ဉာဏ်လှိုင်လင်း
မြန်မာနှင့် ဘင်္ဂလားဒေ့ရ်ှနယ်စပ်မျဉ်းရှိ ဇီးရိုးလိုင်း (Zero Line) အတွင်း ဝင်ရောက်နေထိုင်သူများကို နှစ်နိုင်ငံသာ ပူးပေါင်းစိစစ်မည်ဖြစ်ပြီး အဆိုပါနေရာတွင်ရှိနေသည့် ခေါင်းဆောင်ပိုင်းကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီး ဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူက Frontier ကို ပြောကြားသည်။
“ဒီကိစ္စမှာ နိုင်ငံတကာက ကြားဝင်လုပ်ဆောင်တာကို လက်မခံဘူးဆိုတာ ကုလသမဂ္ဂမှာလည်း မြန်မာဖက်က ပြောထားပြီးသားပါ”ဟုလည်း ဦးမြင့်သူကဆိုသည်။
ပြီးခဲ့သည့်နှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို နှိမ်နင်းသည့် စစ်ဆင်ရေးများအတွင်း နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသူများပါဝင်သည့် လူ ၆,၅၀၀ ကျော်မှာ လူတစ်ဦးမှ နေထိုင်ခြင်းမပြုရဟု နှစ်နိုင်ငံသတ်မှတ်ထားသည့် အဆိုပါ ဧရိယာအတွင်းရှိ မြန်မာနိုင်ငံဖက်ခြမ်းတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
“နိုင်ငံသားစိစစ်မှုတွေခံယူပြီး နေရပ်ပြန်မယ်ဆိုရင် စီစဉ်ပေးမယ်လို့ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့တွေကို ဖျောင်းဖျဖို့အတွက် ကူညီလုပ်ဆောင်ပေးပါလိမ့်မယ်”ဟု ဦးမြင့်သူက ပြောသည်။ သို့သော် မည်သည့်ကာလတွင် ပြီးဆုံးမည်ဆိုသည်ကိုမူ မပြောနိုင်သေးပေ။
ဇီးရိုးလိုင်း အတွင်း နေထိုင်နေသူများအနီးရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် မြန်မာစစ်တပ်က ကတုတ်ကျင်းများကို မကြာသေးမီက လာရောက်ဆောက်လုပ်နေပြီး စစ်သားများကင်းလှည့်နေသည်ဟု အေအက်ဖ်ပီသတင်းဌာန၏ ဖော်ပြချက်တစ်ခုကိုလည်း ဦးမြင့်သူက ငြင်းဆိုခဲ့သည်။
“အဲဒီဇုန်မှာ နှစ်နိုင်ငံငံရဲတပ်ဖွဲ့တွေ ပေါင်းပြီး ကင်းလှည့်လုံခြုံရေးယူတာပဲ ရှိပါတယ်။ သဘောတူစာချုပ်တွေအရ နယ်စပ်မျဉ်းမှာ စစ်တပ်က တာဝန်ယူနေတာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ကသာ ပုံမှန်လုံခြုံရေး ဆောင်ရွက်နေတာပါ” ဟု ဦးမြင့်သူက ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် လုံခြုံရေး စခန်းများတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သူအချို့အဆိုပါ အဆိုပါ ဇီးရိုးလိုင်းတွင် ရှိနေသည်ဟု ယူဆထားကြောင်း ပြောကြားသည်။
“ကျွန်တော်တို့ သတင်းတွေလည်း ရတယ်။ ရတဲ့အခါကျတော့ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တေ်ာတို့ အဲဒီမှာရှိတဲ့ လူတွေကို စာရင်းကောက်မယ်။ ကောက်ပြီးရင် ပြန်စီစစ်မယ်။ အဲဒီမှာမှ ကျွန်တော်တို့ဖက်က ကြော်ငြာထားတဲ့ အကြမ်းဖက်သမား လူ ၁,၃၀၀ ကျော်စာရင်းတွေထဲမှာ ပါမပါပေ့ါ” ဟု ဦးဇော်ဌေးက ဆိုသည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ပြုလုပ်သည့် မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲသို့ တက်ရောက်လာစဉ် မီဒီယာများကို ၎င်းက ပြောကြားခြင်းဖြစ်ပြီး ဇီးရိုးလိုင်းတွင်နေထိုင်သူများအရေးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအား ထပ်တိုးလာအောင် ပြုလုပ်နေသည့် ထောင်ချောက်သဖွယ်ဖြစ်နေသည်ဟုပင် ဦးဇော်ဌေးက သုံးသပ်ခဲ့သည်။
“ရေရှည်နေနိုင်အောင် နောက်ကအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ ဆေးဝါးစသည့်ဖြင့် ထောက်ပံ့ကူညီ်မှုတွေ ပေးနေတယ်”ဟု ဦးဇော်ဌေးက ပြောသည်။ ယမန်နေ့က ရခိုင်ပြည်နယ်ရှိ တောင်ပြိုလက်ဝဲမြို့တွင် ပြုလုပ် သည့် နှစ်နိုင်ငံခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့များတွေ့ဆုံပွဲတွင် အဆိုပါ ထောက်ပံ့ကူညီမှုများအား ဆောင်ရွက်ခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ငြင်းဆိုထားသည်။
မြန်မာဖက်ကမူ အစိုးရမဟုတ်သောအဖွဲ့အစည်းအချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ သွယ်ဝိုက်သောနည်းလမ်းဖြင့် ကူညီထောက်ပံ့နေမှုများကို တားမြစ်ပေးစေလိုကြောင်း ပြောခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည့် အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား ဇီးရိုးလိုင်းအရေးဆွေးနွေးမှုသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်သို့ ရောက်ရှိနေသူ ၈,၀၀၀ ကျော်ကို ပထမအသုတ် ပြန်လည်လက်ခံနိုင်ရန် မြန်မာဖက်က စိစစ်မှုများပြုလုပ်နေချိန်အတွင်း ပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံတကာသတင်းများ၏ အဆိုအရ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်တွင် ရခိုင်ပြည်နယ်မှ ထွက်ပြေးသူ ခုနှစ်သိန်းနီးပါးရှိနေသည်။
ဆက်စပ်သတင်း – နယ်စပ် Zero Line အတွင်း နေထိုင်နေသူများအား ထောက်ပံ့နေခြင်းကို တားမြစ်ပေးရန် မြန်မာက ဘင်္ဂလားဒေရှ့်ကို တိုက်တွန်း