စိတ်ကူးယဉ်ဝါဒနှင့် လေးကန်ထိုင်းမှိုင်းမှု- ရခိုင်အရေးနှင့် အမေရိကန်ပြည်ထောင်စု မူဝါဒ

အမေရိကန်ပြည်ထောင်စု နိုင်ငံရေးလောကရှိ အမျိုးစုံသော အာဏာဗဟိုဌာနများက နိုင်ငံခြားရေးမူဝါဒများကို ရှုပ်ထွေးမှုဖြစ်စေသည်။ အထူးသဖြင့် တိုင်းပြည်တစ်ခုအား မှားယွင်းသည့်အကြောင်းပြချက်ဖြင့် မီးမောင်းထိုးကြည့်သောအခါတွင်ဖြစ်သည်။

သောမတ်စ် ကင်းန်ရေးသားသည်။

“အရှေ့တောင်အာရှအကြောင်းကို ဒေါ်နယ်ထရမ့်က အများကြီးမစဉ်းစားတာကို ကျွန်တော် တော်တော်လေး ကျေးဇူးတင်မိတယ်” ဟု ဝါရှင်တန်ရှိမဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာမှုစင်တာမှ အရှေ့တောင် အာရှ အစီအစဉ် ဒုတိယညွှန်ကြားရေးမှူးမစ္စတာဘရိုင်ယန်ဟတ်ဒင်းက ပြောသည်။

ထို့နောက် သူ၏ မျက်နှာက ပိုမိုပြီး အလေးအနက်ထားသည့် ပုံစံသို့ ပြောင်းလဲသွားသည်။

“ကျွန်တော်ဆိုလိုတာက ထိုင်းရွေးကောက်ပွဲအကြောင်း၊ ဒါမှမဟုတ် ဖိလစ်ပိုင်ရဲ့ တောင်တရုတ်ပင်လယ်အကြောင်း Twitter မှာ သူစပြီး ပြောခဲ့ရင်ဆိုတာမျိုး စဉ်းစားကြည့်ပေါ့” ဟု ၎င်းကပြောသည်။

ဒေါ်နယ်ထရမ့်ခေတ် အမေရိကန်နိုင်ငံခြားရေးမူဝါဒက ကြိုဆိုပါသည်။ ထရမ့်က ကမ္ဘာ့ဇာတ်ခုံတွင် လူတွင်ကျယ် လုပ်နေသော်လည်း အရှေ့တောင်အာရှနိုင်ငံတစ်ခု၏ မူဝါဒနှင့်ပတ်သက်လာပါက မပါဝင်သလောက်ပင် ဖြစ်နေသည်။

သို့သော်လည်း မူဝါဒ လုံးဝမရှိဟု မဆိုနိုင်ပေ။ ကိစ္စရပ်အတော်များများတွင် အိုဘားမားခေတ်ကမူဝါဒများအတိုင်း ဆက်သွားနေရုံသက်သက်မျှသာ ဖြစ်သည်။ ကွန်ဂရက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မီဒီယာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လော်ဘီအုပ်စုများနှင့် အကြံပေးပညာရှင်အဖွဲ့များအပါအဝင် ထရမ့်၏ ကွက်လပ်ကို ဖြည့်ဆည်းပေးနေသော အခြားတစ်ဦးချင်းပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများလည်း အများအပြားရှိနေသည်။

နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် ပြဿနာတစ်ရပ်ရပ်ကို ဖြေရှင်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ ထိုကိစ္စမှာ အရေးမပါသော ကိစ္စဟု ဆုံးဖြတ်ထားခြင်းနှင့်ပတ်သက်၍သော်လည်းကောင်း၊ ယေဘုယျသဘာတူညီမှုရရှိ ထားပြီးဖြစ်ပါက ထိုကိစ္စတွင် ပါဝင်နေသူအသီးသီးတို့၏ မလိုတစ်မျိုး၊ လိုတစ်မျိုးဆက်ဆံမှုမှ လွယ်ကူစွာ လွတ်ကင်းနိုင်သည်။ အမေရိကန်အစိုးရရုံးစိုက်ရာ ကက်ပီတိုဟေးလ်တွင် မြန်မာနိုင်ငံမူဝါဒအကြောင်းဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် အနည်းငယ်သာရှိလိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ရာအရေးယူမှု ပြုလုပ်ရန် သတိပေးသော မီဒီယာသို့မဟုတ်၊ အင်န်ဂျီအို အဖွဲ့အစည်းများ၏ ဖိအားပေးမှုမှာလည်း မရှိသလောက်ပင် ဖြစ်သည်။

သို့သော်လည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်ကစတင်ပြီး ရခိုင်အကျပ်အတည်းမြင့်တက်လာခြင်းနှင့် မည်သို့တုံ့ပြန်ရမည်ကို မသိသော ပြဿနာများက မြန်မာနိုင်ငံအတွက် မည်သည့်အချိန်နှင့်မျှမတူသော စိတ်ဝမ်းကွဲပြားမှုနှင့် အမေရိကန်အတွက်၊ အထူးသဖြင့် အစီအစဉ် ချမှတ်ပေးပြီး မူဝါဒညီညွတ်မှုကိုဆောင်ရွက်ပေးသည့် သမ္မတတစ်ဦးမပါဘဲ အခြေအနေကို တုံ့ပြန်ရာတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေသည်။

ထရမ့်မှအပ လူတိုင်းနီးပါးက ရခိုင်ပြည်နယ်ရှိ အဖြစ်အပျက်များနှင့် တွဲဖက်၍ မြန်မာနိုင်ငံကို မြင်တတ်ကြသည်။ သို့သော် မြန်မာနိုင်ငံနှင့်ပတ်သက်သော အမေရိကန်၏မူဝါဒကို မည်သို့ချမှတ်ထားပါသနည်း။ မည်ကဲ့သို့သော အရေးယူ ဆောင်ရွက်မှုမျိုးအတွက် မည်သူက တွန်းအားပေးနေသနည်း။

တရုတ်၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး

ထရမ့်က မြန်မာနိုင်ငံကို မြေပုံပေါ်၌ ရှာဖွေရေး ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားသူများမှာ ထရမ့်ပတ်လည်တွင် တစ်ပြုံကြီးရှိနေသည်။ သူတို့က ခိုင်မာပြတ်သားသည့် လက်တွေ့ကျကျဝါဒနှင့် စိတ်ကြီးဝင်နေသော စိတ်ကူးယဉ်ဝါဒတို့ ဒွေးရောယှက်တင်ရောထွေးနေမှုကို ကိုယ်စားပြုနေသည်။

မကြာသေးမီကမူ ဒုတိယသမ္မတ မိုက်ပန့်က စင်ကာပူနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိနေစဉ် ရိုဟင်ဂျာများကိုရည်ညွှန်းကာ “အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများအကြောင်း” ကို လူလူပုံအလယ်တွင် ပြစ်တင်ပြောကြားခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်၍မူ သူက အထူးတလည် သီးခြားပြောကြားခြင်း မရှိခဲ့ပေ။

၂၀၁၈ ခုနှစ်က စင်ကာပူတွင်ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်တို့ တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

၂၀၁၈ ခုနှစ်က စင်ကာပူတွင်ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်တို့ တွေ့ဆုံခဲ့သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

သို့သော် ပန့်သည် အိမ်ဖြူတော်ရှိ ရှေးရိုးစွဲခရစ်ယာန်အများအပြားထဲမှ တစ်ဦးဖြစ်သည်။ ထိုအထဲတွင် ဘာသာရေးလွတ်လပ်ခွင့်ကို ထိပ်တန်းဦးစားပေးအဖြစ်ထားရှိပြီး  ရခိုင်ပြည်နယ်အရေးကိစ္စတုံ့ပြန်ရေးတွင် ထူးခြားသည့်အခန်းကဏ္ဍမှ ပါဝင်နေသူများအနက် နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ပွန်ပီယိုလည်းပါဝင်ခဲ့သည်။ သူတို့အမြင်များမှာ မည်သည့်ဘာသာတရားဟု သီးခြားဖော်ပြမထားသော အမေရိကန်၏ အခြေခံဥပဒေ ပထမပြင်ဆင်ချက် (First Amendment) ၏ အစဉ်အလာကို နက်ရှိုင်းစွာ ကိုင်စွဲထားသောအမြင်များဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များနှင့် အလားတူခရစ်ယာန်မဟုတ်သူများအတွက်ပါ ဘာသာရေးလွတ်လပ်ခွင့်အတွက် ရှေ့နေလိုက်ခြင်းကို သူတို့အလုပ်အဖြစ်ယူဆထားသည်။ ရိုဟင်ဂျာများမှာ မူစလင်များဖြစ်နေသော်သည့်အချက်မှာ ၎င်းတို့အတွက် အရေးမကြီးပေ။

“သူ့ရဲ့ လူ့အခွင့်အရေးမူဝါဒရဲ့ မျက်နှာစာအဖြစ် အစိုးရကဘာသာရေးလွတ်လပ်ခွင့်ကို အသုံးပြုနေပါတယ်” ဟု ဝါရှင်တန်တိုင်းမ်သတင်းစာ၏ နိုင်ငံခြားရေးဌာန ၊ပင်တာဂွန်နှင့် ထောက်လှမ်းရေးအသိုက်အဝန်း သတင်းများကို ကြီးကြပ်နေသူ ဂျာနယ်လစ်မစ္စတာဂိုင်တေလာက ပြောသည်။

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန်အဖြစ် ထရမ့်ကခန့်အပ်ထားသော မစ္စတာဆမ် ဘရောင်းဘက်နှင့်အတူ ပန့်နှင့် ပွန်ပီယိုတို့သည် “ဘာသာရေးလွတ်လပ်ခွင့် တိုးမြှင့်ဆောင်ရွက်ရေး ဝန်ကြီးအဆင့် အစည်းအဝေး ” ကိုဝါရှင်တန်တွင် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည်။  “ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ကောင်းမွန်ရေးကို ဆောင်ရွက်ထားသော” နိုင်ငံ ၈၀ ကျော်မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။ မြန်မာနိုင်ငံကို ဖိတ်ကြားခြင်းမရှိခဲ့သော်လည်း အလေးပေးဆွေးနွေးသောအကြောင်းအရာမှာ အများအားဖြင့် ရခိုင်ပြည်နယ်တွင် “လူမျိုးစုရှင်းလင်းရေး” အကြောင်းဖြစ်သည်။

သို့သော်လည်း အိမ်ဖြူတော်က မြန်မာနိုင်ငံအား သုံးသပ်ရာတွင် ဘာသာရေးလွတ်လပ်ခွင့်က တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးအတွက် သမ္မတကိုအကြံပေးသည့်အဖွဲ့ဖြစ်သော အမျိုးသားလုံခြုံရေးကောင်စီတွင် တရုတ်ကိစ္စကိုသာ တွင်တွင်ပြောကြားလျက်ရှိသည်။ ကောင်စီအဖွဲ့ဝင်များ၏ အမြင်အရ မြန်မာနိုင်ငံသည် ဒီမိုကရေစီရေးအတွက် ရုန်းကန်နေရပြီး အထူးဂရုပြု၍မဆက်ဆံပါက တရုတ်နိုင်ငံဘက်သို့ တွန်းပို့သကဲ့သို့ဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်အများစုက Frontier ကိုပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာအကြီးတန်းညွှန်ကြားရေးမှူးမစ္စတာ မတ် ပေါ့ တင်းဂါး မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် ဤအချက်ကိုရောင်ပြန်ဟပ်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စအနေဖြင့် မြန်မာနိုင်ငံကို ထောက်ပံံ့ရန်နှင့် အမေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားနိုင်အောင် အားပေးသွားမည်ဖြစ်ကြောင်း ဂျာနယ်လစ်များနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ရေရှည်မှာတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခြင်းနဲ့ ယုံကြည်မှုတိုးတက်ခြင်းက စီးပွားရေးတိုးတက်မှုကို ဦးတည်ပြီး နောက်ဆုံးမှာ ခွဲခြားဆက်ဆံမှု လျော့ပါးရေးနဲ့  မြန်မာနိုင်ငံအတွင်းရှိ ကွဲပြားခြာနားလျက်ရှိတဲ့ အုပ်စုများကို ထိခိုက်နေတဲ့ နာကျင်ခံစားမှုတွေအပေါ် အကောင်ဆုံး အကျိုးသက်ရောက်မှုရှိစေလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအစိုးရအား စာနာစိတ်ဖြစ်ပေါ်စေသော အခြားကိစ္စရပ်တစ်ခုမှာ အပြည် ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) ဖြစ်သည်။

မြန်မာနိုင်ငံသည် ICC ကို အထောက်အကူပြုသည့် ရောမစာချုပ်ကိုလက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ပြေးမှုနှင့်ပတ်သက်၍ တရားစီရင်ခွင့်ရှိကြောင်း တရားရုံးက စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း ထိုစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ သို့သော် အာဖဂန်နစ္စတန် နိုင်ငံတွင် အမေရိကန်စစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုများနှင့်ပတ်သက်သော စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ICC ရှေ့နေများက ပန်ကြားခဲ့သည်။

ICC ၏ တောင်းဆိုချက်ကို မနှစ်မြို့သည့်အချက်ကို အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲဖြစ်သူ အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဂျွန် ဘောလတန်က ဖုံးကွယ်ထားခြင်းမပြုခဲ့ပေ။ တရားရုံးသည် အမေရိကန်ပြည်ထောင်စု၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးထိပါးကြောင်း မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချပြီး လေးရက်အကြာ စက်တင်ဘာ ၁၀ ရက်နေ့တွင် ၎င်း၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြခဲ့သည်။ “အမေရိကန်ပြည်ထောင်စု” နေရာတွင် “မြန်မာနိုင်ငံ” ကိုအစားထိုးထားသည့် သူ၏မှတ်ချက်များက နေပြည်တော်မှ ရောက်လာသကဲ့သို့ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သတ်ဖြတ်မှုစွပ်စွဲချက်များနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက၏  “လူမျိုးတုံးသတ်ဖြတ်မှု”၊ သို့မဟုတ်  “လူသားများအပေါ် ကျူးလွန်သောရာဇဝတ်မှု” အဖြစ် မဆုံးဖြတ်ခြင်းမှာ ICC အပေါ် ဘော်လတန်၏အမြင်ကလည်း အကြောင်းရင်းတစ်ရပ်အဖြစ်ပါဝင်ဟန်ရှိကြောင်း ဝါရှင်တန်ပို့စ်သတင်းတွင် နိုဝင်ဘာ ၁၅ ရက်နေ့က ဖော်ပြခဲ့သည်။

နောက်ဆုံးတွင်မူ ယခုနှစ်ရာထူးမှအနားယူသွားသည့် အမေရိကန်နိုင်ငံဆိုင်ရာ၊ ကုလသမဂ္ဂသံတမန် မစ္စက်နီကီဟာလေးက ဦးစီးဦးဆောင်ပြုသောလူ့အခွင့်အရေးအစီအစဉ်ကို တွန်းအားပေးနေသောတူညီမှု များရှိနေသည်။ အခြားထင်ရှားသူတစ်ဦးမှာ ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် မစ္စကယ်လီကူးရီဖြစ်သည်။ ကူးရီသည် Burma Transition Initiative ကိုစတင်တည်ထောင်ခဲ့သော Project 2049 Institute တွင် တွဲဖက်လုပ်ကိုင်နေသည့် မြန်မာနှင့် အာရှရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

စင်ပြိုင်တည်ရှိနေသောအစီအစဉ်များနှင့် မြန်မာနှင့်ပတ်သက်၍ ညွှန်ကြားချက်ကင်းမဲ့မှုက အိမ်ဖြူတော်အတွင်း၌ “မူဝါဒရေးရာဖော်ဆောင်ရာတွင် ကသောင်းကနင်းဖြစ်မှု” ရှိကြောင်းကို ကျယ်ပြန့်စွာ မီးမောင်းထိုး ပြလျက်ရှိကြောင်း ဝါရှင်တန်တွင်  အခြေစိုက်နေထိုင်သူ မြန်မာရေးရာဆန်းစစ်ရေးမှူး မစ္စတာ ဟန့်တား မာစတန်က ပြောသည်။

“ဒါက မဟာဗျူဟာကြီးတစ်ခုလုံးကို ရှေ့နောက်ညီညွတ်စွာတွေ့မြင်နေရတဲ့ ကွန်ဂရက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရှင်အဖွဲ့တွေမှာ ကျွန်တော်တွေ့ရတဲ့ နိုင်ငံခြားရေးမူဝါဒမျိုးတွေနဲ့ ဆန့်ကျင် ကွဲလွဲနေပါတယ်။ ဒါပေမဲ့ ဒါက အိမ်ဖြူတော်ကလာတာ မဟုတ်ပါဘူး” ဟု၎င်းကပြောသည်။

တောင်ကုန်းပေါ်က အောက်လွှတ်တော်

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံသည် ထရမ့်အစိုးရအတွက် အစီစဉ်တွင် ပါဝင်နိုင်လောက်သည်ထိ မရှိခဲ့ပေ။ အများဆုံး ပါဝင်ပတ်သက်နေသူများမှာ အမေရိကန်ပြည်ထောင်စုအောက်လွှတ်တော်နှင့် အထက်လွှတ်တော်၊ အများအားဖြင့် ကက်ပီတိုဟေးဟုခေါ်ကြသည့် ကွန်ဂရက်မှ ဥပဒေပြုအမတ်များ ဖြစ်သည်။

ဤအချက်က မြန်မာနိုင်ငံမူဝါဒကို အိမ်ဖြူတော်က ဦးစီးဆောင်ရွက်သော သမ္မတအိုဘားမားခေတ် လွန်ခဲ့သော ရှစ်နှစ်က အခြေအနေနှင့် ကွဲပြားခြားမှုဖြစ်စေခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရက ၂၀၀၉ ခုနှစ်တွင် စတင်ပေးလိုက်သော ကနဦးဆောင်ရွက်မှုကြောင့် အိုဘားမားအစိုးရသည် ပိုမိုကျယ်ပြန့်သော“ အာရှ၏ချိန်ခွင်လျှာဒေသ” အတွင်း ဦးစားပေးနိုင်ငံခြားရေးမူဝါဒအဖြစ် ဆောင်ရွက်ပေးကာ အသွင်ကူးပြောင်းရေးလုပ်ငန်းကို ကနဦးပိုင်းကာလကတည်းက အားပေးထောက်ပံ့ရန် နည်းလမ်းကိုရှာဖွေခဲ့သည်။

အိုဘားမားလက်ထက်မှာ “လုပ်ငန်ဆောင်ရွက်မှုအရှိန်အဟုန်နဲ့ ကတိကဝတ်တွေက ဘွတ်ရှ်အစိုးရလက်ထက်က ရှိခဲ့တဲ့ ကွန်ဂရက်ကနေ အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဌာနကို ပြောင်းရွှေ့သွားပါတယ်။ အခုအခြေအနေမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒက အိုဘားမားမတိုင်မီက အခြေအနေအတိုင်း ဒုံရင်းကို ပြန်ရောက်သွားတယ် လို့ ကျွန်တော်ထင်ပါတယ်” ဟု မာစတန်ကပြောသည်။

မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရေးအတွက် ဥပဒေပြုအမတ်များက အပြင်းအထန် တွန်းအားပေးလျက်ရှိသည်။ ဤအစီအစဉ်များကို အဟန့်အတားပြုလျက် ရပ်တည်ကာကွယ်ပေးနေသူတစ်ဦးမှာ အထက်လွှတ်တော် လူများစုခေါင်းဆောင်မစ္စတာ မစ်ချ် မက်ကော်နဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ကာလရှည်ကြာစွာ ထောက်ခံအားပေးခဲ့သူ ကင်တပ်ကီပြည်နယ်မှ ရီပတ်ပလီကန်တစ်ဦးဖြစ်သည်။

ယခုနှစ်စောစောပိုင်းက ဖယ်ရှားပေးရန ်မက်ကော်နဲ၏ငြင်းဆိုခဲ့ခြင်းက အမျိုးသားကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေ(National Defense Authorization Act)အရ မြန်မာနိုင်ငံအား ပစ်မှတ်ထားသောပြဌာန်းချက်များအား ကွန်ဂရက်က ဖယ်ရှားပေးရန်ရမည့်သဘောဖြစ်နေသည့်အတွက် အခြားဥပဒေပြုကိုယ်စားလှယ်များ၏ ဒေါသထွက်ခြင်းကို ခံခဲ့ရသည်။

“အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၌ စစ်မှန်သောဒီမိုကရေစီရရှိရန် အကောင်းဆုံးမျှော်လင့်ချက်” အဖြစ် ထားရှိသော ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် နိုင်ငံတကာက“ အပြစ်ပုံချ” ရာတွင် ပါဝင်ခြင်းမှာ ကွန်ဂရက်အတွက်ကောင်းသော မူဝါဒမဟုတ်ကြောင်း အောက်တိုဘာလတွင် မစ္စတာကော်နဲက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကွန်ဂရက်သည် “တစ်ဦးချင်းအလိုက် ချမှတ်ခဲ့ပြီးဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများမှလွဲ၍” “အားပေးကူညီ်” သည့် အခန်းကဏ္ဍတွင် ပါဝင်နိုင်မည်ဟု မထင်ကြောင်းနှင့် ဤကိစ္စကို နိုင်ငံခြား ရေးဝန်ကြီးထံ လွှဲထားပါက ပိုကောင်းကြောင်း ၎င်းက အကြံပြုထားသည်။

အမေရိကန်သက်တမ်းဝက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်များကေ အာက်လွှတ်တော်ကို ထိန်းချုပ်နိုင်သည့် ရလဒ်အဖြစ် ကွန်ဂရက်မှဖိအားပေးခြင်းသည် တိုးတက်လာရုံမျှသာဖြစ်သော်လည်း မက်ကော်နဲအပေါ်တွင် များစွာအကျိုးသက် ရောက်နိုင်မည်ဟု မဆိုနိုင်ပေ။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကွန်ဂရက်သည် အစဉ်အလာအားဖြင့်အဘယ့်ကြောင့် ဦးဆောင်မှုပေးနိုင်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဥပဒေပြုအမတ်များက  ဆယ်စုနှစ်ပေါင်းများစွာ အကြိုက်တွေ့ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်အုပ်ချုပ်မှုပြောင်းလဲရေးသည် အမေရိကန်ရှိ ပါတီနှစ်ရပ်လုံး၏ အရေးကိစ္စဖြစ်ခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကွန်ဂရက်၏အခန်းကဏ္ဍသည် အမေရိကန်နိုင်ငံရေးစနစ်အတွင်း ပုံဖော်ထားသော စိတ်ကူးယဉ်ဝါဒကို ရောင်ပြန်ဟပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးမစ္စတာရှောင်တန်နဲလ်က ပြောသည်။

၎င်းသည် သြစတြေးလျနိုင်ငံ မက်ကွားရီတက္ကသိုလ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများအား ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆောင်ရွက်နေစဉ်ကာလအတွင်း မြန်မာနိုင်ငံအကြောင်းကို ကွန်ဂရက်လွှတ်တော်အမတ်များအား ရှင်းပြရန် အမေရိကန်ပြည်ထောင်စုသို့ လစဉ်နီးပါးသွားရောက်ခဲ့သည်။

အမေရိကန်လွှတ်တော်အမတ်များအား စိတ်ဝင်စားအောင်ဆောင်ရွက်ရသည်မှာ “ တကယ်လွယ်ကူကြောင်း” နှင့် မြန်မာနိုင်ငံအကြောင်း ပြောပြရခက်ခဲသော သြစတြေးလျနိုင်ငံမှ“ပိုမိုလက်တွေ့ဆန်သော” သဘောထားနှင့် ဆန့်ကျင်ဖက်ဖြစ်ကြောင်း ၎င်းကပြောသည်။

“အမေရိကန်နိုင်ငံရေးသမားတွေက စိတ်ကူးယဉ်ဆန်ပါတယ်။ သူတို့က အမေရိကန်ဆိုတာ လူသားတွေကို ကယ်တင်တဲ့နေတဲ့နေရာနဲ့ မှန်ကန်မှုအတွက် စံနမူနာဖြစ်တဲ့နေရာ ‘City on the Hill’ လို့ တကယ်ယုံကြည် နေကြတာပါ။ မြန်မာနိုင်ငံကိစ္စတွေ ပြီးစီးအောင်ဆောင်ရွက်နိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်းက အမေရိကန်ကတစ်ဆင့် သွားရမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ကစားပွဲက ဝါရှင်တန်ပါပဲ” ဟု၎င်းကပြောသည်။

တကယ်တွင်လည်း ထိုအတိုင်း ရှိနေဆဲဖြစ်သည်။ ၎င်းက ဝါရှင်တန်သို့ပုံမှန်သွားနေဆဲဖြစ်သော်လည်း ယခုအခါတွင်မူ  ဒဏ်ခံပိတ်ဆို့မှုကို ခုခံငြင်းခုံနေသည်။

မြန်မာနိုင်ငံတွင် အမေရိကန်အတွက် အခြားအကျိုးစီးပွား တိတိပပမရှိသဖြင့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒတွင် စိတ်ကူးယဉ်ဝါဒသာလွှမ်းမိုးနေကြောင်း ဂျော့တောင်းတက္ကသိုလ်မှ အာရှလေ့လာရေးဂုဏ်ထူးဆောင်ပါမောက္ခဟောင်း မစ္စတာ ဒေးဗစ် စတိန်းဘတ်ကပြောသည်။

“စိတ်ကူးယဉ်ဝါဒရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ဆက်လက်ထားရှိရပါမယ်။ ဒါကြောင့် မြောက်ကိုရီးယား အပေါ်ထားရှိတဲ့ အရေးယူပိတ်ဆို့မှုထက် ပိုမိုပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုကို ကျွန်တော်တို့ ကျင့်သုံးမိလျက်သား ဖြစ်နေပါတယ်။ ဒါကရူးသွပ်မှုပါပဲ” ဟု ၎င်းကပြောသည်။

ကျွန်ုပ်တို့သည်…

သို့သော်လည်း လုပ်ငန်းစဉ်တွင် အခြားသောအင်အားစုများလည်း ပါဝင်နေသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံရေးစနစ်ကို ရေးဆွဲချမှတ်ရာတွင် နိုင်ငံအဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား အပြန်အလှန်တုံ့ပြန်မှု ခိုင်မာအောင် ရေးဆွဲချမှတ်ထားခြင်းဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း Capital Communications Group ဥက္ကဋ္ဌ မစ္စတာ အက်ကရမ် အီးလီယတ်ကပြောသည်။

“အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြတဲ့သူတွေက အစိုးရကို ပြဿနာဖြေရှင်းရေးနည်းလမ်းအဖြစ် ဘယ်တုံးကမှ မယူဆခဲ့ကြပါဘူး။ ဖြေရှင်းမှုတွေက ပြည်သူတွေဆီကလာဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝါဒအား အမှန်တကယ် စိတ်ဝင်စားသော ပြည်သူလူထု နည်းပါးလွန်းသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံခြားရေးမူဝါဒမှာ အခြားသောနယ်ပယ်ရှိ မူဝါဒများမှ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း အီး လီယတ်ကပြောသည်။ အနှစ်သာရအားဖြင့် ၎င်းတို့၏ တာဝန်များကို ဥပဒေပြုသူများ၊ လော်ဘီများ၊ ပြည်ထောင်စုအစိုးရ၊ ပညာရှင်အတိုင်ပင်ခံများနှင့် မီဒီယာများစသည့်အထက်ပိုင်းသို့ လွှဲပြောင်းပေးကြသည်။

နိုင်ငံခြားရေးမူဝါဒတွင် ပညာရှင်အတိုင်ပင်ခံများ၊ လူ့အခွင့်အရေးအုပ်စုများနှင့် စီးပွားရေးလောဘီများသည် အထူးသဖြင့် သြဇာအာဏာရှိကြသည်။ ပညာရှင်အတိုင်ပင်ခံအဖွဲ့များသည် အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးနှင့် ဆက်နွယ်မှုရှိနေသည်။ ထရမ့်သည် ရှေးရိုးအယူအဆရှိသော Heritage Foundation နှင့်နီးစပ်သူဟု ယူဆကြသည်။ သို့သော်လည်း Heritage Foundation သည် ပြည်တွင်းရေကိစ္စကိုသာ ပိုမိုအလေးပေးသည့်အတွက်  နိုင်ငံခြားရေးမူဝါဒတွင် ပညာရှင်အတိုင်ပင်ခံတို့၏ သြဇာမှာ အိုဘားမားခေတ်လောက်ကြီးမားခြင်းမရှိပေ။ ဂယက်ရိုက်ခတ်မှုနှင့် သြဇာသက်ရောက်မှုကို တိုင်းတာရန်ခက်ခဲသော်လည်း အိမ်ဖြူတော်ဝန်ထမ်းအတွက် လူသစ်စုဆောင်းရသောနယ်မြေတစ်ခုအဖြစ် မကြာခဏအသုံးပြုနေသည်။

ဤပြဿနာကို ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များနှင့် အိမ်ဖြူတော်က စိတ်ဝင်စားလာအောင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ရခိုင်သတင်းများက ဖိအားပေးလာသည့်အတွက် မကြာသေးမီနှစ်များအတွင်း မီဒီယာများမှာလည်း အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်လာသည်။

ရခိုင်နှင့် ရိုဟင်ဂျာအကြောင်းကို “သာမန်ပြည်သူများ”သိရှိအောင်ဖန်တီးရန် တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်ရှိလာသည်။ နိုင်ငံခြားရေးမူဝါဒအတွက် အတော်လေးထူးဆန်းနေသော်လည်း စစ်အုပ်ချုပ်ရေးလက်အောက်မှ မြန်မာနိုင်ငံနှင့် အလားသဏ္ဍာန်တူနေသည်။

“ဒေါ်အောင်ဆန်းစုကြည်အကြောင်းသိပေမယ့် မြန်မာနိုင်ငံရဲ့အမည်ကိုမသိတဲ့ တက္ကစီယာဉ်မောင်းတွေ ဝါရှင်တန်မှာ ကျွန်တော် တွေ့ဖူးပါတယ်။ အခုတော့ဘယ်နေရာသွားသွား ရခိုင်အကြောင်းပဲ အမေးခံနေရတယ်” ဟုစတိန်းဘတ်က ပြောသည်။

“ဒီအချိန်က အမေရိကန်အတွက် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို အဓိပ္ပါယ်ဖွင့်ဆိုရမယ့် အချိန်ဖြစ်ပါတယ်။ ပြဿနာရဲ့အနက်အဓိပ္ပါယ်ကို မဖော်ထုတ်ခင်စဉ်းစားရမှာက ဒေါ်အောင်ဆန်းစုကြည်ပါ။ သူ့ကိုကျွန်တော် တို့ မြှောက်စားခဲ့တယ်။ နင်းချေခဲ့တယ်” ဟု ၎င်းကပြောသည်။

အရှေ့-အနောက်စင်တာ၏ အကြီးတန်းဂျာနယ်လစ် နှီးနှောဖလှယ်ပွဲအစီအစဉ်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ မကြာသေးမီက ရောက်ရှိစဉ်ကာလအတွင်း   မြန်မာနိုင်ငံနှင့် အဆက်အစပ်မရှိသူများက  “ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု” ကိစ္စကို အသားလွတ်လှုံ့ဆော်ပြောဆိုနေသည်ကို ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ရသည်။

နိုင်ငံအတွင်း၌ လူမျိုးရေးအရနှင့် ဘာသာရေးအရ အမျိုးမျိုးကွဲပြားနေသော မြို့တစ်မြို့ဖြစ်သည့် ဒက်ထရွိုက်တွင် “အပြာရောင်မူစလင်လှိုင်း”ဟုခေါ်သော အဖွဲ့၏အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည့် လူ ငယ်မူဆလင် နိုင်ငံရေးသမားနှစ်ဦးနှင့် ကျွန်တော်တွေ့ခဲ့သည်။ ယခုနှစ်အတွင်း နိုင်ငံရေးလောကသို့  ဝင်လာသော မူဆလင်အမေရိကန် ၉၀ ရာခိုင်နှုန်းကျော်မှာ ထရမ့်အရွေးခံခဲ့ရသည်ကို တစ်စိတ်တစ် ပိုင်းအားဖြင့် တုံ့ပြန်သည့်အနေဖြင့် ပါဝင်လာခြင်းဖြစ်သည်။

မစ္စတာအေဗရာဟမ် အီးယတ်က ရိုဟင်ဂျာများအတွက် ရပ်တည်ပေးခြင်းမှာ တရားမျှတမှုအတွက် ဖြစ်သည်ဟု ပြောကြားသည်။ ဓာတ်ပုံ-သောမတ်စ်ကင်န်း

မစ္စတာအေဗရာဟမ် အီးယတ်က ရိုဟင်ဂျာများအတွက် ရပ်တည်ပေးခြင်းမှာ တရားမျှတမှုအတွက် ဖြစ်သည်ဟု ပြောကြားသည်။ ဓာတ်ပုံ-သောမတ်စ်ကင်န်း

ယီမင်မှ ပြောင်းရွှေ့လာသူတစ်ဦး၏သားဖြစ်သူ မစ္စတာအေဗရာဟမ် အီးယတ်သည် သြဂုတ်လအတွင်းက မစ်ချီဂန်ပြည်နယ် အထက်လွှတ်တော်အမတ်နေရာအတွက် ဒီမိုကရက်တစ်အခြေခံ မဲဆန္ဒနယ်တွင် ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့သည်။ သူက ရိုဟင်ဂျာများကိုထောက်ခံသော ဆန္ဒထုတ်ဖော်ပွဲများနှင့် ချီတက်ပွဲများအတွက် စည်းရုံးရာတွင် အကူအညီပေးခဲ့သူဖြစ်သည်။ မကြာမီက ပြုလုပ်ခဲ့သောဆန္ဒထုတ်ဖော်ပွဲကို ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်နှစ်ဦး၊ ပြည်နယ် အထက်လွှတ်တော်အမတ်တစ်ဦး၊ ပြည်နယ်အောက်လွှတ်တော် အမတ်တစ်ဦး၊ မြို့တော်ဝန်နှင့် မြို့တော်ကောင်စီတစ်ဦးတို့ တက်ရောက်ခဲ့သည်။

“ဒါကလူတွေဂရုစိုက်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူတို့က မူစလင်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒါကမျိုးတုံး သတ်ဖြတ်မှုဆိုတာ ရှင်းနေတာပဲ” ဟု အီယတ်ကပြောသည်။

၂၀၁၆ ခုနှစ်မှစတင်၍ မစ်ချီဂန်အောက်လွှတ်တော်တွင် ပါဝင်ခဲ့သူ ဒီမိုကရက်တစ်အမတ် မစ္စတာအဗ္ဗဒူလာ ဟမ်မွတ်က “မြန်မာနိုင်ငံတွင် ဘင်္ဂလီ(ရိုဟင်ဂျာ)တို့အား အကြမ်းဖက်နေမှုကိုရှုံ့ချရန်နှင့် ၎င်းတို့အား အမြဲလုံခြုံမှုပေးနိုင်ပြီး ၎င်းတို့၏လူ့အခွင့်အရေးများကို အကာအကွယ်ပေးရန် မူဝါဒများချမှတ်ရေး” အဆိုကို ပြီးခဲ့သည့်အောက်တိုဘာက တင်သွင်းခဲ့သည်။

မည်သည့်နေရာတွင်ဖြစ်ပွားနေသည်ဖြစ်စေ ဤသည်မှာ တရားမျှတမှုအတွက် ရပ်တည်ပေးခြင်းသက်သက်မျှ သာဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော့ခရိုင်ထဲမှာနေထိုင်တဲ့ ရိုဟင်ဂျာအဖွဲ့အစည်းကဖြစ်ဖွယ်ရှိသူ တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်မသိပါဘူး။  ဒါပေမယ့် ဒါက ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်ပြီး လူတွေက ထုတ်ဖော်ပြောကြားဖို့လိုအပ်တဲ့ယုတ်မာရက်စက်မှုတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အားလုံးကို အစစ်အမှန်အဖြစ်ထိန်းသိမ်းခြင်း

မြင့်မားသောစိတ်ဓာတ်များထဲတွင် အရာရာကိုခြေခြေမြစ်မြစ် အစစ်အမှန်အတိုင်းဖြစ်အောင် ကြိုးစားဆောင် ရွက်ရမည်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနဖြစ်သည်။ ဌာန၏ တရားဝင်ထမ်းဆောင်ရမည့်တာဝန်မှာ အိမ်ဖြူတော်၏ မူဝါဒကို အကောင်အထည်ဖော်ရန်ဖြစ်သော်လည်း နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနမှ ဗြူရိုကရက်အရာရှိကြီးများ၏ သြဇာက ထူးထူးခြားခြားသက်ရောက်မှုရှိနေသည်။

ထရမ့်က ပထမဆုံးခန့်အပ်ခဲ့သော နိုင်ငံခြားရေးဝန်ကြီး မစ္စတာရက်ခ်တီလာဆန်လက်ထက်တွင် “အပျက်အစီး” များပြားခဲ့ပြီး သံအမတ်နေရာအများအပြားအား ခန့်အပ်နိုင်ခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းတွင် လစ်ဟာမှုများ ရှိခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအတွက်မူ ဆက်လက်ဆောင်ရွက်မှုများ ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် မစ္စတာစကော့မာရှယ် (၎င်း၏ သံအမတ်သက်တမ်းမှာ ယခုနှစ်ဆန်းပိုင်းတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုအချိန်ထိ အစားထိုးမည့်သူကို အဆိုပြုထာခြင်း မရှိသေး) ကို သံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံနှင့် ဆက်နွယ်ပတ်သက်နေသော အဆင့်မြင့်အရာရှိကြီးများအများအပြားရှိခဲ့သည်။ ယင်တို့အနက် ထင်ရှားသူများတစ်ဦးမှာ အရှေ့အာရှနှင့် ပစိဖိတ်ရေး ရာဗြူရိုမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး(principal deputy assistant secretary of state) မစ္စတာ ပက်ထရစ် မာဖီဖြစ်သည်။

မြန်မာနိုင်ငံအရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စေ့စပ်ညှိနှိုင်းမှုကို လိုလားပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ၊ သို့မဟုတ် ဒေါသဖြစ်မှုနှင့် “တစ်စုံတစ်ခုပြုလုပ်ရန်”၊ သို့မဟုတ်  “ သတင်းစကားပါးရန်” ဆောင်ရွက်လိုသော ဆန္ဒကြောင့် ဖြစ်ပေါ်လာသော အခြားအစီအမံများ၏ ထိရောက်မှုကို သံသယဝင်နေသောအဖွဲ့အစည်းအဖြစ် ရှုမြင်ထားသည်။ ဤကဲ့သို့သော အစီအမံများကြောင့် အမေရိကန်ပြည်ထောင်စု၏ ယုံကြည်မှုစိတ်ဓာတ်ကိုမြင့်မားစေသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အချို့သူများ၏အမြင်တွင် မြန်မာနိုင်ငံအား အထောက်အကူပြုနိုင်မည့် လက္ခဏာမတွေ့ရဘဲ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို ဆိုးရွားစွာပျက်စီးစေနိုင်သည်။

ဥပမာအားဖြင့် ရခိုင်ပြည်နယ်၌ စစ်ရေးအရနယ်မြေရှင်းလင်းမှုများ ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကနဦးတွင်လေသံပျော့ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအား အချိန်ပိုပေးလိုခြင်း နှင့် တုံ့ပြန်မှုအတွက် ကိုယ်တိုင်အချိန်ယူရန်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က အောက်လွှတ်တော် နိုင်ခြားရေးရာကော်မတီရှေ့မှောက်၌ အစစ်ဆေးခံချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာမှ မာဖီက ရခိုင်အရေးနှင့်ပတ်သက်၍ “လူမျိုးစုရှင်းလင်းမှု” ဟူသော အသုံးအနှုန်း သုံးနှုန်းရန်ဖင့်လေးနေမှုနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ၎င်းကို အတင်းအကျပ်စစ်ဆေးခဲ့သည်။ “ယခုအချိန်တွင်အရေးအကြီးဆုံးမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး” ဖြစ်ကြောင်း မာဖီကပြောကြားပြီးနောက် သူ့စကားကို မစ္စတာ ဂယ်ရီ ကွန်နိုလီ( ဗာဂျီနီယား၊ဒီမိုကရက်)က လျှင်မြန်စွာ ကြားဖြတ်ပြောကြားခဲ့သည်။

“အဲဒါကို ကျွန်တော်သိတယ်မာဖီ။ ဒါပေမယ့် ကျွန်တော်က အင်္ဂလိပ်စာပေအဓိက၊ စကားလုံးရဲ့ အဓိပ္ပါယ်က သူ့ဟာနဲ့သူ ရှိပြီးသား။ ဘာကြောင့်တွန့်ဆုတ်နေရတယ်ဆိုတာကို အခုအချိန်အထိ ခင်ဗျားက မဖြေသေးဘူး၊ ခင်ဗျားကို ကျွန်တော်မေးတာက  ဘာ့ကြောင့်လဲဆိုတာပဲ” ဟု လွှတ်တော်အမတ်က ပြောကြားခဲ့သည်။

ရခိုင်ကိစ္စကို တုံ့ပြန်ရာတွင် တချို့အစိတ်အပိုင်းများ၌ “အချိန်ဆွဲတုံ့ဆိုင်းမှုများ” ရှိနေကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ဝန်ခံပြောကြားသည်။

“ကျွန်တော်တို့ဆောင်ရွက်ခဲ့တာတွေ အလုပ်ဖြစ်ခဲ့ရဲ့လာမေးတော့ သူတို့က အိုကေတယ်လို့ပြောတာပဲ။ ကျွန်တော်တို့မှာ ရလဒ်မရှိပါဘူး၊ တခြားနည်လမ်းပြောင်းပြီး ချဉ်းကပ်ဆောင်ရွက်ရေးကလည်း ထိုနည်း လည်းကောင်းပါဘဲ” ဟု ၎င်းကပြောသည်။

သို့သော်လည်း ပိုမိုပြင်းထန်သောအစီအမံများ ချမှတ်ရန်စဉ်းစားနေသူများနှင့် ပတ်သက်ပြီး ၎င်းက “ကျွန်တော်တို့ တုံ့ပြန်မှုက မေးခွန်းတွေမေးဖို့ပါပဲ။ မြန်မာနိုင်ငံကို တကယ်တန်းကူညီပေးမှာကဘာလဲ။ ဒီလိုထူးထူးခြားခြားအစီအမံက ဘယ်လောက် ထိရောက်မလဲ။ ဒါကတိုးတက်မှုဆီကို ဦးတည်မှာလားဆိုတာပါ” ဟု ၎င်းကပြောသည်။

“အခြေခံအားဖြင့် မြန်မာနိုင်ငံဆိုင်မူဝါဒမှာ ကွဲပြားခြားနားမှုရှိတာက အတော်နည်းပါတယ်။ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေကို သဘောတူပါတယ်။ ရခိုင်ပြဿနာမှာ ဆက်လက်ပါဝင်ဖြေရှင်းဖို့ပါ” ဟု ၎င်းကပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း၌လည်း မြေပြင်အခြေအနေနှင့် ပိုမိုနီးစပ်သောသံရုံး၊ ပိုမိုနယ်ပယ်ကျယ်ပြန့် သောအရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗြူရို၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဝါရှင်တန်ရှိမြန်မာသတင်းခန်း (Burma Desk)အပြင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်အလုပ်သမားရေးရာဗြူရိုစသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အခြားသော ဗြူရိုများအတွင်း သဘောထားကွဲပြားခြားနားမှုများကို မြင့်တွေ့ရသည်။

ဤကိစ္စအတွက် အမိန့်ဒီဂရီကိုဆောင်ရွက်ပြီး ပေါင်းစပ်ညှိနှိုင်းမှုကို ဆောင်ရွက်သူမှာ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗြူရိုအကြီးအကဲ တာဝန်ယူထားသူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး(assistant secretary of state)ဖြစ်သည်။ ဤရာထူးနေရာမှာ လွန်ခဲ့သောနှစ်နှစ်ကတည်းက လစ်လပ်နေသည်။

“နောက်တန်းလွတ်နေသလို ဖြစ်နေတာပါ။ ဒီနေရာက စွမ်းဆောင်ရည်တွေအများကြီးလာတဲ့နေရာဖြစ်ပါတယ်။ အဲဒီသူက နေ့တိုင်းမနက်စောစောထပြီး အာရှအကြောင်း စဉ်းစားရတဲ့သူပါ။ သူတို့ကမူဝါဒချမှတ်သူ မဟုတ်ပေမဲ့ မူဝါဒကိုမောင်းနှင်ပေးတဲ့သူ ဖြစ်ပါတယ်” ဟု CSIS အကြီးတန်းအရာရှိနှင့် မြန်မာနိုင်ငံအကြောင်း နှစ်ရှည်လေ့လာသူ မစ္စတာ မာရေးဟီးဘတ်ကပြောသည်။

အကျိုးဆက်အားဖြင့် အရှေ့တောင်အာရှဒေသအများစုတွင် မူဝါဒဆက်လက်အကောင်အထည်ဖော်မှုကို တွေ့မြင်နေရသည်။ သို့သော်လည်း  ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ ဝါရှင်တန်တွင် အမြင်မကြည်လင်သဖြင့် မြန်မာနိုင်ငံအတွက်မှာမူ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။

ရန်ကုန်ရှိ အမေရိကန်သံရုံးက မြန်မာအစိုးရအား ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းကို ရှာဖွေနေသော်လည်း အရေးမပါသလောက်နီးပါးဖြစ်နေကြောင်း ဟီးဘတ်ကပြောသည်။

“ရခိုင်ကိစ္စကိုလုံးဝဘေးဖယ်ထားရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ဆက်လက်ကူညီနိုင်ဖို့ ရန်ကုန်မှာမျှော်လင့်ချက် အနည်းငယ်ရှိနေဆဲဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရဆီကနေ ဝိုင်းဝန်းကူညီမှု အများအပြား ရနိုင်ဖွယ်တဲ့အတွက် သူတို့အတွက် စိတ်ပျက်စရာဖြစ်ပါလိမ့်မယ်” ဟု ဟီးဘတ်ကပြောသည်။

ဤသတင်းကို အရှေ့-အနောက်စင်တာက အမေရိကန်ပြည်ထောင်စု၊ အာရှနှင့် အရှေ့အလယ်ပိုင်းဒေသမှ ဂျာနယ်လစ်များအတွက် နှစ်ပတ်လည် အစီအစဉ်တစ်ခုအဖြစ် ကျင်းပပေးသည့် အကြီးတန်းဂျာနယ်လစ်များ နှီးနှောဖလှယ်ပွဲ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရေးသားခြင်းဖြစ်သည်။ အဆိုပါစင်တာမှာ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်ပြီး အမေရိကန်ပြည်ထောင်စု ၊ အာရှနှင့် ပစိဖိတ်ဒေသရှိပြည်သူများနှင့် နိုင်ငံများအချင်းချင်း ဆက်ဆံရေးနှင့် နားလည်မှုကို ပိုမိုမြှင့်တင်ပေးသည့် အကျိုးအမြတ်ယူသောအဖွဲ့ အစည်းတစ်ခုဖြစ်သည်။

ဇမ္ဗူစိုးဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar