စားသုံးသူများအနေဖြင့် အဆင်မပြေမှုများကို တိုင်ကြားနိုင်မည့် စနစ်တစ်ခု မိတ်ဆက်

ရန်ကုန်၊ ဇွန် ၁၅

စားသုံးသူများအနေဖြင့် ၎င်းတို့၏ အဆင်မပြေမှုများကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်မည့် စနစ်တစ်ခုကို မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂက ယမန်နေ့တွင် စတင်မိတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ ဒီလိုလုပ်တယ်ဆိုတာ လူတွေဆီကို စောဒကတက်တတ်တဲ့ အလေ့အထတစ်ခုကို ယူဆောင်လာခြင်းပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။

အဆိုပါ Online Consumer Compliant System မှာ မိုဘိုင်းဖုန်း အပလီကေးရှင်း၊ သို့မဟုတ် ဝက်ဘ်ဆိုက်မှ ဝင်ရောက် တိုင်ကြားနိုင်မည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ မိုဘိုင်းအပလီကေးရှင်းကို ယမန်နေ့က စတင် စတင်အသုံးပြုနိုင်ပြီဖြစ်ကာ ဝက်ဘ်ဆိုက်ကိုမူ လာမည့် ရက်သတ္တပတ်အတွင်း အသုံးပြုနိုင်တော့မည်ဖြစ်သည်။

“Complain မရှိရင် မတိုးတက်ဘူး” ဟု ဦးမောင်မောင်က ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လူတွေက စောဒကတက်လေ့ မရှိကြဘူး။ ဘာကြောင့်လဲဆိုတော့ ခက်ခဲတယ်။ အချိန်တွေကြာတယ်။ ဥပဒေကလည်းပဲ အားနည်းတယ်ဆိုတော့ လူတွေက စောဒကမတက်ကြပဲ အဆုံးသတ်ကြလေ့ရှိတယ်” ဟု ယမန်နေ့က ပြုလုပ်သည့် အဆိုပါစနစ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂက ထည့်သွင်းထားသော စားသုံးသူ ရပိုင်ခွင့်အခွင့်အရေးရှစ်ချက်မှာ အခြေခံလိုအပ်ချက်များ ရပိုင်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲပိုင်ခွင့်၊ သတင်းအချက်အလက်ရပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ အရေးဆိုတင်ပြပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်၊ စားသုံးသူဆိုင်ရာ အသိပညာရပိုင်ခွင့်နှင့် ကျန်းမာမျှတသော ပတ်ဝန်းကျင်ရရှိပိုင်ခွင့်တို့ဖြစ်သည်။

၎င်းအခြေခံအချက်အလက်များသည် ကုလသမဂ္ဂ၏ မူဝါဒများကို အခြေခံထားခြင်းဖြစ်သည်ဟုဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂအနေဖြင့် စားသုံးသူနှင့် ရောင်းဝယ်သူတို့အကြားဖြစ်ပွားသော ပြဿနာများတွင် ပါဝင်ဖြေရှင်းပေးမည်မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။

စားသုံးသူအခွင့်အရေးကိစ္စနှင့် ပတ်သက်ပြီး အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ တစ်ဦးချင်း၊ သို့မဟုတ် စားသုံးသူများ အပါအဝင် စီးပွားရေးသမားများအစရှိသည့် ဘက်ပေါင်းစုံမှ လူများပါဝင်လာရန် လိုအပ်ကြောင်းလည်း ဦးမောင်မောင်က ပြောကြားသည်။

မြန်မာနိုင်ငံ စားသုံးသူများသမဂ္ဂကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ စားသုံးသူအခွင့်အရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

လက်ရှိတွင် စားသုံးသူပညာရေးနှင့် ပတ်သက်ကာ အလယ်တန်းအဆင့် ကျောင်းစာအုပ်တွင် ပါဝင်နိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.