ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
စံချိန်မမှီသည့် အစားအသောက်နှင့် ဆေးဝါးများကို ဈေးကွက်အတွင်း လိမ်လည်ရောင်းချနေခြင်းကို ရပ်တန့်ကြရန် ထုတ်လုပ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးက သတိပေးလိုက်သည်။
ဈေးကွက်အတွင်း စံချိန်မှီသည့် အစားအသောက်နှင့် ဆေးဝါးများရောင်းချနေမှုကို တားမြစ်ကြပ်မတ်မည့်အစီအစဉ်ကို အစိုးရ၏ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ၊ ကုန်သည်စက်မှု အသင်းချုပ်၌ ထုတ်လုပ်သူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
စံချိန်မမှီသည့် အစားအသောက်နှင့် ဆေးဝါးများကြောင့် ရောဂါဖြစ်ပွားမှုများ တိုးလာပြီး အဆိုပါစံမမှီများ တင်သွင်းမှုသည် လူသတ်မှုဖြစ်ကြောင်းလည်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
“အသည်းကင်ဆာဖြစ်တာ တော်တော်လေး များနေပါတယ်။ ဒါဟာအစားအသောက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်” ဟု ၎င်းကပြောသည်။
ဈေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးတင်သွင်း ရောင်းချသူများသည် အစိုးရထံ လာရောက် အစစ်ဆေးခံစဉ် စံချိန်မှီသည့် ကုန်ပစ္စည်းများ အသုံးပြုသော်လည်း ဈေးကွက်အတွင်း ရောင်းချချိန်တွင် စံချိန်မမှီသည့် ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှုများရှိသည်ဟု ဝန်ကြီးကဆိုသည်။
“အရေးယူမှသာ ကြောက်မှာပါ။ နို့မို့ဆိုရင် လုံးဝမကြောက်ပါဘူး”ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။
မြန်မာနိုင်ငံ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် တစ်နိုင်ငံလုံးတွင် ကုန်ပစ္စည်း လေ့လာဆန်းစစ်ချက်များနှင့် ဈေးကွက်အတွင်း ထောက်လှမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တရားမဝင် အတုအပကုန်စည်များကို ပြင်းထန်စွာအရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောကြားသည်။
သတင်း-ထွန်းခိုင်