myanmar-election-polling-day-lines.jpg
NLD warns of crowded polling stations. Photo. Ann Wang.
ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး မကျေမနပ် တိုင်ကြားမှုများ ရှိနေလင့်ကစား မြန်မာနိုင်ငံတွင် အလွတ်လပ်ဆုံးနှင့် အမျှတဆုံးဟု ခေါ်ဝေါ်သမုတ်ထားသော အထွေထွေရွေးကောက်ပွဲကြီးကို တနင်္ဂနွေနေ့ (၂၀၁၅ နိုဝင်ဘာ ၈ ရက်) နံနက် ၆ နာရီတွင် စတင်မဲပေးနေကြပြီဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ မဲရုံပေါင်း ၄၀,၀၀၀ ခန့်တွင် မဲပေးခွင့်ရှိသူ ၃၃ ဒသမ ၅ သန်းတို့သည် နံနက် ၆ နာရီမှ စတင်ပြီး မဲပေးနေကြသည်။
အဓိကယှဉ်ပြိုင်ကြရမည့် နိုင်ငံရေးပါတီများမှာ သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အာဏာရကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့ ဖြစ်ကြသည်။
မဲစာရင်းတွင် ရှုပ်ထွေးမှုများရှိနေခြင်း၊ မဲပြားများ ဖောင်းပွနေခြင်း၊ ကြိုတင်မဲပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးမှုတွင် ဖရိုဖရဲနှင့် အစီအစဉ်ကျနမှု မရှိခြင်းတို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ပြစ်တင်နေမှုများ ရှိခဲ့သည်။
မဲရုံများတွင် မဲပေးမည့်သူများ ပြည့်လျှံနေမည့်အရေးနှင့် ဆန္ဒမဲများထပ်၍ ဖောင်းပွနိုင်သည့်အခြေအနေ ရှိကြောင်း အင်န်အယ်လ်ဒီ ပါတီက စနေနေ့ညတွင် မဲဆန္ဒရှင်များအား သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က ဝန်ခံထားပြီးဖြစ်ရာ မဲဆန္ဒရှင်များကလည်း ဆန္ဒမဲများ ပိုမိုရရှိနေပါက သက်ဆိုင်ရာကိုယ်စားလှယ်များထံ သတင်းပေးအကြောင်းကြားရန် လိုအပ်ပါသည်။ မဲပေးမည့်သူ များပြားသော အချို့မဲရုံများတွင် ညနေ ၄ နာရီ မဲရုံပိတ်ချိန် ရောက်သည့်တိုင် မဲပြီးအောင် မပေးလိုက်ရသူများ ရှိနိုင်သည်” ဟု သတိပေးသည်။
“ဒါ့ကြောင့် မဲပေးခွင့်ရှိသူအားလုံး အချိန်မီ မဲပေးလိုက်ရဖို့ မဖြစ်နိုင်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေအရ မဲရုံကို အချိန်မီ ရောက်ရှိနေသူ မဲဆန္ဒရှင်များအနေနဲ့ ညနေ ၄ နာရီကျော်ပြီးသည့်တိုင် မဲဆန္ဒပေးနိုင်သည်ဟု ဆိုထား ပါတယ်။ ဒါ့ကြောင့် အချိန်မီ မပေးနိုင်သည့်တိုင် အိမ်ပြန်မသွားကြပါနဲ့” ဟု ကြေညာသတိပေးထားသည်။
stl_14.jpg
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် အမှတ် (၅) အထက်တန်းကျောင်းတွင် မဲပေးရန်တန်းစီနေကြစဉ်။ ဓာတ်ပုံ – စိုးသန်းလင်း
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုချစ်ခင်သူ အလွန်များပြားခြင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လို စိတ် ပြင်းပြခြင်းတို့ကြောင့် ယခုရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ကျယ်ကျယ်ပြန့်ပြန့် အနိုင်ရမည်ဟု ခန့်မှန်းထားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း တပ်မတော်က အာဏာကို ဆက်လက်စွဲကိုင်ကျင့်သုံးခဲ့သည်။