပြီး အမျိုးအမည်သတ်မှတ်ချက်နှင့်ပတ်သက်၍သဘောတူညီမှုဦးစွာရယူလိုခဲ့သည်။
ယခုလောလောဆယ်တွင် အုပ်စုခုနစ်စုခွဲရမည့်အစား ဂျိန်းဖော၊ ရဝမ်၊လီဆူ၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး ဟု ဘာသာစကားအရ ကွဲပြားသော အုပ်စုခြောက်စုခွဲဟု KIO က ခွဲခြားအသိအမှတ်ပြုထားခြင်းကိုလည်း ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့(WHG)က လက်ခံလိုကြခြင်းမရှိချေ။ ကေအိုင်အိုသည် မိခင်ဘာသာစကားတူညီသော်လည်း ဓလေ့ကွဲပြားသည့် ရဝမ်နှင့်နုံတို့ကို သီးခြားအုပ်စုများများအဖြစ် လက်ခံထားသော်လည်း WHG ကမူ ယင်းနှစ်ဖွဲ့လုံးကို ရဝမ်အဖြစ်သာသတ်မှတ်ထားကြောင်း ဗိုလ်မှူးကြီး နော်ဘူကပြောဆိုခဲ့သည်။
သို့သော် အစိုးရသည် KIO သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရခြင်းမရှိသဖြင့် တရားမဝင်အဖွဲ့အစည်းဖြစ်နေခဲ့ရာ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် အစိုးရက ခွင့်ပြုမည်မဟုတ်ကြောင်း စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက)မှ အမတ်ဟောင်းဖြစ်သလို ကချင်လှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် ဒေါ်ဒွဲဘူကပြောဆိုခဲ့သည်။
ယင်းကိုသိရှိသောကြောင့် ကချင်ပြည်သူများ၏သဘောထားအမြင်ကို မေးမြန်းပြီးနောက် ကချင်အုပ်စုများတရားဝင်ခွဲခြားသတ်မှတ်မှုကို ပြင်ဆင်ပေးရေး တောင်းဆိုစာတင်ရန် ဒေါ်ဒွဲဘူသည် ကချင်လူမျိုးစုခေါင်းဆောင်များကို ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်တွင် နေပြည်တော်သို့သွားရောက်ခဲ့သည်။ သို့သော် တောင်းဆိုမှုကို အစိုးရက ပယ်ချခဲ့သည်။ လာမည့်ဧပြီတွင်လည်း အလားတူကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး နေပြည်တော်သို့သွားရောက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
အစိုးရက အမှားပြင်ဆင်ပေးမှသာ ကချင်ပြည်သူများ ညီညွတ်မှုရရှိမည်ဖြစ်ကြောင်း ဒွဲဘူကပြောဆိုခဲ့သည်။ အစိုးရသည် သမိုင်းအချက်အလက်များနှင့်ဆန့်ကျင်ပြီး ကချင်မျိုးနွယ်စု ၁၂ စုသတ်မှတ်လိုက်ခြင်းသည် မှားယွင်းကြောင်း ဒွဲဘူကပြောဆိုခဲ့သည်။
အစိုးရ၏တလွဲလုပ်ဆောင်ခဲ့မှုကြောင့် ကချင်ပြည်သူများကြား ညီညွတ်မှုပျက်စီးခဲ့ရပြီး ညီညွတ်မှုကို ပြန်လည်တည်ဆောက်ယူနေရကြောင်း ၎င်းကပြောဆိုခဲ့သည်။
လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကချင်အသိုင်းအဝိုင်းတို့ကြား ဆက်သွယ်မှုကို ကန့်သတ်ရန် အစိုးရက ကြိုးပမ်းမှုများရှိနေသော်လည်း KIO သည် တိုင်းရင်းသားမျိုးနွယ်စုများကြား ကွဲပြားမှုကို ဖြေရှင်းပြီး ပြန်လည်ရင်ကြားစေ့ရေးအတွက် ကချင်မျိုးနွယ်စုများမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ နယ်မြေတွင် ညီလာခံတစ်ခုကျင်းပရန် စီစဉ်နေကြောင်း နော်ဘူကပြောဆိုခဲ့သည်။ သို့သော် ကျင်းပမည့်နေ့ရက်နှင့် အချိန်ကို မသတ်မှတ်ရသေးကြောင်း သူကပြောသည်။
The Kachin Independence Organisation’s General N’Ban La seen at peace talks at the National Reconciliation and Peace Centre in Yangon on July 17, 2016. (AFP)
မနောပွဲကို ပျက်စေခြင်း
ကချင်အုပ်စုခွဲများနှင့်ပတ်သက်၍ သဘောကွဲလွဲမှုရှိနေပြီး ကချင်အသိုင်းအဝိုင်းတစ်ခုလုံးကို မည်ကဲ့သို့ ခေါ်ဆိုမည်နှင့်ပတ်သက်၍ အငြင်းပွားမှုကြောင့် ကချင်ပြက္ခဒိန်အရ အရေးအကြီးဆုံးနေ့ဖြစ်ပြီး မြစ်ကြီးနား၌ ဇန်နဝါရီကကျင်းပခဲ့သည့် ကချင်ပြည်နယ်နေ့(မနော)အခမ်းအနားထိခိုက်ခဲ့ရသည်။
ပွဲတော်အမည်တွင် ဂျိန်းဖောကို ထည့်သွင်းအသုံးပြုထားမှုအား လချိတ်၊ လော်ဝေါ်၊ လီဆူး၊ ရဝမ်နှင့် ဇိုင်ဝါး ယဉ်ကျေးမှုနှင့်စာပေအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်။ ပွဲတော်တွင် ကချင်အုပ်စုမျိုးစုံမှ အကအဖွဲ့များသည် ရိုးရာဝတ်စုံများဝတ်ဆင်ပြီး မနောအကကို ကလေ့ရှိခဲ့သည်။
ပွဲတော်ကို ဂျိန်းဖောဘာသာဖြင့် Jinghpaw Mungdaw Nhtoi ဂျိန်းဖောမွန်ဒေါ နတွိုင်ဟု အစဉ်အလာခေါ်ဆိုနေရာမှ ကချင်အုပ်စုအားလုံးကို ကိုယ်စားပြုနိုင်သည့် Kachin Mungdaw Nhtoi ကချင်မွန်ဒေါ နတွိုင် သို့ပြောင်းလဲခေါ်ဆိုပေးရန် ယဉ်ကျေးမှုအဖွဲ့များက တောင်းဆိုခဲ့သည်။ ပွဲတော်ကို ယခုနှစ်တွင် ဇန်နဝါရီ ၅ ရက်မှ ၁၂ ရက်အထိ ကျင်းပရန်စီစဉ်ထားသော်လည်း အငြင်းပွားမှုကြောင့် ကနဦးတွင် ကျင်းပမည့် အစီအစဉ်ပျက်ခဲ့သည်။ အပြန်အလှန်စွပ်စွဲပြောဆိုမှုများရှိခဲ့ပြီးနောက် ပြည်နယ်အစိုးရသည် ကချင်ပြည်နယ်နေ့ကို ဇန်နဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သော်လည်း အခြားတက်ရောက်သူ များစွာမရှိခဲ့ချေ။
အငြင်းပွားမှုကို မဖြေရှင်းနိုင်ဘဲရှိခဲ့ကာ တချို့အုပ်စုများကြား တင်းမာမှုများမြင့်တက်ခဲ့သည်။ အထူးသဖြင့် တပ်မတော်နှင့် KIO တစ်ဘက်ဘက်ကိုထောက်ခံသူများကြားဖြစ်သည်။ ဥပမာပေးရလျှင် KIO ၏အနိုင်ကျင့်ခံခဲ့ရကြောင်း ပြောဆိုခဲ့သည့် လီဆူခေါင်းဆောင်များသည် ကချင်အသိုင်းအဝိုင်းနှင့်များစွာပတ်သက်မှုမရှိဘဲ သီးခြားလွတ်လပ်သောသရုပ်သကန်ရှိလာရေးကို ပိုမိုကြိုးစားခဲ့သည်။
လီဆူနိုင်ငံရေးအင်အားစုများအနက် နာမည်အကျော်ကြားဆုံးဖြစ်သည့် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)သည် KIO ကိုရှုတ်ချသည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့ပြီး ယမန်နှစ် ဇွန်တွင် မြစ်ကြီးနားရှိ လမ်းမများတွင် KIO ဆန့်ကျင်ရေးချီတက်မှုကိုပင်ပြုလုပ်ခဲ့သည်။ LNDP အထွေထွေအတွင်းရေးမှူး လေးမေသာသည် ယမန်နှစ် ဇူလိုင်တွင် Frontier ၌ “သွေးကစကားပြောခြင်း ဝါ လီဆူတို့ အသတ်ခံရမှု ကချင်၌ ဆန္ဒပြ” ဆိုသည့် ဆောင်းပါးကိုရေးသားကာ အတည်ပြုပေးခဲ့ပြီးဖြစ်သည်။
၎င်းတို့၏ပါတီသည် တပ်မတော်လိုလားသည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး လေမေသာက ပြောဆိုခဲ့သည်။
ကချင်အုပ်စုများကြား တင်းမာမှုနှင့် သဘောကွဲလွဲမှုများက ကချင်တော်လှန်ရေးအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်စေခဲ့သည်။ လက်ရှိသဘောကွဲလွဲမှုများကို အစိုးရနှင့် တပ်မတော်တို့က အမြတ်ထုတ်သွားနိုင်ကာ ကချင်တော်လှန်ရေး အင်အားနည်းသွားနိုင်သည်။
သို့သော် လူနည်းစုဝင်ကချင်အဖွဲ့အစည်းများကမူ ၎င်းတို့၏ကာလရှည်ရှိနေသည့် မကျေနပ်မှုများနှင့် ဖယ်ထုတ်ခံရမည်ကို စိုးရိမ်မှုများအား လျစ်လျူရှုခံထားရဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သက်အေးငြိမ် ဘာသာပြန်သည်။