စိတ်ကူးနဲ့ ဖန်တီးမှုတွေကို ကွန့်မြူးစေခြင်း

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက နှစ်စဉ်ဖွင့်လှစ်နေတဲ့ နွေရာသီအခမဲ့ ပန်းချီသင်တန်းက ကလေးတွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ လုပ်ကိုင်တတ်လာအောင် သင်ကြားပေးနေပါတယ်

သီရိဟန် ရေးသားသည်။

New Zero Art Space ရဲ့ အခန်းလေးထဲကို ဝင်လိုက်တာနဲ့ ဝင်ပေါက်ကနေတဆင့် မြင်နိုင်မှာကတော့ နံရံမှာ ချိတ်ထားတဲ့ ပန်းချီကားလေးတွေ ဖြစ်ပါတယ်။ တစ်ခန်းလုံးရဲ့ နံရံ တောက်လျောက်မှာ ပန်းချီကားပေါင်း ၅၆ ကားကို မြင်တွေ့နိုင်ပါတယ်။ ဒီပန်းချီကားများကတော့ နွေရာသီမှာ သုံးလကြာ သင်ကြားပေးခဲ့တဲ့ မျိုးဆက်သစ် အနုပညာရှင်လောင်းလေးများဖြစ်လာမယ့် ကလေးငယ်တွေအတွက် အနုပညာ မှတ်တိုင်တစ်ခုအဖြစ် ကျင်းပမြဲဖြစ်တဲ့ ပန်းချီပြပွဲမှာ ပြသထားတာ ဖြစ်ပါတယ်။

ပြပွဲနောက်ဆုံးရက်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပန်းချီကားတွေကို လာရောက်ကြည့်ရှုသူ အနည်းငယ်ကို မြင်တွေ့နိုင်ပါသေးတယ်။ ပန်းချီကားတစ်ချပ်စီတိုင်းမှာ အမှီအခိုကင်းမှု၊ လွတ်လပ်မှု၊ အပြစ်ကင်းစင်မှုတို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားသည်ကို မြင်တွေ့နိုင်ပါတယ်။ ပန်းချီပြခန်းရဲ့ အတွင်းဘက်တစ်နေရာမှာတော့ ကြမ်းပြင်ပေါ်ထိုင်ပြီး ပန်းချီဆွဲနေတဲ့ ကလေးတစ်ယောက်ကို တွေ့မြင်လိုက်ရပါတယ်။

သူကတော့ သင်တန်းဆရာတွေ အားရကျေနပ်ခဲ့တဲ့ သင်တန်းသားတစ်ယောက်ဖြစ်တယ်လို့လည်း သိလိုက်ရပါတယ်။ လက်ရှိပြသထားတဲ့ ပန်းချီကားတွေထဲမှာလည်း သူရဲ့ ပန်းချီကားတွေက အရောင်းရဆုံးဖြစ်ပါတယ်။ သူ့နာမည်ကတော့ မင်းသန့်ကျော်ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်ကာ အော်တစ်ဇင် (autism) ကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

“ပြပွဲဖွင့်တဲ့နေမှာပဲ သူ့ပန်းချီကားကို ပန်းချီဆရာတစ်ဦးက ဝယ်သွားတယ်တဲ့” လို့ မင်းသန့်ကျော်ရဲ့ မိခင် ဒေါ်မြနှင်းဆီက ဆိုပါတယ်။ “သူ့ကို လုံးဝ မမျှော်မှန်းထားဘူး။ သူက ဘာပုံဆွဲမှန်း မသိဖြစ်နေတာဆိုတော့ ဒါကို မော်ဒန် ပန်းချီထဲ ဝင်မယ်လို့ အစ်မ မထင်ဘူး။ အရမ်းဝမ်းသာပြီးတော့ မျက်ရည်ကျခဲ့တယ်။ ဒီလိုအားနည်းတဲ့ကလေးမျိုးမှာ သူက စကားပြောတာ နောက်ကျတယ်။ အဲဒီတော့ သူ့ကို ကွန်ပြူတာလောက်ပဲ စိတ်ဝင်စားတယ် ထင်နေတာ။ ပန်းချီမှာ ဒီလောက်မြန်မယ်လို့ မထင်ထားဘူး” လို့ သူကဆက်ပြောပါတယ်။

အော်တစ်ဇင်ကလေးတော်တော်များများက လည်နေတဲ့အရာဝတ္တုတွေကို ကြိုက်ကြပါတယ်။ စကြာတွေ၊ ပန်ကာတွေ၊ စသည်ဖြင့်ပေါ့။ ဘယ်လောက်ပဲ ကလေးက လည်တာကြိုက်ကြိုက် မိဘတွေက ကလေးတွေကို အော်တစ်ဇင်လို့ မသတ်မှတ်ပါနဲ့” လို့ ပညာရေးအကြံပေးတစ်ဦးဖြစ်တဲ့ ဒေါ်မြနှင်းဆီက ဆိုပါတယ်။ မင်းသန့်ကျော်ဟာလည်း အရင်က လည်နေတဲ့ အရာဝတ္တုတွေကို အရမ်းသဘောကျခဲ့ပြီး အခုအချိန်မှာတော့ တည့်တည့်တံ့တံ့နဲ့ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။

“ငွေကြေးတတ်နိုင်တဲ့ မိဘတွေအနေနဲ့ကိုယ့်သားသမီးကို သိန်းချီ အကုန်ခံထားပေမယ့် ဒါသည်ကောင်းမကောင်း အရင်ဆုံး စုံစမ်းကြည့်သင့်တယ်” လို့လည်း ဒေါ်မြနှင်းဆီက ပြောပါတယ်။  “ငွေကြေးဘယ်လောက်ပဲ ချမ်းသာပါစေ၊ ဆင်းရဲပါစေ၊ မိဘတွေမှာ သားသမီးတွေအတွက် ဦးတည်တဲ့ ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ ကိုယ့်သားသမီးကို  အရမ်း ထူးချွန်စေချင်တယ်။ တော်စေချင်တယ်။ ငွေကုန်ပြီး မထိရောက်တဲ့ နေရာတွေလည်း အများကြီးပဲ” လို့ သူက ဆက်ပြောပါတယ်။

သင်တန်းမှာ ပန်းချီရေးဆွဲနေတဲ့ မောင်မင်းသန့်ကျော်။ ဓာတ်ပုံ- မာရို ဗာလီ

သင်တန်းမှာ ပန်းချီရေးဆွဲနေတဲ့ မောင်မင်းသန့်ကျော်။ ဓာတ်ပုံ- မာရို ဗာလီ

၂၀၀၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်နေတဲ့ New Zero ပန်းချီသင်တန်းမှာလည်း ကလေးတွေဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေး သင်ကြားပေးနေတယ်လို့ သိရပါတယ်။

“သင်ကြားပေးတဲ့ ပုံစံတွေဟာလည်း သူတို့ဖြစ်ချင်တဲ့ဆန္ဒကိုသာ ဦးစားပေးတာဖြစ်ပြီး Guide line လေးပဲ ချပေးတယ်။ ဘယ် Medium ဘယ်လိုသုံးရမယ်၊ စုတ်တံဘယ်လိုကိုင်ရမယ် အဲဒီလောက်ပဲ။ ကျန်တာအကုန်ုလုံးက သူတို့စိတ်နဲ့ သူတို့ပဲ” လို့ သင်တန်းရဲ့ လက်ထောက်ဒါရိုက်တာ မဟေမာန်ဦးက ပြောပါတယ်။

ကလေးငယ်တွေအတွက် နွေရာသီ အခမဲ့ပန်းချီသင်တန်းကို  ပုံမှန် နွေရာသီသုံးလဖြစ်တဲ့ မတ်၊ ဧပြီနဲ့ မေလတွေမှာ ရက်သတ္တပတ်တစ်ပတ်ကို သုံးရက်ဖွင့်လှစ်ပါတယ်။

“သင်တန်း စစချင်းဆို လာအပ်ကြတာ အယောက် ၈၀ လောက်ရှိတယ်။ တကယ်သင်တန်းဆင်းတော့ အယောက် ၂၇ ယောက်လောက်ပဲ” မဟေမာန်ဦးကရယ်ပြီး ပြောပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်းက အတွေးအခေါ်များကို ဘောင်တစ်ခုထဲ သွတ်သွင်းထားလေ့ရှိတာတွေကို ဆန့်ကျင်ပြီး ကလေးတွေရဲ့ အတွေးထဲ၊ စိတ်ကူးထဲက ပေါ်လာတဲ့ ဖန်တီးမှုကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။ သူတို့စိတ်ကို သူတို့သိအောင်၊ သူတို့ကိုယ်တိုင် လုပ်ကိုင်နိုင်အောင်၊ သူတို့အရည်အချင်းကို သူတို့ိ ပိုသိလာအောင်၊ ကလေးတွေ ကိုယ်တိုင် ဦးဆောင်လာနိုင်အောင် သင်ကြားပေးတာဖြစ်ပါတယ်။

“ဒီပုံကို ဒီလိုဆွဲရတယ်။ ကကြီးကို ဒီလိုရေးရတယ်ဆိုပြီး သင်ပေးတာမဟုတ်ဘူး။ သူတို့ကိုယ်ပိုင်အရည်အချင်းတွေ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ လုပ်နိင်အောင် သင်ပေးတာပါ” လို့ New Zero Art Space ရဲ့ ပြခန်းတာဝန်ခံ ပန်းချီဆရာ ကိုအောင်က ဆိုပါတယ်။

“ကလေးတွေရဲ့ ပြင်ပ လူမှုပတ်ဝန်းကျင်ဆက်ဆံရေးတွေ တိုးတက်ပြောင်းလဲလာကြပြီး နှစ်နှစ်၊ သုံးနှစ် ဆက်တိုက် တက်လာတဲ့ ကလေးတွေရဲ့ စိတ်နေစိတ်ထားကအစ အားလုံးက သိသိသာသာ ပြောင်းလဲလာ၊ တိုးတက်လာတဲ့ အပိုင်းတွေလည်း ရှိနေပါတယ်။ ဘောင်ကန့်ထားပြီး ဒီလိုလုပ်ရင် ဆူခံရမှာလား။ ဟိုလိုလုပ်ရင် ဆူခံရမှာလားဆိုပြီး စိတ်ပူတာမျိုး မရှိဘူး။ ပုံဆွဲနေရင်းနဲ့ ဆက်မဆွဲနိုင်တော့ဘူးဆိုရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သူတို့ သိလာတယ်။ တခြားကလေးတွေလို ပုံဆွဲရင်း ရပ်လိုက်လို့ ငိုမဲ့ငိုမဲ့ ဖြစ်တာတွေမရှိဘူး” လို့ ကိုအောင်က ဆက်ပြောပါတယ်။

သင်တန်းတက်ခဲ့တဲ့ ကလေးတွေထဲမှာ စိတ်ကူးစိတ်သန်း အရမ်းကောင်းခဲ့တဲ့ ကလေးတွေလည်း ရှိခဲ့ပါတယ်။ တစ်ချို့ ကလေးတွေ လေးနှစ်ဆက်တိုက် လာတက်တတ်ကြပါတယ်။  

“အချို့ကလေးတွေက အသက်ငယ်ပေမဲ့ creation (ဖန်တီးမှု) အရမ်းကောင်းတဲ့ ကလေးတွေရှိတယ်။ အချို့က လူကတော့ကြီးတယ်၊ မလုပ်နိုင်ဘူး။ အသက်ငယ်တဲ့သူလုပ်တဲ့ creation ကိုလည်း ပိုကောင်းလာအောင် ဘေးက ထိန်းပေးတယ်” လို့ မဟေမာန်ဦးက ဆိုပါတယ်။

မောင်မင်းသန့်ကျော်နှင့် မိခင်ဖြစ်သူ ဒေါ်မြနှင်းဆီတို့ ပန်းချီပြပွဲတွင် စကားပြောဆိုနေကြစဉ်။ ဓာတ်ပုံ- မာရို ဗာလီ

မောင်မင်းသန့်ကျော်နှင့် မိခင်ဖြစ်သူ ဒေါ်မြနှင်းဆီတို့ ပန်းချီပြပွဲတွင် စကားပြောဆိုနေကြစဉ်။ ဓာတ်ပုံ- မာရို ဗာလီ

သင်တန်းက နွေရာသီ အခမဲ့သင်တန်းဖြစ်တဲ့အတွက် သင်တန်းဆရာ၊ ဆရာမတွေအနေနဲ့ စိတ်ရှည် သည်းခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာလည်း စဉ်းစားစရာဖြစ်ခဲ့တယ်လို့ ဒေါ်မြနှင်းဆီက ဆိုပါတယ်။

“အခုသင်တန်းဆို အခမဲ့ပြောတယ်။ လူတွေက အထင်သေးတယ်။ တကယ်တမ်း ငွေကြေးပေးပြီး သင်တဲ့ သင်တန်းတွေထက် အများကြီး ထိရောက်တယ်လေ။ ငွေများတိုင်း ကောင်းတယ်လို့ မမှတ်ကြပါနဲ့လို့” လို့ သူက တိုက်တွန်းပါတယ်။

သင်တန်းမှာ ကလေးတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို တစ်ကားကို အမေရိကန်ဒေါ်လာ ၃၀ (ကျပ် ၃၀,၀၀၀) သတ်မှတ်ပြီး ရောင်းချပါတယ်။ ရောင်းရတဲ့ကားတွေကို ဘောင်ဖိုး ကျပ် ၁၀,၀၀၀ ပြန်နှုတ်ပြီး ကျန်သည့် ကျပ် ၂၀,၀၀၀ ကို ကလေးမိဘတွေထံကို ပြန်ပေးပါတယ်။ အကယ်၍ မိဘကိုယ်တိုင်က ပန်းချီကားကို ပြန်ဝယ်ချင်ပါက ဘောင်ဖိုးကျပ် ၁၀,၀၀၀ ပဲယူတယ်လို့ မဟေမာန်ဦးက ပြောပါတယ်။

ကျွန်မတို့ စကားပြောနေတဲ့အချိန်မှာတော့ မင်းသန့်ကျော်က ပန်းချီဆွဲရင်း လှမ်းကြည့်နေတာ တွေ့ရပါတယ်။ ဒါနဲ့ပဲ သူနဲ့ စကားစမြည်ပြောကြည့်ဖို့ ကြိုးစားကြည့်တဲ့အခါမှာလည်း အဆင်ပြေပါတယ်။

သူပြန်ပြောတဲ့ စကားတစ်ခွန်းကတော့ “သားက ကြီးလာရင်ပန်းချီဆရာလုပ်မှာ။”

The New Zero Art Space ကို အမှတ် ၂၀၂၊ အလံပြဘုရားလမ်း၊ ယူနိုက်တက်ကွန်ဒို ဒုတိယထပ်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ နွေရာသီအခမဲ့ သင်တန်းနဲ့ ပတ်သက်ပြီးအသေးစိတ် အချက်အလက်တွေကိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.