ညစ်ပတ်သည့် နည်းဗျူဟာတွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ

အင်တာနက်ပေါ် ပျံ့နှံ့နေသော ဗီဒီယိုတစ်ခုက ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဘိန်းထုတ်လုပ်မှု အများဆုံးရှိသော ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုး ပြသထားသည်

Niels Larsen ရေးသားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရွာသားများကို တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့တစ်ခုက အနိုင်အထက်ပြုနေပုံကို ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ဖေ့ဘုတ်ပေါ်သို့ တက်လာသဖြင့် လူမှုကွန်ယက်ပေါ်တွင် လူပြောများလျှက်ရှိသည်။

ထိုအလွဲသုံးစားပြုမှုသည် နမ့်ခမ်းမြို့နယ်ရှိ တအာင်းကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Ta’ ang Student and Youth Organization နှင့် Ta’ ang Women’s Organization တို့က ပူးတွဲထုတ်ပြန်သော ကြေညာစာတမ်းတွင် ဖော်ပြထာသည်။ ၎င်းတို့၏ ပြောကြားချက်အရ အရပ်သား ၁၁ ဦးကို ဖမ်းဆီးကာ နှိပ်စက်ပြီး ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ကျပ်သန်း ၃၀၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများအား ရွာသားများထံမှ ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သောလနှောင်းပိုင်းက အွန်လိုင်းပေါ်တွင် ဝေမျှခဲ့ကြသော ထိုဗီဒီယိုတွင် နိုဝင်ဘာလက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပေါ်လာကတည်းက အာဏာပိုင်များ၏ လက်အောက်တွင် ရွာသားများ ခံစားခဲ့ရမှုများကို သက်သေပြလျှက် ရှိသည်။

ထို ဗီဒီယိုတွင် တပ်မတော် ခြေလျင်တပ်တစ်ခုမှ တပ်ဖွဲ့ဝင်များနှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင်များက ရွာသားများကို အဝတ်များချွတ်စေကာ လှဲအိပ်ခိုင်းပြီး တုတ်များနှင့် ရိုက်နှက်ခြင်း၊ တက်နင်းခြင်း၊ ပုဆိန်များနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပုံကို ရိုက်ကူးထားသည်။

“ဒီ ဗီဒီယိုက မြန်မာတပ်မတော်ထဲက နှိပ်စက်ကလူပြုပြီး အပန်းဖြေတတ်တဲ့ ဓလေ့ကို ဘွင်းဘွင်းကြီး ဖော်ပြလိုက်တာပါ။ ဒါက မြန်မာတပ်မတော် နှစ်ရှည်လများ ကျင့်သုံးလာခဲ့တဲ့ ဆူပူသောင်းကျန်မှု နှိမ်နင်းနည်းကို ဖော်ပြလိုက်သလိုပါပဲ” ဟု နယူးယောက် အခြေစိုက် လူ့အခွင်းအရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့၏ အာရှရုံးခွဲမှ အထက်တန်း သုတေသီ David Mathieson က ပြောပြသည်။

ထို ဗီဒီယိုထဲမှ အဖြစ်အပျက်သည် တပ်မတော်နှင့် ထို ပြည်သူ့စစ်အဖွဲ့တို့က တအာင်းအမျိုးသား လွပ်မြောက်ရေး တပ်မတော် (Ta’ ang National Liberation Army) တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများကို ရှာဖွေသော ဆူပူသောင်းကျန်းသူ တန်ပြန်နှိမ်နင်းမှု စစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည်။

ပြည်သူ့စစ်အဖွဲ့များ၏ အခန်းကဏ္ဍမှာ ဆူပူသောင်းကျန်းသူများကို စစ်ဆင်ရေး ပြုလုပ်ရာတွင် တပ်မတော်အား အထောက်အပံ့ပေးရန်နှင့် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပေးရန် ဖြစ်သည်။ အပြန်အလှန်အနေဖြင့် ပြည့်သူ့စစ်အဖွဲ့များသည် ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ သစ်များ ခိုးထုတ်ခြင်းစသော လုပ်ငန်းများဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများအတွက် ဘဏ္ဍာငွေ ရှာယူခွင့် ရရှိထားသည်။

TNLA ဗဟိုကော်မဝင် တစ်ဦးက ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့ထံမှ ဖမ်းဆီးရမိလာသော ဘိန်းဖြူများနှင့် ယာဘဆေးပြားများကို စစ်ဆေးနေစဉ်။ ဓာတ်ပုံ - Niels Larsen

TNLA ဗဟိုကော်မဝင် တစ်ဦးက ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့ထံမှ ဖမ်းဆီးရမိလာသော ဘိန်းဖြူများနှင့် ယာဘဆေးပြားများကို စစ်ဆေးနေစဉ်။ ဓာတ်ပုံ – Niels Larsen

TNLA သည် ပြီးခဲ့သော အောက်တိုဘာလက အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်အား လက်မှတ်မထိုးခဲ့သော လက်နက်ကိုင်အဖွဲ့များထဲတွင် ပါဝင်သည်။

ပြည်သူ့စစ်အဖွဲ့များ၏ အခန်းကဏ္ဍမှာ ဆူပူသောင်းကျန်းသူများကို စစ်ဆင်ရေး ပြုလုပ်ရာတွင် တပ်မတော်အား အထောက်အပံ့ပေးရန်နှင့် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပေးရန် ဖြစ်သည်။ အပြန်အလှန်အနေဖြင့် ပြည့်သူ့စစ်အဖွဲ့များသည် ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ သစ်များ ခိုးထုတ်ခြင်းစသော လုပ်ငန်းများဖြင့် ၎င်းတို့၏ စစ်ဆင်ရေးများအတွက် ဘဏ္ဍာငွေ ရှာယူခွင့် ရရှိထားသည်။

ပန်ဆေးပြည်သူ့စစ်အဖွဲ့သည် ရှမ်းပြည်နယ်တွင် အကြီးဆုံးဖြစ်ပြီး တရုတ် ဟန်လူမျိုး ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်သည့် ဦးကျော်မြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သော နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် နမ်ခမ်းမဲဆန္ဒနယ် အမှတ် ၂ တွင် ထပ်မံ ရွေးကောက်တင်မြောက် ခံထားရသူဖြစ်သည်။

ဦးကျော်မြင့်၏ တရုတ်အမည်မှာ Li Yong Qiang ဖြစ်ပြီး သူသည် Namkham မြို့နယ်တွင် အကျိုးအမြတ် အများအပြား ရရှိသော စီးပွားရေးလုပ်ငန်း အများအပြား ပိုင်ဆိုင်ထားသည်။ ၎င်းတို့ထဲတွင် ရွှေလီမြစ်ကို ဖြတ်ကူးသော ကူးတို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်မြို့အနီးတွင် လောင်းကစားရုံ (ကာစီနို)တစ်ခု ဖွင့်ထားခြင်းတို့ ပါဝင်သည်။

ဦးကျော်မြင့်နှင့် အင်အား ၃၀၀ ခန့်ရှိသော ၎င်း၏ ပြည်သူ့စစ်တပ်ဖွဲ့သည် တရုတ် နယ်စပ်အနီး တောင်ထူထပ်သော နေရာကို ပိုင်စိုးထားကြသည်။ ယင်း နေရာသည် ဘိန်းစိုက်ပျိုးမှုများ ပေါများသော နေရာဖြစ်သည်။ ပန်ဆေးမှ ထွက်ခွာလာသော လူများနှင့် TNLA အရာထမ်းများက ပြောကြားချက်အရ ပန်ဆေး ပြည်သူ့စစ်အဖွဲ့၏ မဟာဗျူဟာကျသော တည်နေရာတွင်ရှိသည့် ရုံးချုပ်၏ မြေအောက်ခန်းတွင် စိတ်ကြွဆေးအမျိုးအစားဖြစ်သော Yaba နှင့် Ice များကို ထုတ်လုပ်သည့် ဘိန်းသန့်စင်ကိရိယာနှင့် ဓာတ်ခွဲခန်းများ ရှိသည်ဟု ဆိုသည်။ သို့သော် ယင်းစက်ရုံကို ပြည်သူ့စစ်အဖွဲ့က လည်ပတ်လုပ်ဆောင်သည်လား၊ သို့မဟုတ် တရုတ် ရာဇဝတ်ဂိုဏ်းများကို ငှားရမ်းထားသည်လားဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပေ။

မကြာသေးမီ နှစ်များအတွင်း ပန်ဆေးပြည်သူ့စစ်အဖွဲ့သည် အင်အားများ ယုတ်လျော့လာခဲ့ပြီး TNLA ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးမှုများလည်း ရှိလာသည်။ ပန်ဆေးအဖွဲ့သည် ဒေသတွင်းရှိ မူးယစ်ဆေးဝါး ပြဿနာအားလုံး၏ တရားခံဖြစ်သည်ဟု တအာင်းလက်နက်ကိုင်အဖွဲ့က ယုံကြည်ထားသည်။ TNLA က ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ဒေသများအတွင်းရှိ ဘိန်းခင်းများကို ဖျက်ဆီးရန် တပ်ဖွဲ့များ စေလွှတ်တိုက်ခိုက်လေ့ရှိသည်။

ဘိန်းခင်းများကို စောင့်ရှောက်နေသော ပြည်သူ့စစ်နှင့် တပ်မတော်တပ်ဖွဲ့များသည် ထိုတိုက်ခိုက်မှုများကို တားဆီးနိုင်ခြင်း မရှိသေးပေ။ ထိုသို့ တိုက်ခိုက်မှုများသည် ရက်အတန်ကြာ ရှည်ကြာတတ်ပြီး တန်ပြန်တိုက်စစ်ဆင်ရန် အစိုးရတပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူရလေ့ရှိသည်။

ထိုသို့သော တိုက်ခိုက်မှုများသည် TNLA ၏ ရေရှည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ၎င်းတို့ဗျူဟာများတွင် မူးယစ်ဆေးဝါး သုံးစွဲသူများကို အတင်းအကျပ် ဆေးဖြတ်ပေးခြင်းနှင့် မူးယစ်ဆေး ကုန်သွယ်သူများကို တရားစီရင်မှုမရှိဘဲ ထောင်ချခြင်းတို့ ပါဝင်သည်။ TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပေါ်လစီသည် TNLA တပ်ဖွဲ့ကို တအာင်းပြည်သူများကြား လူကြိုက်များလာစေသည်။ အထူးသဖြင့် ကျယ်ပြန့်စွာ ဖြစ်ပွားနေသော မူးယစ်ဆေးစွဲမှုကြောင့် အဓိကထိခိုက်ရသော အမျိုးသမီးများနှင့် လူကြီးများကြားတွင် ဖြစ်သည်။ သို့သော် မိသားစုတစ်ခုတွင် ယောင်္ကျားလေးတစ်ဦး၊ သို့မဟုတ် မိန်းကလေးတစ်ဦး စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်း လိုက်ကတည်းက TNLA ၏ လူကြိုက်များမှုလည်း ကျဆင်းလာခဲ့သည်။

မကြာသေးမီက ပြည်သူ့စစ်တပ်ဖွဲ့သည် TNLA ကို စောင့်ဆိုင်းတုန့်ပြန်ခြင်းထက် ဦးစွာ ချဉ်းကပ်နည်းများကို အသုံးပြုလာခဲ့ပြီး တပ်မတော်နှင့် ပူးပေါင်းကာ TNLA တပ်သားများကို ရှာဖွေရန် ကင်းလှည့်မှုများကို လုပ်ဆောင်လာကြသည်။ ထိုသို့ ကင်းလှည့်မှုများသည် တအာင်းအရပ်သားများကို အဖြူအမည်း မခွဲခြားဘဲ လက်တုန့်ပြန်မှု တစ်ခုသကဲ့သို့ ဖြစ်လာခဲ့ပြီး အထက်ဖော်ပြပါ ဗီဒီယိုတွင် ပါဝင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပါဝင်လာခဲ့သည်။

အဆိုပါရွာအနီးရှိ အမည်မရှိသော တအာင်းရွာတစ်ခုတွင် နေထိုင်သူများ၏ အဆိုအရ တပ်မတော်နှင့် ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သောနှစ်၊ အောက်တိုဘာလနှောင်းပိုင်းက ဆူပူသောင်းကျန်းမှု တန်ပြန်စစ်ဆင်ရေး တစ်ခုအတွင်းတွင် ရွာသူကြီးတစ်ဦး၏ မျက်နှာကို မီးမြိုက်ထားသော ဓားဖြင့် လှီးဖြတ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

အထက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့သော တအာင်းအရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးက အမည်မဖော်ပဲ တယ်လီဖုန်းဖြင့် ပြောကြားရာတွင် အရပ်သားများအပေါ် အနိုင်အထက်ပြုမှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဗီဒီယိုပါ ရွာမှ အဖြစ်အပျက်သည် ပါဝင်သော ရွာသားများ များပြားသောကြောင့် ထူးခြားနေခြင်းသာ ဖြစ်သည်။

ကွတ်ခိုင်မြို့ ၊ ပန်ခမ်းရွာတွင်ရှိသော သူတို့၏ ပျက်ဆီးသွားသော နေအိမ်ရှေ့တွင် အမျိုးသမီးတစ်ဦးနှင့် သူ၏ ကလေး နှစ်ယောက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Niels Larsen

ကွတ်ခိုင်မြို့ ၊ ပန်ခမ်းရွာတွင်ရှိသော သူတို့၏ ပျက်ဆီးသွားသော နေအိမ်ရှေ့တွင် အမျိုးသမီးတစ်ဦးနှင့် သူ၏ ကလေး နှစ်ယောက်ကို တွေ့ရစဉ်။ ဓာတ်ပုံ – Niels Larsen

RCSS ၏ ကူညီအားဖြည့်ပေးမှုများ

မကြာသေးမီက ပန်ဆေးပြည်သူ့စစ်အဖွဲ့သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ထံမှ အကူအညီများ ရရှိထားသည်။ RCSS ၏ ရုံးချုပ်သည် ရှမ်းပြည်နယ် တောင်ဘက် ၄၅၀ ကီလိုမီတာအကွာ ထိုင်းနယ်စပ်တွင် တည်ရှိသည်။ RCSS သည် တစ်နိုင်ငံလုံး အပစ်ရပ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ထဲတွင် ပါဝင်သည်။

“RCSS က ဒီဒေသမှာ အသစ်ဖြစ်တယ်။ ဒါကြောင့် သူတို့က ဒေသရဲ့ နေရာတွေကို သိဖို့ ပြည်သူ့စစ်ကို လိုအပ်တယ်” ဟု TNLA အရာရှိတစ်ဦးက ပြောသည်။ RCSS တပ်ဖွဲ့များသည် လ ျှို့ဝှက်နေထိုင်ကြပြီး ရွာထဲတွင် နေသောအခါ ပန်ဆေးအဖွဲ့နှင့် ရောထွေးနေကြသည်ဟု ထိုအရာရှိက ပြောသည်။

“တပ်မတော် ယူနီဖောင်းတွေ ဝတ်ဆင်ထားပြီး ရှမ်းစကားပဲ ပြောတတ်တဲ့ တပ်သားတွေ တွေ့ရကြောင်း အစီရင်ခံစာတွေလည်း ရရှိထားပါတယ်” ဟု TNLA ၏ အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောသည်။ ရှမ်း စကားပဲပြောသော တပ်သားများသည် အကာအကွယ် ရရှိစေရန် ရဲစခန်းများနှင့် စစ်တပ်စခန်းများ အနီးတွင်သာ နေထိုင်ကြကြောင်း ၎င်းကဆိုသည်။

ပန်ဆေးနှင့် RCSS တို့ကြားတွင် မဟာမိတ်ဖြစ်လာစေရန် တပ်မတော်က ဖန်တီးပေးခဲ့ပုံရသည်။ ပန်ဆေးအဖွဲ့က ၎င်း၏ အကျိုးအမြတ်များသော်လည်း လျော့နည်းလာနေသော ဘိန်းခင်းများကို ကာကွယ်ရန် ပိုမိုကောင်းမွန်စွာ လေ့ကျင့်ပျိုးထောင်ထားသော တပ်သားများကို လိုအပ်နေသည်။ RCSS ကလည်း နယ်မြေသစ်တွင် ၎င်း၏ တပ်များကို ချထားနိုင်ရန် ဒေသခံများ၏ အကူအညီကို လိုအပ်နေသည်။ နယ်စပ်နှင့် နီးနေသဖြင့် RCSS က မူးယစ်ဆေးဝါးများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးပမ်းပါကလည်း လုပ်ငန်းသဘောအရ အကျိုးရှိမည် ဖြစ်သည်။

တပ်မတော်၊ ပန်ဆေးနှင့် RCSS တို့ကြား သုံးပွင့်ဆိုင် မဟာမိတ်အင်အားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် TNLA တပ်ဖွဲ့များက ပန်ဆေးနယ်မြေကို လာရောက်တိုက်ခိုက်ပြီး ဘိန်းခင်းများကို ဖျက်ဆီးကာ စမ်းသပ်ခဲ့ကြသည်။

ထို့နောက် ရက်အနည်းငယ်ကြာသောအခါတွင် တပ်မတော်၊ ပြည်သူ့စစ်နှင့် RCSS တပ်သား ၁၀၀ ခန့်ပါသော ပူးပေါင်းတပ်ဖွဲ့သည် ၁၂၀ မီလီမီတာနှင့် ၁၅၀ မီလီမီတာမော်တာများဖြင့် TNLA ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ပျံသန်းကာ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ကြပြီး နောက်တစ်ရက်အကြာတွင် Mi 35 Hind ရဟတ်ယာဉ်သုံးစီးသည် TNLA ၏ အချက်အချာ နေရာများကို တိုက်ခိုက်ခဲ့သည်။ TNLA တပ်သား နှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

TNLA အရာရှိများ၏ အဆိုအရ ဘိန်းခင်းများကို ကာကွယ်ရန် တပ်သားများကို အသုံးပြုခြင်းသည် တပ်မတော်၏ အောက်ခြေအရာထမ်းများနှင့် ပြည်သူ့စစ်တပ်သားများ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။

သို့သော် ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များ အသုံးပြုခြင်းသည် လားရှိုးတွင်ရှိသော အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်၏ ခွင့်ပြုမိန့် မပါဝင်ဘဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း IHS Janes မှ စမ်းစစ်လေ့လာသူ Anthony Davis က ပြောကြားသည်။

Mr Mathieson က အရပ်သားများကို နှိပ်စက်ခြင်း၊ အရှက်ရအောင် ပြုမူခြင်းစသည်တို့ကို ကျူးလွန်သော စစ်သားများကို မြန်မာစစ်တပ်၏ ထိပ်တန်းအရာရှိများက  ပြစ်တင်ရှုတ်ချသင့်သည်ဟု ပြောကြားသည်။ ထို့ပြင် ဗီဒီယိုထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရသူများကို စုံစမ်းစစ်ဆေးကာ အပြစ်ပေးခြင်းများ ပြုလုပ်သင့်သည်ဟုလည်း ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- TNLA တပ်သားတစ်ဦးက မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ဆင်ရေးတစ်ခုအတွင်း Pansay ရွာတွင် ဘိန်းခင်းများကို ဖျက်ဆီးနေပုံ။ (Niels Larsen / Frontier)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar