ဘင်္ဂလားဒေရှ့်နယ်စပ်အနီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတစ်ခုအတွင်းမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးအား ဖမ်းဆီးထားသည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။
သတင်းအရ ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား ၃၀၀,၀၀၀ နီးပါးကို ရဲစခန်းအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ ဦးစိုးလင်းအေးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်ဟု Channel News Asia က ဇူလိုင် ၂၈ ရက်နေ့က ရေးသားထားသည်။
“မီးဖိုချောင်ထဲက မြေကြီးအောက်မှ ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၂၉၂,၅၀၀ ပြားကို ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ စိတ်ကြွဆေးပြားများသည် ကျပ်သန်း ၅၈၀ (အမေရိကန်ဒေါ်လာ ၄၉၀,၀၀၀) တန်ဖိုးရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ့်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ရခိုင်ပြည်နယ်သည် တစ်ဖက်နိုင်ငံသို့ စိတ်ကြွဆေးဝါးများ တင်ပို့နေသည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်အခြမ်းတွင်လည်း စိတ်ကြွဆေးပြားများကို မကြာခဏ ဖမ်းဆီးရမိနေသည်။
ဇွန် ၂၇ ရက်နေ့ကလည်း တန်ဖိုး ကျပ် ၂,၃၉၄ သန်း (ဒေါ်လာ နှစ်သန်းကျော်ခန့်) တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများကို အသက် ၂၄ နှစ်အရွယ် တရားခံတစ်ဦးနှင့်အတူ စစ်တွေမြို့တွင် ဖမ်းဆီးရမိခဲ့သေးသည်။
ဇွန် ၁၇ ရက်နေ့က ဖမ်းဆီးမှုနှစ်ခုတွင်လည်း စိတ်ကြွဆေးပြား ၂၆၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့သည်ဟု Dhaka Tribune သတင်းစာက ရေးသားထားသည်။
ယခုနှစ်တွင်း မြန်မာနိုင်ငံ နယ်စပ်အနီးရှိ တက်ကနက်မြို့တွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးအရေအတွက်မှာ အလုံးရေ ၂၇ သန်းခန့်ရှိနေပြီဖြစ်သည်ဟု နယ်ခြားစောင့်တပ်၏ စာရင်းများကို ကိုးကားပြီး သတင်းစာက ရေးသားထားသည်။ မူးယစ်ဆေးဝါးအမှုပေါင်း ၂၂၇ မှုတွင် ၁၅၆ မှုမှာ စိတ်ကြွဆေးပြားများနှင့် ဆက်စပ်နေပြီး တရားခံ ၁၆ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်ဟု ရေးသားထားသည်။
“ဆေးပြားတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို တင်ပို့နေတာပါ။ မြန်မာနိုင်ငံ နယ်စပ်တစ်လျောက် စက်ရုံ ၄၀ ကနေ ဒီဆေးပြားတွေ ထုတ်လုပ်နေတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်” ဟု ဘင်္ဂလားဒေရှ့်နိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး အလီအက်စ်လမ်ဟိုစိန်က အဆိုပါသတင်းစာကို ပြောကြားသည်။