စီဘီဘဏ်က အေတီအမ်စက် အရေအတွက်ကို နှစ်ဆအထိ တိုးမြှင့်သွားရန် စီစဉ်နေ

ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် သမဝါယမဘဏ် (စီဘီဘဏ်) က ၎င်း၏ အေတီအမ်စက် အရေအတွက်ကို နှစ်ဆအထိ တိုးမြှင့်ရန်အတွက် ဘဏ်ကြီးများ၏ ငွေကြေးပိုင်းဆိုင်ရာ နည်းပညာနှင့် ဝန်ဆောင်မှုပိုင်းများကို အဓိကထောက်ပံ့ပေးနေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Diebold Nixdorf နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဟု ဇန်နဝါရီ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

လက်ရှိတွင် အေတီအမ်စက် အလုံးရေ ၅၀၀ တပ်ဆင်ထားသည့် စီဘီဘဏ်က Diebold Nixdorf ၏ ပံ့ပိုးမှုဖြင့် အေတီအမ်စက်အသစ် အလုံးရေ ၅၀၀ ကို ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။ ထို့ကြောင့် စီဘီဘဏ်၏ ဘဏ်ခွဲ ၁၈၀ တွင် အဆင့်မြင့် အေတီအမ် စက်အလုံးရေ ၁,၀၀၀ အထိ ရှိလာမည်ဖြစ်သည်။

“Diebold Nixdorf ရဲ့ အဆင့်မြင့်နည်းပညာ၊ ဝန်ဆောင်မှုအကူအညီတွေနဲ့ ကျွန်တော်တို့ရဲ့ ဘဏ်ကို လုံခြုံစိတ်ချရတဲ့၊ တီထွင်ဆန်းသစ်တဲ့၊ သုံးစွဲရတာ လွယ်ကူအဆင်ပြေသော ငွေကြေးနှင့် ဘဏ်လုပ်ငန်ဝန်ဆောင်မှုများ ပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့  ထိပ်တန်းဘဏ်တွေထဲက ဘဏ်တစ်ခုဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု စီဘီဘဏ်၏ အမှုဆောင်အရာရှိချုုပ်နှင့် အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့တွင် အခြေစိုက်သည့် Diebold Nixdorf သည် စီဘီဘဏ်ကို ၂၀၁၂ ခုနှစ်က စတင်ကာ နည်းပညာပိုင်းနှင့် ပတ်သက်ပြီး ထောက်ပံ့မှုများ ပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီဘီ၏ အေတီအမ်စက်များတွင် ပိုပြီးလုံခြုံစိတ်ချရသော အဆင့်မြင့် EMV Chip နည်းပညာကို သုံးထားသော ကတ်ပြားများ အသုံးပြုနိုင်အောင် အဆင့်မြှင့်တင်ပေးခဲ့သည့်အပြင် VISA နှင့် MasterCard တို့မှ EMV အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိခဲ့ပြီဖြစ်သည်။ EMV ဆိုသည်မှာ Europay၊ MasterCard နှင့် VISA တို့မှ အဆင့်မြင့် နည်းပညာသုံးငွေပေးချေကတ်များအတွက် သတ်မှတ်ထားသော နည်းပညာ စံသတ်မှတ်ချက် ဖြစ်သည်ဟု သိရသည်။

စီဘီဘဏ်အတွက် အေတီအမ်စက်သစ်များကို  ယခုနှစ်ဆန်းပိုင်းတွင် စတင်တပ်ဆင်သွားမည်ဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးရန် စီစဉ်ထားသည်။

“ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ စီဘီဘဏ်ကို လုပ်ငန်းနယ်ပယ် ချဲ့ထွင်နိုင်အောင်၊ ကြီးထွားလာတဲ့ မြန်မာနိုင်ငံ စီးပွားရေးဈေးကွက်ရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းပိုင်းမှာ ဈေးကွက်ဝေစုတွေ အများကြီးရအောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်” ဟု Diebold Nixdorf ၏ အာရှပစိဖိတ် ဈေးကွက် တာဝန်ခံ၊ အကြီးတန်း ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်ဒါရိုက်တာ Neil Emerson က ပြောကြားသည်။

လက်ရှိတွင်လည်း အေတီအမ်စက်များတွင် ကတ်သုံးစရာမလိုဘဲ ငွေထုတ်နိုင်သည့် နည်းစနစ်ကို အကောင်အထည်ဖော်နိုင်အောင် Diebold Nixdorf က စီဘီဘဏ်ကို ကူညီပေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.