ရန်ကုန်၊ ဇန်နဝါရီ ၈
ထိုင်းနိုင်ငံတွင် မြန်မာလူငယ်နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့မှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲများကြောင့် ထိုင်းသံရုံး ဗီဇာဌာနကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထားသည်။
သံရုံး ဗီဇာဌာနကို ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း သံရုံးဝန်ထမ်းများနှင့် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေးကြောင့် ဆက်လက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများကြောင့် ထိုင်းနိုင်ငံသံရုံးဝင်းအတွင်းသို့ ဝင်ရောက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ကောင်စစ်ဝန်ဌာနအား ဇန်နဝါရီ ၅ ရက်မှ ၈ ရက်နေ့အထိ ပိတ်ထားမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆန္ဒပြပွဲများ ပြီးဆုံးသွားပြီး သံရုံးတွင်းသို့ လုံခြုံစွာ ဝင်ထွက်သွားလာနိုင်ရန် အာမခံချက် ရရှိသည့်အချိန်တွင် ကောင်စစ်ဝန်ဌာနကို ချက်ချင်း ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် သံရုံးရှေ့ မနော်ဟရီလမ်းမပေါ်တွင် ရဲတပ်ဖွဲ့က သံဆူးကြိုးများနှင့် အတားအဆီးများချကာ လုံခြုံရေးစောင့်ကြပ်နေသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ၊ ကော့တောင် (လိပ်ကျွန်း) တွင် ဗြိတိသ ျှနိုင်ငံသားနှစ်ဦးအား သတ်မှုဖြင့် ကော့စမွေတရားရုံးက မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်များ ချမှတ်ခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် အဆိုပါ စီရင်ချက်အား ကန့်ကွက်မှုများ ပေါ်ထွက်လာသည်။ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၄ မှ စတင်ကာ လူဦးရေ ထောင်နှင့်ချီပြီး စုရုံးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ထိုင်းသံရုံးက ကောင်စစ်ဝန်ဌာနအား ဒီဇင်ဘာ ၂၈ ရက်မှ စတင်ကာ ပိတ်ထားခဲ့သည်။
အဆိုပါ လူသတ်မှုတွင် မြန်မာလူငယ်နှစ်ဦးမှာ မတရား စွပ်စွဲကာ သေဒဏ်ချမှတ်ခံရသည်ဟု ဆိုပြီး ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။ တရားရုံးအမိန့်အား အထက်တရားရုံးများသို့ အယူခံဝင်ရန်လည်း ပြင်ဆင်နေကြသည်။
တရားရုံးအမိန့်အား ပြန်လည်သုံးသပ်ပေးရန် မြန်မာနိုင်ငံအနှံ မြို့ ၁၂ မြို့မှ လူပေါင်း ၂၅,၀၀၀ ခန့်က လက်မှတ်ရေးထိုးထားသည့် တောင်းဆိုစာကို ဇန်နဝါရီ ၅ ရက်နေ့တွင် ထိုင်းသံရုံး တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်ဟု Eleven သတင်းစာက ရေးသားထားသည်။
သတင်း- Frontier သတင်းအဖွဲ့